ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ပဋိပက္ခဖြစ်ပွားနေသည့် နေရာများ၌ အရပ်သားများ အပေါ် နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့များမှ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကို စုဆောင်းရာတွင် အခက်အခဲ၊ အတားအဆီးများ ရှိနေသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောသည်။
CHRO အနေဖြင့် မှတ်တမ်းများ ပြုစုရာတွင် အခက်အခဲဆုံးမှာ ပလက်ဝတွင် အင်တာနက် ဖြတ်တောက် ခံထားရ သဖြင့် အချက်အလက်များ ပြင်ပသို့ ထုတ်ရန် ခက်ခဲနေခြင်း ဖြစ်သည်ဟု CHRO ၏ ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းလျန်က ပြောသည်။
ဆလိုင်းလျန်က “ဖျက်ခံလိုက်ရတဲ့ အချက်အလက်တွေထဲမှာ ရွာတွေပေါ် Helicopter Gunship တွေ ပျံနေတာ။ သေနတ်တွေ ပစ်တာ၊ ဗုံးကျဲခံရလို့ မီးလောင်နေတဲ့ ပုံတွေပါ။ ဧပြီလတွင်းက ပလက်ဝဘဏ် မှာ ဗုံးထိတော့ တပ်မတော်ကရော AA ကရော ငြင်းတယ်။ ကျနော်တို့ တတ်နိုင်တာ ဗုံးကျတဲ့ နေရာမှာ အစအနတွေကို ရှာပြီး ဓာတ်ပုံစုဆောင်းခိုင်းတာ ရှိတယ်။ ဒါပေမယ့် ပလက်ဝမြို့ကနေ မထွက်နိုင်ဘူး ဖြစ်နေတာ”ဟု ပြောသည်။
ပလက်ဝမြို့နယ်တွင်း လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်များ စုဆောင်းနေသည့် CHRO သည် ၁၉၉၅ ခုနှစ်က စတင်ဖွဲ့စည်းထားသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်ပြီး အမေရိကန်နှင့် ကနေဒါတွင် တရားဝင် မှတ်ပုံတင် ထားသည်။
ကုလသမဂ္ဂလူမှုစီးပွားရေးကောင်စီ (ECOSOC) က အထူးအကြံပေးအဆင့်အဖြစ် ၂၀၁၈ ခုနှစ်မှ စတင် သတ်မှတ် ခံရသည့် CHRO သည် မြန်မာနိုင်ငံတွင်း ချင်းလူမျိုးများ၏ လူ့အခွင့်အရေးအခြေအနေများကို စောင့်ကြည့် လေ့လာ ခြင်း၊ မှတ်တမ်းပြုလုပ်ခြင်းများ နှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များသို့ ပေးပို့ခြင်းများ ဆောင်ရွက်နေသည်။
ပလက်ဝသည် အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်တခုဖြစ်သဖြင့် ဒေသတွင်း တပ်မတော် နှင့် ရက္ခိုင် စစ်တပ် (AA)တို့၏ တိုက်ပွဲကြား အရပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရသည့် မှတ်တမ်း၊ အချက်အလက် များကို အပြင်သို့ ထုတ်ရန် CHRO ၏ မြေပြင်မှ တာဝန်ခံသည် မိုင် ၁၀၀ ကျော်ဝေးသည့် မတူပီမြို့သို့ လူကိုယ်တိုင် ခရီးသွားပြီး အချက်အလက်များကို လာရောက်ပို့ဆောင်ရသည်။
ဧပြီအတွင်းက CHRO ၏ မြေပြင်တာဝန်ခံတဦးက အချက်အလက်များ စုဆောင်းလာရာ ပလက်ဝမြို့နှင့် မိုင် ၄၀ ကျော်အကွာ ဆမီးမြို့၊ တပ်မတော်စစ်ဆေးရေးဂိတ်စခန်းတခု အရောက်တွင် စစ်ဆေးခံရပြီး အချက်အလက်များ ဖျက်ဆီး ခံလိုက်ရသည်ဟု သိရသည်။
စိန်ခေါ်မှု နောက်တခုမှာ တပ်မတော်မှ အရပ်သားများကို ပေါ်တာခေါ်ခြင်း၊ လမ်းပြ ခေါ်ရာမှ မိုင်းနင်းမိခြင်း၊ ပစ္စည်းများ သယ်ခိုင်းခြင်းများကို ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့ အတွင်း စုဆောင်းပြီး သတင်းထုတ်ပြန်ချက်များ ထုတ်ရာ ချင်းလူထု ဘက်မှ CHRO ကို ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့သည်ဟု ပြောသည်။
ဆလိုင်းလျန်က “တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆိုရှယ်မီဒီယာမှာ တင်တော့ ရွာသားတွေ ကိုယ်တိုင်က ကျနော်တို့ကို ပြောတာ ရှိတယ်။ တပ်မတော်က ကျနော်တို့ကို ကာကွယ် ပေးနေတာ။ ဘာလို့ တပ်မတော်ကို လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ပြောလည်း ဆိုပြီးတော့မှ ဆိုရှယ်မီဒီယာမှာ အသားကုန် ချတာ ရှိခဲ့တယ်”ဟု ပြောသည်။
ဒေသခံများက နှစ်ဖက်တပ်၏ ပဋိပက္ခကြားတွင် နေထိုင်နေရသော်လည်း ၎င်းတို့ ဒေသတွင်း AA ဝင်ရောက်လာမှသာ တိုက်ပွဲများ ဖြစ်ရခြင်းဖြစ်သည်ဟု ယူဆပြီး AA ကိုသာ ဒေသမှ ထွက်သွားရန် နှင့် AAကြောင့် တိုက်ပွဲများ ဖြစ်ရသည် ဟု ပြစ်တင်ပြောဆိုမှုများ ရှိသည်။
ဒေသခံများ၏ ဝေဖန်မှုများ များပြားလာသဖြင့် CHRO အနေဖြင့် သတင်းထုတ်ပြန်ခြင်းများ မပြုလုပ်တော့ဘဲ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများထံသို့သာ အချက်အလက်များ ပေးပု့ိခြင်းသာ လုပ်ဆောင်တော့သည်ဟု သိရသည်။
CHRO က ၎င်းတို့ပြုစုထားသည့် မှတ်တမ်းအချက်အလက်များအရ ပလက်ဝတွင် တပ်မတော်နှင့် AA တို့ နှစ်ဖွဲ့လုံးက အရပ်သားများကို လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေသည်ဟု ပြောသည်။
တပ်မတော်ဘက်မှ CHRO ၏ မြေပြင်တာဝန်ခံအချို့ကို သတင်းမီဒီယာ မဟုတ်ပဲ မည်သည့်အတွက်ကြောင့် အချက် အလက်များ လိုက်လံစုဆောင်းနေရသနည်းဟု မေးမြန်းမှုများ ရှိခဲ့ပြီး အမည်မသိသူများ ကလည်း ဖုန်းခေါ်ကာ CHRO ၏ ပြောရေးဆိုခွင့်ရှိသူကို ခြိမ်းခြောက်ပြောဆိုခြင်းများရှိသည်ဟု သိရသည်။
AA ဘက်မှ အရပ်သားများကို ဖမ်းဆီးခြင်းများ ပြုလုပ်သည့် သတင်းအချက်အလက်များကို ထုတ်ပြောရာတွင်လည်း CHRO သည် တပ်မတော်၏ ကျောနောက်ထောက်ခံပြု အဖွဲ့အစည်းဖြစ်သည်ဟု အကြိမ်ကြိမ် ပြောဆိုခြင်းများလည်း ၂၀၁၉ ခုနှစ်အတွင်းက ရှိခဲ့သည်။
CHRO ၏ ပြောရေးဆိုခွင့်ရှိသူအချို့မှာ ခြိမ်းခြောက်ခံရသဖြင့် နေအိမ်များ ရွှေ့ပြောင်းရခြင်းများရှိခဲ့သည့် အပြင် မြေပြင်မှသတင်းအချက်အလက် စုဆောင်းပေးသူများသည်လည်း ပလက်ဝတွင် အမည်မသိသူများ၏ ခြိမ်းခြောက်ခံမှု ခံရခြင်းကြောင့် မိသားစုလိုက် အခြားဒေသများသို့ ရွှေ့ပြောင်းပေးလိုက်ရသည်များလည်း ရှိသည်ဟု သိရသည်။
၎င်းတို့၏ လုံခြုံရေးအရဟုဆိုကာ ခြိမ်းခြောက်ခံရသူများနှင့် ရွှေ့ပြောင်းနေထိုင်သွားသူများ၏ အကြောင်းကို CHRO က အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း သိရသည်။
၂၀၁၅ ခုနှစ်မှ ယနေ့ထိ ပဋိပက္ခကာလအတွင်း AA က ရွာသားများကို အဓမ္မ ခိုင်းစေခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရိုက်နှက် ခြင်း၊ ရိက္ခာများ တောင်းယူခြင်း၊ ဖမ်းဆီးခြင်းများ ရှိသည့်အပြင် တပ်မတော်ဘက်ကလည်း ဒေသခံများကို လမ်းပြ အဖြစ် ခေါ်ဆောင်ခြင်း၊ ပစ္စည်းများ သယ်ခိုင်းခြင်း၊ လမ်းပြခိုင်းသဖြင့် အရပ်သား မိုင်းထိ သေဆုံးမှုများ၊ ကျေးရွာများကို ဗုံးကျဲခြင်းများ ပြုလုပ်သည်ဟု CHRO က ဆိုသည်။
ဆက်လက်ပြီး ဆလိုင်းလျန်က “နှစ်ဖွဲ့လုံးက နိုင်ငံတကာမှာကျတော့ မျက်နှာသာ ရချင်ကြတယ်။ အဲဒီလို မဖြစ်သင့် ပါဘူး။ အခုလက်ရှိ လိုနေတာက အစိုးရအာဏာပိုင်တွေက ဒေသခံပြည်သူတွေ ကြုံတွေ့နေရတဲ့ အဖြစ်မှန်ကို အကုန် လုံး သိအောင် စစ်မှန်တဲ့ သတင်းအချက်အလက်တွေ သိအောင် သတင်းထောက်တွေ လူ့အခွင့်အရေး စောင့်ကြည့်သူ တွေကို နှစ်ဖွဲ့လုံးက ဖွင့်ပေးသင့်တယ်။ အစိုးရဘက်ကလည်း အင်တာနက် ပိတ်တာကို အမြန်ဆုံး ပြန်ဖွင့်ဖို့ အရေးကြီး ပါတယ်”ဟု ပြောသည်။
ဧရာဝတီမှ ပလက်ဝဒေသတွင်း အရပ်သားများအပေါ် နှစ်ဖက်တပ်များ၏ ပြုမူဆက်ဆံမှုများနှင့် ပတ်သက်၍ မေးမြန်းရာ ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီ (RRCCI) မှ ပြောရေးဆိုခွင့်ရှိသူ မမိုင်နန်းဝေ က မဝေဖန်လိုကြောင်း ငြင်းဆိုသည်။
မမိုင်နန်းဝေက မြေပြင်တွင် နှစ်ဖက်လုံးက လူ့အခွင့်အရေး ချိုးဖောက်မှု များရှိနေသော်လည်း လက်ရှိတွင် စစ်ဘေးရှောင် ဒုက္ခသည်များ၏ စားဝတ်နေရေးအတွက် အရေးပေါ်ဆောင်ရွက်နေရသဖြင့် ရိက္ခာသယ်ယူရာတွင် အနှောင့်အယှက် မဖြစ်ရန်၊ ပိတ်ဆို့မှုများ မရှိရန် အတွက် ကောင်းသည်၊ ဆိုးသည်ကို မပြောဆိုလိုခြင်း ဖြစ်ပါသည်ဟု ဆိုသည်။
CHRO မှ မှတ်တမ်းများ စုဆောင်းရာတွင် လမ်း၌ တပ်မတော်စစ်ဆေးရေးဂိတ်စခန်းတွင် အချက်အလက်များ ဖျက်ဆီးခံရသည့် အကြောင်းကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အား မေးမြန်းရာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “မသိပါဘူးဗျာ။ သူ့ဘာသာ လုံခြုံရေးအရ ရှိရင်ရှိမှာပေါ့။ ကောက်တာလည်း မသိဘူး။ အဲဒီလိုလုပ်တာလည်း မသိဘူး။ သို့သော် လုံခြုံရေးအရ ရှိရင် ရှိလိမ့်မယ်”ဟု ပြောသည်။
ပလက်ဝသည် တည်ငြိမ်သည့် ဒေသမဟုတ်သဖြင့် တပ်မတော်၊ ဂိတ်စခန်းမှ အချက်အလက်များ ဖျက်ခဲ့ သည် ဆိုပါကလည်း လုံခြုံရေးအရ လုပ်ဆောင်ခြင်းသာ ဖြစ်လိမ့်မည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
ပလက်ဝမြို့နယ်အတွင်း နေထိုင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက “အင်တာနက်ရှိမယ်ဆိုရင် အရမ်းကောင်းမယ်။ ဒီမှာ ဘာဖြစ်နေလဲဆိုတာ ကိုယ့်အိမ်ထဲ နေရင်း လုံခြုံတဲ့ နေရာနေရင်း ပြောလို့ ရတာပေါ့။ အခုက ဘယ်သွားသွား အချိန်မရွေး စစ်ဆေးခံရနိုင်တော့ ဖုန်းထဲလည်း ဘာမှ မထားရဲဘူး။ မသင်္ကာတခုခုဖြစ်ရင် ကျနော်တို့က အသက်ဆုံး ရမှာ”ဟု ပြောသည်။
ပလက်ဝသည် အင်တာနက်ဖြတ်တောက်ခံထားရသည်မှာ ၄ လခန့်ရှိပြီ ဖြစ်သည်။
ပြည်ထောင်စုအစိုးရ၏ လမ်းညွှန်ချက်ဖြင့် ဆက်သွယ်ရေးအော်ပရေတာ အားလုံးသည် ၂၀၁၉ ခုနှစ်၊ ဇွန် ၂၁ ရက်က အရပ်သားများကို ကြိုတင် အသိမပေးဘဲ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦးနှင့် မင်းပြားမြို့တို့ကို အင်တာနက်သုံးစွဲခွင့် ပိတ်ခဲ့သည်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁ ရက်တွင် ပလက်ဝ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် နှင့် မြေပုံမြို့နယ်တို့ကို အင်တာနက် ပြန်ဖွင့်ပေးပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် အင်တာနက် ပြန်ဖြတ်တောက်လိုက်သည်မှာ ယနေ့ထိ ဖြစ်သည်။
You may also like these stories:
ဘဝကို သုညက ပြန်စရမယ့် ရန်ကုန်ရောက် ချင်းဒုက္ခသည်များ
AA ဖမ်းဆီးခဲ့သည့် ချင်းအမျိုးသမီး သေဆုံးမှု လူ့အခွင့်အရေးအဖွဲ့များထံ တင်ပြမည်
ရီမုမိုင်းဖြင့် တိုက်ခိုက်ခံရသဖြင့် ပုဏ္ဏားကျွန်းအဝင်တွင် တပ်မတော်သားတချို့ ကျဆုံး