စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများတွင် မကြာသေးမီက အသားပေးဖော်ပြသည့် ခမ်းနားသော သီတင်းကျွတ်ပွဲတော် ဓာတ်ပုံများသည် ပကတိအခြေအနေနှင့် လွန်စွာ အလှမ်းကွာနေသည်။
သီတင်းကျွတ် သို့မဟုတ် မီးထွန်းပွဲတော်သည် မြန်မာတွင် ရေပန်းအစားဆုံး ပွဲတော်များအနက် တခုဖြစ်သည်။ ထိုပွဲတော်ကာလသည် မိသားစု ပြန်လည်ဆုံစည်းသည့် ကာလဖြစ်ပြီး အများအပြားသည် ဘိုးဘွားများ၏ နေအိမ်များတွင် မိသားစုများနှင့် ရက်အနည်းငယ် နေထိုင်ရန် ပြန်သွားပြီး လူငယ်များက ၎င်းတို့မိဘများ၊ ဆရာသမားများနှင့် သက်ကြီးရွယ်ကြီး ဆွေမျိုးများကို ကန်တော့သည်။
ထိုသို့ မိသားစုများ၊ မိတ်ဆွေများနှင့် ချစ်မြတ်နိုးသူများကို ဆုံစည်းစေသော နှစ်ပေါင်းများစွာကြာသည့် အစဉ်အလာ ဆက်လက် ရှိနေသေးသော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ခိုက်မှုများသည် မိသားစုများကို ကွဲကွာစေပြီး လူသန်းပေါင်းများစွာ နေရပ်စွန့်ခွာရစေသည်။
အများအပြားသည် သီတင်းကျွတ်ပွဲတော်အတွက် အိမ်သို့ ပြန်မလာတော့မည့် ချစ်ခင်မြတ်နိုးသူများကို ဆုံးရှုံးခဲ့သည်။ အချို့မှာ ပြန်စရာအိမ် မရှိတော့ပေ။ အချို့သည် ပြည်ပရောက်နေ သို့မဟုတ် ပုန်းအောင်းနေပြီး အချို့သည် ထောင်ထဲ ရောက်နေသည်။
ချစ်ခင်မြတ်နိုးသူများ တွေ့ဆုံရန် အိမ်ပြန်မလာနိုင်သောအခါ သီတင်းကျွတ်ပွဲတော်သည် မည်သို့ အဓိပ္ပာယ်ရှိမည်နည်း။ စောင့်မျှော်နေသူ တဦးတယောက်မှ မရှိသည့်အိမ်သို့ မည်သည့်အတွက် ပြန်သွားရမည်နည်း။
ချစ်ခင်မြတ်နိုးသူများ တွေ့ဆုံရန် အိမ်ပြန်မလာနိုင်သောအခါ သီတင်းကျွတ်ပွဲတော်သည် မည်သို့ အဓိပ္ပာယ်ရှိမည်နည်း။ စောင့်မျှော်နေသူ တဦးတယောက်မှ မရှိသည့်အိမ်သို့ မည်သည့်အတွက် ပြန်သွားရမည်နည်း။
တခါက သီတင်းကျွတ်ညများသည် မြူးကြွသော အခမ်းအနားများ၊ မီထွန်းပွဲများနှင့် စီတန်းလှည့်လည်ပွဲများဖြင့် ပြည့်နေသည်။ ဗုဒ္ဓဘုရားရှင် တာဝတိံသာမှ ဆင်းလာသည့် အထိမ်းအမှတ်အဖြစ် အိမ်များနှင့်လမ်းများကို ရောင်စုံမီးများဖြင့် အလှဆင်ထားခဲ့ဖူးကြသည်။
သို့သော် အာဏာသိမ်းပြီးနောက် စီးပွားရေး ထိုးဆိုက်ကျဆင်းပြီး ငွေကြေးဖောင်းပွမှု အလွန်မြင့်မားကာ အစားအသောက် ဈေးနှုန်းများ လွန်စွာမြင့်တက်သည်။ နိုင်ငံသား အများအပြားသည် ဝင်ငွေထွက်ငွေ မျှတရန် ရုန်းကန်နေရသည်။
ထိုသို့ ထူးခြားသောပွဲတော်အတွက် နိုင်ငံသားများသည် ၎င်းတို့နေအိမ်များကို မီးထွန်းလိုသော်လည်း ဖယောင်းတိုင်ဈေးနှုန်း မြင့်မားခြင်းနှင့် စစ်ကောင်စီက လျှပ်စစ်ဓာတ်အားခများကို မကြာသေးမီက မြှင့်တင်လိုက်ခြင်းကြောင့် ထိုသို့ မလုပ်နိုင်တော့ပေ။
အချို့ရပ်ကွက်များသည် ၎င်းတို့လမ်းများကို မီးထွန်းရန် တတ်နိုင်ကြဖွယ် ရှိသော်လည်း အာဏာသိမ်းပြီးနောက် မြန်မာကို ဒုက္ခပေးနေသည့် ပုံမှန် ဓာတ်အားပြတ်တောက်မှုများကြောင့် မီးလင်း မလင်း အာမ မခံနိုင်ပေ။
အစဉ်အလာအားဖြင့် ထိုပွဲတော်အတွင်းတွင် ပြည်သူများသည် သစ်သီးများနှင့် ပန်းများကို ဘုရားရှင်သို့ ဆက်ကပ်လှူဒါန်းကြသည်။
“ဈေးတွေက မတန်မှန်းသိတယ်။ ဒါပေမယ့် ဒါက ကျနော်တို့ရဲ့ အသက်မွေးဝမ်းကြောင်းမို့ ကျနော်တို့မှာ ရွေးစရာမရှိဘူး” ဟု ပန်းသည်တဦးက ပြောသည်။
သီတင်းကျွတ်ပွဲတော်သည် မိဘများနှင့် သက်ကြီးရွယ်အိုများကို ကန်တော့ပြီး ကျေးဇူးတရားကို ဖော်ပြသည့်အချိန်လည်း ဖြစ်သည်။ သို့သော် ငွေကြေးကျပ်တည်းချိန်တွင် သက်ကြီးရွယ်အိုများသို့ ဖွယ်ဖွယ်ရာရာ ကန်တော့စရာများ လှူဒါန်းရေးသည် စိန်ခေါ်မှုများသည့် ကိစ္စဖြစ်သည်။
အဝတ်အစားများ ဈေးကြီးပြီး ဗီတာမင်အားဆေးကဲ့သို့ ရေပန်းစားသည့် လက်ဆောင်ကုန်ကျစရိတ်များ အလွန်အမင်း ဈေးကြီးသည်။ အချို့သည် ဘီစကစ်ဘူးများကို ရွေးချယ်လိုသော်လည်း ဈေးနှုန်းများ မြင့်မားနေပြီး စားသုံးဆီသည်ပင် ဈေးနှုန်းမြင့်မားသည်။
အဝတ်အစားများ ဈေးကြီးပြီး ဗီတာမင်အားဆေးကဲ့သို့ ရေပန်းစားသည့် လက်ဆောင်ကုန်ကျစရိတ်များ အလွန်အမင်း ဈေးကြီးသည်။ အချို့သည် ဘီစကစ်ဘူးများကို ရွေးချယ်လိုသော်လည်း ဈေးနှုန်းများ မြင့်မားနေပြီး စားသုံးဆီသည်ပင် ဈေးနှုန်းမြင့်မားသည်။
ရန်ကုန်တွင် အိမ်ရှင်မများသည် တတ်နိုင်သမျှ သင့်တော်သည့် ကန်တော့စရာပစ္စည်းရှာရန် ဈေးဝယ်စင်တာများတွင် တဝဲလည်လည်ဖြစ်နေပြီး ဆုံးဖြတ်ချက်ချရန် အချိန်များစွာ ယူကြရသည်။
ငွေသားသည် အခြား ရွေးချယ်စရာတခု ဖြစ်သော်လည်း စာအိတ်ပါးပါးဖြင့် ကန်တော့ရခြင်းသည် လူအများအပြားအတွက် စိတ်ပျက်စရာဖြစ်ပြီး အာဏာသိမ်းပြီးနောက်တွင် ကျပ်ငွေတန်ဖိုး ကျဆင်းနေသည်။
လူကြီးမိဘများအား ကန်တော့ခြင်းကို တန်ဆောင်တိုင်အထိ ဆိုင်းငံ့ထားမည်ဟု မိတ်ဆွေအချို့က ပြောသည်။
စာရေးသူ၏ ညီမများသည် အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို ရှောင်ရှားရန် ထိုင်းသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသည်။ ညီမများ မရှိတော့သော်လည်း မိဘဆွေမျိုးများအနေဖြင့် စာရေးသူကို မျှော်မနေစေလိုပေ။
မြင့်မားသည့် လောင်စာဆီ ဈေးနှုန်းများကြောင့် တက္ကစီခ မြင့်မားနေသောအခါ စာရေးသူသည် ဆွေမျိုးနှင့် သက်ကြီးရွယ်အို တဦးချင်းဆီသို့ သွားရောက်ရန် တက္ကဆီငှားရသည့် ကုန်ကျစရိတ်ကြောင့် ခွန်အားမရှိတော့ပေ။
သီတင်းကျွတ်လပြည့်နေ့က ဘုရားများတွင် စစ်ကောင်စီမီဒီယာက ဖော်ပြသည့်အတိုင်း ယုံကြည်ကိုးကွယ်သူများနှင့် ပြည့်နေသည်မှာ မှန်သည်။
သို့သော် ရန်ကုန်ရှိ ရပ်ကွက်များမှ နေအိမ်များသည် ယခုနှစ်တွင် မီးမပူဇော်နိုင်တော့ဘဲ လမ်းများတွင် ပြည့်ကျပ်နေသည့် လူအုပ်များသည် အတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။
သို့သော် ရန်ကုန်ရှိ ရပ်ကွက်များမှ နေအိမ်များသည် ယခုနှစ်တွင် မီးမပူဇော်နိုင်တော့ဘဲ ရန်ကုန်မြို့ ရေကျော်ရှိ လမ်းများတွင် ပြည့်ကျပ်နေသည့် လူအုပ်များသည် အတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။
အောက်တိုဘာလ ၁၇ ရက် လပြည့်နေ့တွင် စစ်ကောင်စီဆန့်ကျင်ရေး ကြွေးကြော်သံ စာတန်းများကို မြန်မာမှ အထွဋ်အမြတ်ဆုံး နေရာဖြစ်သော ရွှေတိဂုံစေတီတော်တွင် ချိတ်ဆွဲကြသည်။
“စစ်အာဏာရှင်စနစ် ကျဆုံးပါစေ”၊ “တော်လှန်ရေး အောင်မြင်ပါစေ” ဟု ထိုစာတန်းများတွင် ရေးသားထားသည်။ သို့သော် ထိုကြွေးကြော်သံများသည် မြန်မာပြည်သူများ၏ မျှော်လင့်ချက်ကင်းမဲ့သည့် ဆုတောင်းများ ဖြစ်နိုင်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Myanmar’s People Have Little to Celebrate This Thadingyut ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ပဋိပက္ခကြားက သီတင်းကျွတ်လပြည့်ည (ရုပ်/သံ)
သီတင်းကျွတ်လ (အောက်တိုဘာလ) မီးထွန်းပွဲတော်













