မန္တလေးမြို့စွန်က လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းချမှုတွေနဲ့ ဝယ်ယူနေထိုင်မှုတွေက အခုအချိန်မှာတော့ ကြီးမားတဲ့ပြဿနာတရပ်ဖြစ်လို့ လာနေပါပြီ။
မန္တလေးတိုင်းအတွင်းမှာ လယ်မြေတွေအပေါ်ကျူးကျော်နေထိုင်တာတွေက ၇၉၁.၄၄ ဧက ရှိပြီး ပိုင်ရှင်ပေါင်းက ၄၅၆ ဦးရှိတယ်လို့ အစိုးရပိုင်းက ထုတ်ပြန်ထားပါတယ်။ ဒီနေရာတွေမှာ နေထိုင်ခွင့်မရှိကြောင်း အစိုးရက တားမြစ်စာတွေ ထုတ်ထားပြီးဖြစ်သလို အများစုကို နောက်ဆုံးအကြိမ်တားမြစ်စာ ပေးပို့ထားပြီးလည်းဖြစ်ပါတယ်။ နောက်ဆုံးတားမြစ်စာ ပေးပို့ထားသည်အထိ ဆက်လက်နေထိုင်နေသူတွေကိုတော့ အစိုးရက တရားစွဲသွားမှာ ဖြစ်ပါတယ်။
တကယ်တော့ ဒီပြဿနာဟာ အခုမှ စပြီးဖြစ်ပေါ်လာတာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက မြေပြန်လည်သိမ်းယူမှုတွေနဲ့ တရားစွဲဆိုမှုတွေ ဖြစ်ပွားခဲ့တာပါ။ အခုအချိန်မှာ ဒီပြဿနာတွေ တဖန်ပြန်ပေါ်လာပြီး မြို့စွန်ကွက်သစ်တွေမှာ နေထိုင်သူတွေကို ကျူးကျော်လို့ဆိုကာ မြေသိမ်းယူမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ရောင်းသူကလည်းရောင်း ဝယ်သူကလည်းဝယ်နဲ့ ဒါကို အစိုးရက တရားစွဲဆိုမြေသိမ်းတဲ့ နည်းလမ်းအပြင် အခြားဖြေရှင်းစရာနည်းလမ်းရော ရှိပါသေးသလား။
ရိုက်ကူး – ဇော်ဇော်
တည်းဖြတ် – ကျော်သူရ











