မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် တောင်ပိုင်းက ရွာပေါင်း ၂၀ ကျော်ဟာ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရင်း စားနပ်ရိက္ခာ မလောက်ငှမှုတွေနဲ့ ပြတ်တောက်သွားမှုတွေကြောင့် တောထဲက ဖွတ်စာဥ ( ဒေသအခေါ် – ကြွေးဥ) တွေကို စားနေရတယ်လို့ စစ်ရှောင်ဒေသခံတွေက ပြောပါတယ်။
အဲဒီကြွေးဥဟာ အစိမ်းစားရင် အဆိပ်သင့်နိုင်ပေမယ့်၊ အဆိပ်သင့်နိုင်တဲ့ ဓာတ်ပစ္စည်းတွေထွက်ရှိအောင် အခွံကိုသင်၊ ပါးပါးလှီးပြီး ရေထဲ အထပ်ထပ် ဖိညှစ်ဆေးကြောပြီး အမြုတ်တွေ ကုန်စင်တဲ့အထိ ရေညှစ်ဆေးကြောကာ နေလှန်းရတာ ဖြစ်ပါတယ်။
နေလှန်းလို့ရလာတဲ့ ကြွေးဥခြောက်တွေကို ပေါင်းပြီး၊ ထမင်းအစားထိုး ဒါမှမဟုတ် မုန့်သရေစာ လုပ်စားလို့ရနိုင်ပါတယ်။ ကြွေးဥမှာပါဝင်တဲ့ အာဟာရဓာတ်တွေပါဝင်ပေမယ့် အလွန်အကျူးစားသုံးမိရင်တော့ အော့အန်တာ၊ ခေါင်းကိုက်တာတွေနဲ့ အစာမကြေတာတွေလည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။
ပေါက်မြို့နယ် တောင်ပိုင်းက ရွာပေါင်း ၂၀ ကျော်ဟာ စစ်ရှောင်နေရပြီး၊ တောထဲရောက်နေကြရတဲ့ စစ်ရှောင်တွေကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လောက်ငှဖို့ အခက်အခဲရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။