ပြည်တွင်းရွှေစျေးနှုန်းကို လူမှုကွန်ရက်ကတဆင့် စျေးကစားပြီး စျေးကွက် မတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်တယ်လို့ဆိုကာ နာမည်ကြီးရွှေဆိုင်တွေရဲ့ ပိုင်ရှင်တွေနဲ့ ရွှေကုန်သည်တွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြန်မာ့အလင်းသတင်းစာမှာ ဇွန်လ ၂ ရက်နေ့က ဖော်ပြလာတာတွေ့ရပါတယ်။
စစ်ကောင်စီကတော့ ရွှေလုပ်ငန်းရှင် ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီးတဲ့နောက် သူတို့တွေရဲ့ ထွက်ဆိုချက်အရ နာမည်ကြီး အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဇွဲထက် ဆိုင်ပိုင်ရှင် ဦးဆန်းဝင်း၊ ဝိန့်စိန်ပိုင်ရှင် ဦးအောင်ကောင်းမြတ်နဲ့ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်းပိုင်ရှင် ဦးမျိုးသူဝင်းတို့အပါအဝင် ရွှေလုပ်ငန်းရှင် ၁၀ ဦးဟာ နောက်ကွယ်က ဆောင်ရွက်သူတွေလို့ စွပ်စွဲထားပါတယ်။
မန္တလေးတိုင်းအတွင်းက ရွှေလုပ်ငန်းရှင် ၁၀၀ လောက်ကိုလည်း စစ်ကောင်စီဘက်က ခေါ်ယူစစ်ဆေးတာတွေလုပ်ဆောင်ခဲ့ပြီးနောက် ပြန်လွှတ်ပေးလိုက်တာတွေ ရှိတယ်လို့ သိရပါတယ်။
မေလ ၂၅ ရက်နေ့နောက်ပိုင်းကစပြီး ပြည်တွင်းရွှေစျေးဟာ အခေါက်ရွှေတကျပ်သားကို ငွေကျပ် ၅၈ သိန်းကျော်အထိ မြင့်တက်ခဲ့ပြီး စစ်ကောင်စီက ဖမ်းဆီးစစ် ဆေးမှုတွေ လုပ်ဆောင်ပြီးတဲ့နောက် ဇွန်လ ၂ ရက်နေ့မှာ ၅၂ သိန်းအထိ စျေးပြန်လျော့သွားတယ်လို့ ရွှေစျးကွက်အတွင်းကနေ သိရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR