သတ်မှတ်ချက်ထက်ကျော်လွန်ပြီး အိမ်ရာချေးငွေထုတ်ချေးထားတဲ့ ပြည်တွင်းဘဏ် ၇ ခုကို ငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေပုဒ်မနဲ့ အရေးယူမှုသွားမယ်လို့ စစ်ကောင်စ်ီက ဇူလိုင်လ ၁ ရက်နေ့က ကြေညာပါတယ်။
ယူနိုက်တက်အမရာဘဏ် (UAB)၊ ဧရာဝတီဘဏ်၊ ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာ မက်ထရိုဘဏ်နှင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တို့ ပါဝင်ပါတယ်။ ဧရာဝတီက စုံစမ်းသိရှိရတဲ့ အချက်အလက်တွေအရ ဒီဘဏ်တွေကို စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)တွေက စုံစမ်းထောက်လှမ်းပြီး အခုလို အရေးယူမှုတွေလုပ်ခဲ့တာလို့ သိရပါတယ်။
UABက ၃ ဒသမ ၃၈ ရာခိုင်နှုန်း၊ AYA မှာ ၁ ဒသမ ၉၆ ရာခိုင်နှုန်း၊ရိုးမဘဏ်မှာ ၁၁ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားများဘဏ်မှာ ၈ ဒသမ ၉၄ ရာ ခိုင်နှုန်း၊ အသေးစား အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်မှာ ၁ ဒသမ ၀၁ ရာခိုင်နှုန်း၊ မြန်မာမက်ထရိုမှာ ၀ ဒသမ ၃၉၊ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်မှာ ၁၆ ဒသမ ၃၄ ရာခိုင်နှုန်းတို့ကျော်လွန်ချေးထားတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
သူတို့တွေကို စစ်ကောင်စီကငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေပုဒ်မ ၁၅၄ နဲ့ အရေးယူသွားမယ်လို့ ကြေညာထားပါတယ်။ ပုဒ်မ ၁၅၄ မှာ ကျူးလွန်တဲ့သူကို သတိပေးတာ၊ ဒဏ်ကြေးငွေပေးဆောင်စေတာ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကန့်သတ်ချက် အပါအဝင်ဖြစ်သည့် အမိန့်များချမှတ်တာနဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းအတွင်း တာဝန်ထမ်းဆောင်ခြင်းမှ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲတာတို့ကိုလုပ်ဆောင်နိင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR