ရန်ကုန်မြို့နဲ့ ညီအမမြို့လို့ သတ်မှတ်ထားတဲ့ ဂျပန်နိုင်ငံ ဖူကူအိုကာမြို့ကို စစ်ကောင်စီက ဆင်လေးကောင် လွှဲပြောင်းပေးအပ်ဖို့ စီစဥ်နေတဲ့အပေါ် ဂျပန်ရောက် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ကိုယ်စားလှယ်တွေက ကန့်ကွက်စာ တင်သွင်းခဲ့ကြပါတယ်။
အဲ့ဒီဆင်လေးကောင် ပေးပို့ဖို့ကို ၂၀၁၉ ခုနှစ် NLD အစိုးရလက်ထက်မှာ သဘောတူညီ ထားခဲ့တာ ဖြစ်ပေမယ့် အခုစစ်ကောင်စီက ဆက်လက်ဆောင်ရွက်နေတာကြောင့် လက်မခံဖို့ ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
ဂျပန်ရောက်မြန်မာနိုင်ငံသားတွေဟာ ဒီလိုဆင်လေးကောင် လွှဲပြောင်းပေးအပ်မှုတင်မကပဲ ဂျပန်အစိုးရက စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာ မှန်သမျှကို ဆန့်ကျင်ကန့်ကွက်ရေး လှုပ်ရှားနေကြတာပါ။
ဂျပန်လက်ရွေးစင်ဘောလုံးအသင်း မြန်မာနိုင်ငံကိုသွားရောက်ခဲ့မှုအပေါ် ဆန့်ကျင်ကန့်ကွက်ခဲ့သလို့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေမှာ မြန်မာ စစ်တပ်ကို စစ်သင်တန်းပေးတာတွေကိုပါ လေ့ကျင့်ရေးကွင်းတွေအထိ သွားရောက် ဆန္ဒပြခဲ့တယ်လို့ ဆိုပါတယ်။
တိရစ္ဆာန်ရုံတာဝန်ရှိသူတွေကတော့ ဆင်လေးကောင်လွှဲပြောင်းပေးအပ်မှုဟာ ကန့်ကွက်စာ ပေးပို့ထားတာကြောင့် နှောင့်နှေး ကြန့်ကြာမှု ဖြစ်စေမှာမဟုတ်ဘူးလို့ ဂျပန်သတင်းစာတိုက် တစ်ခုဖြစ်တဲ့ အာဆာဟိ သတင်းစာတိုက်ကို မှတ်ချက်ပေးထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR