ခြံအမှတ် (၅၄) ဟာ မြန်မာပြည်သူလူထုအတွက် သမိုင်းဝင် အိမ်တလုံးဖြစ်ပေမယ့် စစ်အာဏာရှင်တွေအတွက်တော့ခြောက်ခြားစရာ ပြယုဂ် တခုဖြစ်နေပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့သားအကြီးဆုံးဖြစ်သူဦးအောင်ဆန်းဦးက အမွေရလိုမှုနဲ့ ညီမဖြစ်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ကျခံနေရစဉ်မှာ အကြိမ်ကြိမ် လေလံတင်ပြီးရောင်းထွက်ဖို့ ကြိုးစားနေတာဖြစ်ပေမယ့် လက်ရှိအချိန်ထိ ဝယ်ယူမယ့်သူမပေါ်သေးဘဲ ဖြစ်နေတာပါ။
ဦးအောင်ဆန်းဦးဟာ ခြံအမှတ် ၅၄ အမွေကိစ္စနဲ့ပတ်သက်ပြီး တရားရင်ဆိုင်လာတာ၂၀၀၀ ခုနှစ်ဝန်းကျင်လောက် ကစလို့ လက်ရှိအချိန်ထိဆိုရင်နှစ်ပေါင်း ၂၀ ကျော်ရှိနေပါပြီ။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအမွေခွဲယူဖို့ဆုံးဖြတ်ပြီးတဲ့နောက် ကမာရွတ်ခရိုင်တရားကနေ ၂၀၂၄ ခုနှစ်မှာဦးအောင်ဆန်းဦးဆန္ဒဖြစ်တဲ့ လေလံတင်ရောင်းချဖို့ ဆုံးဖြတ်ချက်ကိုရရှိခဲ့တာပါ။
ပထမ လေလံတင်ဈေးနှုန်းက ကျပ် ၃၁၅ ဘီလီယံဖြစ်ပေမယ့် သုံးကြိမ်မြောက်အထိလေလံဝင်စွဲမယ့်သူမရှိလို့ အဆင့်ဆင့်လျှော့ခဲ့ရာမှာ လက်ရှိနောက်ဆုံးကြမ်းခင်းဈေးက၂၇၀ ဘီလီယံနဲ့ လေလံတင်ရောင်းချဖို့ အထိဖြစ်လာခဲ့တာပါ။
သမိုင်းဝင်ခြံနဲ့ပတ်သက်ပြီးဦးအောင်ဆန်းဦးရဲ့ အဓိကတရားပြိုင်ဖြစ်တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
ကတော့ လက်ရှိမှာ နေပြည်တော်ကအကျဉ်းထောင်တခုမှာ ချုပ်နှောင်ခံထားရတယ်လို့ပဲဲသိရပြီး သူ့ရှေ့နေတွေနဲ့တောင်တွေ့ခွင့်မရတဲ့အနေအထားဖြစ်လို့ ခြံနဲ့ပတ်သက်တဲ့ တရားရုံးဆုံးဖြတ်ချက်တွေဦးအောင်ဆန်းဦးရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့တစုံတရာခုခံချေပနိုင်တဲ့အခြေအနေမရှိပါဘူး။
အာဇာနည်ခေါင်းဆောင်ရဲ့ဇနီးဒေါ်ခင်ကြည်ခေါင်းချခဲ့တဲ့နေရာ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ချခံခဲ့ရတဲ့ သမိုင်းဝင်နေရာတခု ဖြစ်တဲ့အပြင် ကမ္ဘာ့အထင်ကရ ပုဂ္ဂိုလ်တွေလည်း ဝင်ထွက်သွားလာခဲ့တဲ့ ခြအမှတ် ၅၄ ဟာအခုတော့လေလံတင်ရောင်းချတဲ့ သမိုင်းကိုလည်းဖြတ်သန်းနေရတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ဒေါ်အောင်ဆန်းစုကြည် #ဦးအောင်ဆန်းဦး #ခြံအမှတ်၅၄ #အာဏာရှင်
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













