အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဘယ်လာရုဇ်နိုင်ငံ ခရီးစဉ်အပြီးမှာ ဘူရာတီယာ ပြည်နယ်အကြီး အကဲရဲ့ ဖိတ်ခေါ်မှုနဲ့ ရုရှားနိုင်ငံ၊ ဘူရာတီယာမြို့ကို ဇွန်လ ၂၈ ရက်နေ့က သွားရောက်ခဲ့ပါတယ်။
ဒီခရီးစဉ်အတွင်း ဘူရာတီယာပြည်နယ်၊ အူလန်အူဒယ်မြို့မှာရှိတဲ့ ကမ္ဘာ့အနက်ဆုံးနဲ့ သက်တမ်းအရင့်ဆုံး ဘိုင်ကယ်လ် ရေကန်အနီးက အပန်းဖြေစခန်းတွေ၊ စက်ရုံ၊ အလုပ်ရုံတွေကို သွားရောက် ကြည့်ရှု၊ လေ့လာမှုတွေ ရှိခဲ့တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဘူရာတီယာပြည်နယ်ရဲ့ မြို့တော် အူလန်အူဒယ်ဟာ ရုရှားနိုင်ငံရဲ့ ရဟတ်ယာဉ်ထုတ်လုပ်ရေးအတွက် ထင်ရှားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပြီး မြန်မာစစ်တပ်ဟာ လိုအပ်တဲ့ ရဟတ်ယာဉ်တွေကို ဒီအူလန်အူဒယ်မြို့ရဲ့ ရဟတ်ယာဉ် ထုတ်လုပ်ရေး စက်ရုံတွေကနေ ဝယ်ယူခဲ့တယ်လို့လည်း ဘူရာတီယာပြည်နယ်အကြီးအကဲက ပြောခဲ့ပါတယ်။
ဒီဘူရာတီယာဒေသဟာ စစ်ကောင်စီတပ်အတွက် အရေးပါတဲ့ ရဟတ်ယာဉ်တွေ ဝယ်ယူရရှိရာ နေရာဖြစ်သလို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝယ်ယူထားတဲ့ အိမ်နဲ့ စီးပွားရေးပိုင်ဆိုင်မှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ဧရာဝတီအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
#မြန်မာ #ဧရာဝတီ #ရုရှား #ဘူရာတီယာ #မင်းအောင်လှိုင်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













