ကိုးကန့်ဒေသမှာ ဝေမိသားစုအနေနဲ့ ကိုယ်ပိုင် ရာဇဝတ်ဂိုဏ်း ထူထောင်နိုင်ဖို့အတွက် မြန်မာစစ်တပ်ရဲ့ ပံ့ပိုး ကူညီမှုကို အသုံးချခဲ့တယ်လို့ ကိုးကန့် နယ်ခြားစောင့်တပ် ခေါင်းဆောင်ဟောင်း ဝေဆန်းက ထွက်ဆိုခဲ့ကြောင်း တရုတ်အစိုးရ မီဒီယာ CCTV က ဖော်ပြပါတယ်။
ဝေမိသားစုအနေနဲ့ ကိုးကန့်ဒေသမှာ အာဏာစတင်ရလာခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းက ကိုယ်ပိုင် ရာဇဝတ်ဂိုဏ်း ထူထောင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်က ကိုးကန့်ဒေသထိန်းချုပ်ရေး ခေါင်းစဉ်အောက်မှာ လက်နက်အား၊ ငွေအား ထောက်ပံ့ပေးခဲ့တဲ့ နယ်ခြားစောင့်တပ်တွေကို အသုံးပြုပြီး ဒီတရားမဝင် လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာလို့လည်း ဆိုပါတယ်။
မြန်မာပြည်မြောက်ပိုင်းက ရာဇဝတ်မှုတွေ နှိမ်နင်းရေး ခေါင်းစဉ်အောက်ကနေ တရုတ်အစိုးရက အလိုရှိခဲ့ပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ကိုးကန့်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဝေဆန်း အပါအဝင်၊ ဝေမိသားစု ရာဇဝတ်ဂိုဏ်းနဲ့ ဆက်စပ်သူတွေကို စစ်တပ်ဘက်က ပြီးခဲ့တဲ့ ၂၀၂၄၊ ဇန်နဝါရီမှာ ဖမ်းဆီးပြီး နေပြည်တော် ကနေ တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့တာပါ။
ဝေမိသားစုဟာ ကိုးကန့်ဒေသထဲမှာ စစ်ရေးဩဇာအရှိဆုံး ဖြစ်ပြီး နယ်ခြားစောင့်တပ် (BGF)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ကုန်းကြမ်း (၁) မဲဆန္ဒနယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သလို ကိုးကန့်ဒေသဆိုင်ရာ အုပ်ချုပ်ရေးတွေမှာ အသီးသီး နေရာယူထားကြပြီး ဒီလုပ်ပိုင်ခွင့် အာဏာတွေကို အသုံးချကာ ရာဇဝတ်ဂိုဏ်း ကွန်ရက်တွေကို ထူထောင်ခဲ့ကြတာလို့လည်း တရုတ်ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
#မြန်မာ #ဧရာဝတီ #ဝေမိသားစု #ရာဇဝတ်ကွန်ရက် #ကျားဖြန့် #ကိုးကန့် #ဝေဆန်း #BGF #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













