တရုတ်အစိုးရရဲ့ သူလျှိုဖြစ်တယ်လို့ ကမ္ဘာသိထုတ်ဖော်ပြောကြားခဲ့တဲ့ ကျားဖြန့် ဂိုဏ်းခေါင်းဆောင် ရှဲကျိကျန်းကို ထိုင်းနိုင်ငံဘက်က နိုဝင်ဘာလ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံကို လွှဲပြောင်းပေးအပ်လိုက်ပါပြီ။
လက်ရှိမှာတော့ တရုတ်နိုင်ငံကိုရောက်ရှိသွားပြီဖြစ်လို့ တရုတ်အစိုးရရဲ့ စစ်မေးမှုတွေ ကိုခံရမှာဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ ရှဲကျိကျန်းနဲ့အတူ တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြတဲ့ မြန်မာ၊ ထိုင်း နဲ့ အခြားနိုင်ငံတွေက ရာဇဝတ်မှုတွေကိုလည်း ဖော်ထုတ်နိုင်ချေရှိတယ်လို့လေ့လာစောင့်ကြည့် သူတွေက ဆိုကြပါတယ်။
တရုတ်နဲ့ ကမ္ဘောဒီယားနိုင်ငံသားခံယူထားတဲ့ အသက် ၄၃ နှစ် အရွယ်ရှဲကျိကျန်းကို တရုတ်အစိုးရက ငွေကြေးခဝါချမှု၊ အွန်လိုင်းငွေလိမ်လည်မှု၊ လူကုန်ကူးမှု နဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေအတွက် အလိုရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ ဝင်ငွေရပေါက်ရလမ်းဖြစ်တခုတဲ့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း ဦးဆောင်သူ ရှဲကျိကျန်းဟာ တရုတ်အစိုးရလက်ထဲရောက်သွားတဲ့အပြင် အမေရိကန်နိုင်ငံ ဘက်ကလည်း ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် BGF ခေါင်းဆောင်တွေကို အရေးယူ ပိတ်ဆို့မှုတွေလုပ်ဆောင်ပြီး ဒီနှစ်ပိုင်းတွေထဲ မြဝတီမြို့ထဲက ကျားဖြန့် နှိမ်နင်းရေးတွေကို တရုတ်ရောအမေရိကန်ပါ အာရုံစိုက်လာတာကို တွေ့ရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













