မကွေးတိုင်း၊ ချောက်မြို့နယ် မြို့မရဲစခန်းကနေ ရွှေ့ပြောင်းတဲ့ အကျဉ်းသား ၅ ဦးပါ ကားကို ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ရှည် အကျဉ်းသားတဦးကို ကယ်ထုတ်ခဲ့ပါတယ်။
ချောက်မြို့နယ်၊ မြို့မရဲစခန်းကနေ နိုဝင်ဘာလ ၁၉ ရက်နေ့က အကျဉ်းသား ၅ ဦးနဲ့ လုံခြုံရေးရဲတပ်ဖွဲ ၆ ဦးပါကားတစီး အပြင် နောက်ထပ် ရဲတပ်ဖွဲ့ဝင် ၄ ဦးပါတဲ့ ကားတစီးနဲ့ နေရာရွှေ့ပြောင်းနေချိန် ချောက်မြို့နယ်၊ အမှတ် ၃ ပြည်ထောင်စု လမ်းပိုင်းတနေရာမှာ PDF တွေက ဖြတ်တိုက်ခဲ့တာလို့ သိရပါတယ်။
ကြားဖြတ်တိုက်ခိုက်မှုမှာ အကျဉ်းသား ၅ ဦးအနက် ၁ ဦးကိုပဲ ကယ်ထုတ်နိုင်ခဲ့ပြီး ကျန် ၄ ဦး ကတော့ စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ထပ်မံ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
လွတ်မြောက်လာတဲ့ အကျဉ်းသားဟာ အသက် ၂၅ နှစ်အရွယ် Chauk Guerrilla Force ရဲ့ မြို့ပြ ပြောက်ကျား စစ်ဆင်ရေးတွေကို ဦးဆောင်တဲ့ ရဲဘော် နက်ရှိုင်း ခေါ် မိုးညို ဖြစ်ပြီး သူဟာ ၂၀၂၃ ခုနှစ်မှာ မြို့ပြစစ်ဆင်ရေး တခု ပြုလုပ်နေစဉ် စစ်ကော်မရှင်တပ်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာလို့ သိရပါတယ်။
PDF တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
#မြန်မာ #ဧရာဝတီ #မကွေး #ချောက် #အကျဉ်းသား #ChaukGuerrillaForce #PDF #WhathappensInMyanmar













