ဆောင်းပါး

“နိုင်ငံသားကောင်း ဖြစ်ဖို့ စာရေးတယ်”

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့ရဲ့ အထင်ကရ ရှိလှတဲ့ အင်းစိန်ထောင်ထဲမှာ ၁၉၉၅ ခုနှစ်က အသက် ၂၉ နှစ်အရွယ် အကျဉ်းကျ အမျိုးသမီး တဦးကို တပ်မတော် ထောက်လှမ်းရေး အရာရှိက စစ်ဆေး မေးမြန်းပါတယ်။ ထောက်လှမ်းရေး အရာရှိဟာ ရှေ့မှာ ထိုင်နေတဲ့ အမျိုးသမီးကို နိုင်ငံရေး ခံယူချက်အကြောင်း မေးတော့…

“နိုင်ငံသားကောင်း တယောက်ဖြစ်ဖို့” လို့ အားနည်း ဖြူဖျော့နေတဲ့ကြားက သူ ချက်ချင်း မဆိုင်းမတွ ပြန်ဖြေလိုက်တယ်။ အဲဒီ အကျဉ်းကျ အမျိုးသမီးက စာရေးဆရာမ မသီတာ (စမ်းချောင်း) ပါ။ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်လို့ ဆိုပြီး သူမကို နာမည်ဆိုးနဲ့ လူသိများတဲ့ အင်းစိန် အကျဉ်းထောင်ထဲ အပို့ခံခဲ့ရပါတယ်။

စာရေးဆရာမ တဦးဖြစ်သလို၊ နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်တဲ့ မသီတာဟာ ဆယ်စုနှစ် ၂ ခု ကြာတဲ့တိုင် သူ ယုံကြည်ရာကိုပဲ စွဲကိုင်ထားဆဲပါ။ အဲဒါကတော့ သူမဟာ တာဝန်သိပြီး နိုးကြားတက်ကြွတဲ့ နိုင်ငံ့ သားကောင်း ဖြစ်ရေးပါပဲ။ တဦးချင်းစီ ကိုယ်တိုင် နိုင်ငံရေး အသိအမြင် နိုးကြားစေချင်တာက သူရဲ့ စိတ်စေတနာပါ။ မြန်မာ တနိုင်ငံလုံး မှာ ဖြစ်ပျက်နေတဲ့ ပြဿနာရပ်တွေကို သိရှိသဘောပေါက်ပြီး အကောင်းဆုံး ကိုင်တွယ် ဖြေရှင်း နိုင်ဖို့က နိုင်ငံရေး အသိ ကြွယ်ဝပြီး တာဝန်သိ နိုင်ငံသားကောင်းစိတ် ပြည့်ဝဖို့ အရေးကြီးတယ်လို့ သူ ယူဆပါတယ်။

“ကျမတို့ တိုင်းပြည် အတွက် ကျရာ အခန်းကဏ္ဍက တက်တက်ကြွကြွ လုပ်ဆောင်ရမယ် ဆိုတာ သက်သေပြချင်တယ်။ လုပ်ကိုင်ဆောင်ရွက်စရာတွေလည်း အများကြီးပဲ။ တခြားသူတွေရဲ့ နိုင်ငံရေး အဓိပ္ပာယ်ဖွင့်ဆိုတာနဲ့တော့ တူချင်မှ တူမှာပါ။  မြန်မာပြည်မှာတော့ အရာရာဟာ နိုင်ငံရေးပါ။ သဘာ၀၀န်းကျင်ရေးရာ၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် အားလုံးပါ” လို့ ဧရာဝတီကို ပြောပါတယ်။

သူဟာ အလုပ်များတဲ့သူပါ။ ဆယ်ကျော်သက် ဖူးငုံ မဂ္ဂဇင်းရဲ့ အယ်ဒီတာ တဦးဖြစ်သလို Independent ဂျာနယ်မှာလည်း အယ်ဒီတာ အဖြစ် လုပ်ကိုင်နေပါတယ်။ ပြီးတော့ လူမှုရေး လုပ်ငန်းအဖြစ် သုခ ကုသိုလ်ဖြစ် ဆေးခန်းမှာလည်း စေတနာ ဆရာဝန် အနေနဲ့ ဆေးကုသ ပေးနေသူပါ။ အောင်မြင်တဲ့ စာရေးဆရာမ တဦးဖြစ်သလို ပြည့်ဝတဲ့ ဆရာဝန်တဦးပါပဲ။ ပြီးတော့ သူ ရေးသားတဲ့ နိုင်ငံရေးဆိုင်ရာ စာအုပ်တွေကလည်း ထင်ရှား ပါတယ်။

သူ အသက် ၄၆ နှစ်မှာ အင်္ဂလိပ်၊ မြန်မာ ဘာသာတွေနဲ့ စာအုပ် ၉ အုပ် ရေးသားထုတ်ဝေနိုင်ခဲ့ပြီး အဲဒီထဲမှာ အကျဉ်းကျ စဉ် ဖြတ်သန်းရမှု အတွေ့အကြုံနဲ့ ပတ်သက်တဲ့ စာအုပ်လည်း ပါပါတယ်။ နောက်ဆုံးထုတ် အင်္ဂလိပ်လို ရေးသား တဲ့ “The Roadmap” စာအုပ်ဟာဆိုရင် မြန်မာနိုင်ငံရဲ့ ၁၉၈၈ က ၂၀၀၉ အထိ နိုင်ငံရေးဖြစ်စဉ်ကို သူမ ကိုယ်တိုင်တွေ့ကြုံ တွေကို ရေးသားတင်ပြထားတာ တွေ့ရပါတယ်။ သူဟာ ၂၀၀၈ ကနေ ၂၀၀၉ အထိ အမေရိကန်နိုင်ငံကို သွားရောက် နေထိုင်ပြီး၊ Brown တက္ကသိုလ်မှာ International Writers Project Fellow  နဲ့ ဟားဗတ်တက္ကသိုလ်ရဲ့ Fellow of Radcliff Institute for Advanced Studies ကို တက်ရောက်ခဲ့ပါတယ်။

မသီတာဟာ ၁၉၈၀ ခုနှစ်အစောပိုင်း ကာလမှာ ဆေးတက္ကသိုလ် တက်ရောက်ခဲ့ပါတယ်။ ကလေးဘဝက အကြီးအကျယ် နာမကျန်း ခံစားခဲ့ရတာကြောင့် ဆေးကုသပေးတဲ့ ဆရာဝန်ဘဝကို စိတ်ဝင်စား ဖြစ်ချင်ခဲ့တာလို့ ပြောပါတယ်။ သူဟာ  ငယ်ရွယ်စဉ် ကတည်းက စာရေးသားခဲ့တာ ဖြစ်ပြီး အလားအလာ ကောင်းရှိတဲ့ လူငယ်စာရေးဆရာမ တဦးအဖြစ် အချိန်တိုအတွင်းမှာ အသိအမှတ်ပြုခံခဲ့ရသူပါ။ “ကျမ ဘာကြောင့် စာရေးဆရာ ဖြစ်ချင်ခဲ့တာလဲ ဆိုတော့ ကျမ သိရှိတာတွေ၊ လေ့လာထားတာတွေကို ပြန်လည် မျှဝေပေးချင်တာကြောင့်ပါ။ ပြောရရင် ဆင်းရဲမွဲတေမှုတွေပေါ့” လို့ ပြောပါတယ်။

သူဟာ ငယ်ရွယ်စဉ်ကတည်းက အလားအလာ ရှိတဲ့သူလို့ အသိအမှတ်ပြုတာ ခံရသူ ဖြစ်ပေမယ့် အောင်မြင်မှုအတွက် အလွန် ကြိုးစားခဲ့သူဖြစ်ကြောင်း ပေဖူးလွှာမဂ္ဂဇင်း အယ်ဒီတာဟောင်း  ဦးမျိုးမြင့်ငြိမ်းက လွန်ခဲ့တဲ့ ၃၀ လောက်က မသီတာ လာရောက်ပြီး စာမူ စတင် ပို့ခဲ့တဲ့ အကြောင်း ပြန်လည်ပြောပြပါတယ်။

“သူက တကယ့်ကို ကြိုးစား အားထုတ်သူပါ။ မင်းပို့ထားတဲ့ စာမူကို ငါတို့ သုံးဖို့ မသင့်သေးဘူး လို့ ပြောတဲ့အခါမှာ အသစ် နောက်တပုဒ် ထပ်ပေးဖို့ အသင့်ပါလာ တတ်တယ်” တဲ့။

၁၉၉၀ မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တက်တက် ကြွကြွပါဝင်ဆောင်ရွက်ခဲ့တာကြောင့် စာရေးသားခြင်းနဲ့ ကင်းကွာခဲ့ရပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပေမယ့် စစ်အာဏာရှင်အုပ်စုက ပယ်ဖျက်ခဲ့ပါတယ်။

ဒီလို ပါဝင်ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေကို သူ့ ပထမဆုံး “အရောင်စစ် နေကြာ” (၁၉၉၀ ခုနှစ်မှာ ထုတ်ဝေခွင့် မရရှိခဲ့ဘဲ ၁၉၉၉ ကျမှ ထုတ်ဝေခွင့်ရခဲ့တဲ့) စာအုပ်မှာ တွေ့ရပါတယ်။ ဒီစာအုပ်မှာ ဒီမိုကရေစီရဲ့ ရုပ်ပုံလွှာအဖြစ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မျှော်လင့်နေတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို “လက်ခုပ်သံတို့ရဲ့ အကျဉ်းသား” ဖြစ်သွားစေတယ်လို့ ရေးထားပါတယ်။

ဒါဟာ လက်ရှိနိုင်ငံရေးနဲ့လည်း ကိုက်ညီနေပါသေးတယ်။ “လူအများရဲ့ ဝန်ထုပ်ဝန်ပိုးကို လူတယောက်တည်း ပခုံးပေါ် တင်ပေးတာ မမျှတဘူးလို့ ကျမ မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို တောင်းခံနေကြတယ်၊ စောင့်မျှော်နေကြတယ် ဆိုတာဟာ အဓိပ္ပာယ် မရှိပါဘူး။ တကယ်တမ်းက အများပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ သူတို့ ကိုယ်တိုင်လည်း တိုင်းပြည်အတွက် လုပ်ဆောင်သင့်တာကို လုပ်ကိုင်ဆောင်ရွက် ရမှာဖြစ်တယ်”

မသီတာဟာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အခက်အခဲ အကြပ်အတည်းတွေ၊ အရေးယူ ခံခဲ့ရတာကို ဖြတ်သန်းကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မျှော်လင့်ချက် ရှိနေကြောင်း အခုလို ပါတယ်။ “အခုဆိုရင် မှောင်မည်း လိုဏ်ခေါင်းရှည်ကြီး ဖြတ်သန်း လာခဲ့ရပြီး တဲ့နောက် ပြိုးပြက်တဲ့ အလင်းရောင်ကို ကျမတို့ မြင်နေရပါပြီ။ ဒါပေမယ့်… ကျမ အားလုံး နေရာတိုင်းမှာ မြင်သာထင်သာ ပွင့်လင်းဖို့တော့ လိုအပ်နေဆဲပါ”

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်ကတုန်းကတော့ သူရေးသားတဲ့ စာတွေဟာ ဖိနှိပ်ချုပ်ချယ်မှုကို ဖော်ညွှန်းခဲ့ပေမယ့် ၁၉၉၃ ခုနှစ်မှာ တရားမဝင် အသင်းအဖွဲများနဲ့ ဆက်သွယ်မှု၊ တရားမဝင် ရေးသားဖြန့်ဝေမှု စတဲ့ ပြစ်မှုများဖြင့် အနှစ် ၂၀ ထောင်ချ လိုက်ပါတယ်။ ၆ နှစ်လောက် ထောင်ထဲမှာ ဆိုးဆိုးရွားရွား နေ့ရက်တွေ ဖြတ်သန်းခဲ့ရပြီး ရောဂါဘယ ပေါင်းစုံခံစားရပေမယ့် ဆေးဝါး ကုသပေးမှု မရခဲ့ပါဘူး။။ တခါမှာတော့ ၆ လလောက် အချိန်မှန် ဖျားနာတာ ခံစားခဲ့ရပြီး နောက်ဆုံး အဆုတ်ရောဂါပါ ဝင်လာပါတော့တယ်။ အဲဒီ ကာလမှာ သူမကို နိုင်ငံတကာက လူ့အခွင့်အရေး ဆုတွေ ပေးအပ် ချီးမြှင့်ပါတယ်။ အဲဒီ ဆုတွေထဲမှာ PEN/ Barbara Goldsmith Freedom to Write Award လည်း တခု အပါအဝင်ပါ။

“ပြန်မပြောနိုင်လောက်အောင်  ခက်ခဲကြမ်းတမ်းတဲ့ အကျဉ်းထောင် အတွေ့အကြုံတွေကို ကျမက ဗုဒ္ဓဘုရားရဲ့ ဝိပဿနာနည်းနဲ့ ကျော်လွန် ဖြတ်သန်းနိုင်ခဲ့ပါတယ်” လို့ မသီတာက ပြောပါတယ်။ ရှည်လျားလှတဲ့ အကျဉ်းသား ဘ၀ နေ့ရက်များထဲမှာ တရားထိုင်ခြင်း(သို့မဟုတ်) တရားကို နှလုံးသွင်း နေထိုင်ခြင်း ကြောင့် ဘဝမှာ ပိုမို အရေးကြီးတဲ့ မျှော်လင့်ချက်တွေ ထားနိုင်ခဲ့ကြောင်း လည်း ပြောပါတယ်။

မသီတာဟာ ၁၉၉၃ ခုနှစ်မှာ အထွေထွေရောဂါကု ဆရာဝန်ဘွဲ့ ရရှိခဲ့ပြီး ခွဲစိပ်ကု ဆရာဝန် အဖြစ် နိုင်ငံခြား သွားရောက်မည့် ဆဲဆဲမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ “ခွဲစိပ်ကုဆရာဝန် တယောက်ဘဝကို ကျမ အိပ်မက် မက် မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်မလာ နိုင်တော့ဘူးပေါ့” လို့ သူက ပြောပါတယ်။ စစ်အုပ်ချုပ်ရေး အောက်မှာ ဖိနှိပ်ခံခဲ့ရတာတွေ တွေ့ကြုံခံစားခဲ့ရ ပေမယ့် အဲဒီအပေါ် အတေးအမှတ်ထားပုံ မရပါဘူး။ အကျဉ်းကျခံရတဲ့ အတွေ့အကြုံက ဘ၀ အတွက် ရင့်ကျက်မှုနဲ့ ခံနိုင်ရည်ရှိမှုတွေ ရရှိစေခဲ့သလို စာရေးသားခြင်းကိုလည်း အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။

“တကယ်လို့သာ ကျမ ဖမ်းဆီး ချုပ်နှောင် မခံရဘူး ဆိုရင် ကျမ မျှော်လင့်တာ တချို့ ပြည့်မှာ မဟုတ်ဘူး။။ ဆရာဝန်တယောက် ဖြစ်လို့ သိပ္ပံနည်းကျ လုပ်တယ်၊ ဒါပေမယ့် စာရေးတဲ့အခါ အယ်ဒီတာ လုပ်ရတဲ့ အခါမှာတော့ အနုပညာရှင် တဦးလို ဖန်တီးပါတယ်။ ကျမကိုယ် ကျမလည်း ပြည်သူ့ အကျိုးပြု အလုပ်တွေကို လက်တွေ့ကျတဲ့ လုပ်ဆောင်မှုနဲ့ နားလည် ခံစား ဖန်တီးမှုတွေ ပေါင်းစပ် ဆောင်ရွက်ပါတယ်”

သူဟာ အောင်မြင်မှု တချို့ ရရှိနေပြီဖြစ်ပေမယ့် မမောမပန်း စာတွေ များစွာ ရေးသားနိုင်သူ၊ မညှိုးမနွမ်း ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေသူပါ။ အိပ်မက်တွေလည်း ရှိနေသေးပါတယ်။ အဲဒါတွေထဲက တချို့ကတော့ ဧရာဝတီ မြစ်ကြောင်း တလျှောက်ရှိ ပြည်သူများကို အခမဲ့ ဆေးဝါးကုသ ပေးနိုင်ရေး၊ ဆေးဝါးကုသရေး နယ်လှည့် သင်္ဘော အစီအစဉ်၊ ပညာကို အခြေပြုတဲ့ ဝေဖန်ရေး စာအုပ်စာတမ်းတွေ ထုတ်ဝေမယ့် စာအုပ်တိုက် တတိုက် တည်ထောင်ဖို့ပါ။ ဧရာဝတီကို စိတ်အားထက်သန်စွာ ပြောတာက “ကျမ အမြဲတမ်း တွေးနေမိတာကတော့ ဒီ ရည်မှန်းချက် ဘယ်လို ပြည့်ဝအောင် လုပ်မလဲ ဆိုတာပါပဲ။ ကျမ အနေနဲ့ ဒီလုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး ဘယ်သူနဲ့ပဲ ဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းနဲ့ပဲ ဖြစ်ဖြစ် လုပ်ကိုင် ဆောင်ရွက်သွားဖို့ အဆင့်သင့်ပါပဲ” တဲ့။

(I Write Just to Be ‘A Good Citizen,’ Says Ma Thida ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Loading