မြန်မာနိုင်ငံ၌ အစောဆုံး ထုတ်ဝေသော သတင်းစာသည် ၁၈၃၆ ခုနှစ်ထုတ် မော်လမြိုင် ခရော်နီကယ် အမည်ရှိ အင်္ဂလိပ် သတင်းစာ ဖြစ်သည် ဟူ၍ အမှတ်အသား ရှိသည်။
ထို့ကြောင့် မြန်မာနိုင်ငံ သတင်းစာ၏ သက်တမ်းသည် နှစ်ပေါင်း ၁၇၃ နှစ် ရှိနေပြီ ဖြစ်သည်။
မြန်မာ သတင်းစာ ခေတ်ဦးပိုင်းက အမျိုးသမီးများ အတွက် သီးသန့် ထုတ်ဝေသော စာနယ်ဇင်းသည် အလွန်နည်းလှသည်။
သို့လျှင် နည်းသည့်ကြားမှ မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သတင်းစာဆရာ ဦးစီး ထုတ်ဝေသော သတင်းစာ တစောင်သည် ၁၉၁၉ တွင် ထွက်ပေါ်လာခဲ့လေသည်။
ထို သတင်းစာမှာ “သာယာဝတီ သတင်းစာ” ဖြစ်သည်။ အယ်ဒီတာမှာ ဒေါ်ဖွားရှင် ဖြစ်သည်။
ယခု အချိန်အထိ တွေ့ရသမျှ အမျိုးသမီး သတင်းစာဆရာများ အနက် ဒေါ်ဖွားရှင်သည် ပထမဆုံး မြန်မာအမျိုးသမီး သတင်းစာဆရာ ဖြစ်သည်။
သတင်းစာကို သုံးဆယ်မြို့တွင် ထုတ်ဝေခဲ့သည်။ ထုတ်ဝေသူမှာ ဦးဇ ဖြစ်သည်။ စနေနေ့တိုင်း ထုတ်ဝေပြီး တစောင်လျှင် ခြောက်ပြား ရောင်းသည်။
ဒုတိယ လိုက်သော အမျိုးသမီး သတင်းစာကား “ကုမ္မာရီ” သတင်းစာ ဖြစ်သည်။ ထိုသတင်းစာကို မန္တလေးမြို့၌ ၁၉၂၀ ပြည့်နှစ် ဝံသာနု လှုပ်ရှားမှု ကာလတွင် ထုတ်ဝေခဲ့သည်။
အယ်ဒီတာများမှာ ဒေါ်ထား (ရွှေလက်ဝါး)၊ ဒေါ်ခင်အောင် နှင့် ဒေါ်သစ်တို့ ဖြစ်သည်။
ထိုအခါက ကုမ္မာရီ အသင်းတွင် ဆရာကြီး ဦးနေဦး၏ ဇနီး ဒေါ်ဒေါ်မှိန်က ဥက္ကဌ အဖြစ် လည်းကောင်း၊ ဒေါ်သစ်က အတွင်းရေးမှူး အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသတင်းစာကို ကုမ္မာရီ အသင်းအတွက် ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး သတင်းစာက အမျိုးသမီးများ လွတ်လပ်ရေး တိုက်ပွဲ ဝင်ရန် လှုံ့ဆော်ခဲ့သည်ဟု ဒေါ်ဒေါ်ထားက ထုတ်ဖော် ပြောကြားခဲ့သည်။
သတင်းစာကို မန္တလေးမြို့၊ ဆိုင်းတန်း အရပ်၊ ပုလဲတိုက်ကြီး မြောက်ပေါက် အထွက် အနောက်ဘက်ရှိ ဒေါ်ဒေါ်မှိန်၏ စက်တွင် အငှား ရိုက်ခဲ့ကြသည်။ သက်တမ်း တနှစ်ကျော် ကြာ၏ဟု သိရသည်။
ထိုသတင်းစာ ထွက်လာသော အခါ မန္တလေးမြို့ထုတ် “နေပြည်တော်” ဂျာနယ်က “မန္တလေးမြို့ သုဝဏ္ဏဝတီ စာပုံနှိပ် တိုက်မှ တပတ်လျှင် ၂ ကြိမ်ကျ ထုတ်ဝေသော ကုမ္မာရီ သတင်းစာတစောင်ကို ကျွန်ုပ်တို့ ရရှိ ဖတ်ကြည့်ရာ မှတ်သားစရာ အမျိုးမျိုး ပါရှိသည့် အပြင် ကုမ္မာရီ အမျိုးသမီးတို့ ကိုယ်တိုင်ရေးသော သတင်းစာဟု သိရှိရ၍ များစွာ ဝမ်းမြောက် ပါကြောင်း၊ ၎င်း သတင်းစာသည် မြန်မာပြည်တွင် ပထမ အမျိုးသမီး သတင်းစာ ဖြစ်သောကြောင့် လူတိုင်း အားပေး ကူညီရန် သင့်လျော်ပါကြောင်း ကျွန်ုပ်တို့က နှိုးဆော် တိုက်တွန်းလိုက်ပါသည်” ဟူ၍ ရေးသား အားပေးခဲ့ လေသည်။
ထိုသတင်းစာကို နေပြည်တော် ဂျာနယ်က ပထမ အမျိုးသမီး သတင်းစာ ဟူသည်မှာ သုံးဆယ်မြို့တွင် သာယာဝတီ သတင်းစာက စော၍ ထွက်နေပြီ ဖြစ်သည်ကို မန္တလေးမှ နေပြည်တော်ဂျာနယ်က မသိသောကြောင့် ဖြစ်ပေလိမ့်မည်။
သတင်းစာတိုက် တည်နေရာကိုမူ နေပြည်တော် ဂျာနယ်က မန္တလေးမြို့ ကျောက်သွေးတန်း ဟူ၍ ဖော်ပြခဲ့လေသည်။ သတင်းစာ ၁ စောင်လျှင် ၂ ပဲ ရောင်းသည်ဟု သိရသည်။
ကုမ္မာရီ သတင်းစာနှင့် ရှေ့ဆင့် နောက်ဆင့် ဆိုသလိုပင် မန္တလေးမြို့တွင် “ဟုမ္မရူး” အမည်ရှိ သတင်းစာ တစောင်ကို ထုတ်ဝေသည်။ ထိုသတင်းစာကို ၁၉၂၁ ခုနှစ် ဂျီစီဘီအေ နဝမ ကွန်ဖရင့်အမီ ထုတ်ဝေခြင်း ဖြစ်သည်။
အယ်ဒီတာမှာ ကျောက်မြောင်း အတွင်းဝန်၏သား ခင်မောင်ကြီး ဖြစ်၍ ပိုင်ရှင်မှာ ဦးစံမြ ဖြစ်သည်။
ထိုသတင်းစာတွင်လည်း အမျိုးသမီး သတင်းစာဆရာ တဦး တိုးလာသည်။ အခြားသူကား မဟုတ် ဒဂုန်ခင်ခင်လေးပင် ဖြစ်သည်။ ဒေါ်ဒဂုန်ခင်ခင်လေးသည် ဟုမ္မရူး သတင်းစာတွင် လုပ်ခဲ့ကြောင်း ပိုင်ရှင် ဦးစံမြက ပြောပြလေသည်။ သတင်းစာတိုက် မန်နေဂျာအဖြစ် ဦးရှိန်က လုပ်ကိုင်ခဲ့လေသည်။
အစိုးရ ဆန့်ကျင်ရေးများကို ရေးသားခဲ့သဖြင့် အာမခံ ကျပ် သုံးထောင် အတောင်းခံခဲ့ရသည်။ သက်တမ်း ရှစ်နှစ် ကြာခဲ့သည်။ အာမခံငွေ အတောင်းခံရသောကြောင့် ရပ်စဲခဲ့ရသည်ဟု သိရသည်။
အမျိုးသမီး သတင်းစာဆရာ အနေဖြင့် ထင်ရှားသော နောက်တဦးမှာ အင်ဒီပင်းဒင့် ဒေါ်စန်း ဖြစ်သည်။
ဒေါ်စန်းသည် ၁၉၂၅ ခုနှစ်တွင် “အင်ဒီပင်းဒင့်” သတင်းစာကို ကိုယ်တိုင် အယ်ဒီတာ အဖြစ် ဦးစီး ထုတ်ဝေခဲ့သည်။ အင်ဒီပင်းဒင့် သတင်းစာတွင် ဒေါ်စန်းသည် ခေါင်းကြီး၊ မရွှေကျေး၊ ဒိုင်ယာရီ၊ ကွာစိ အမေး အဖြေ၊ စာတိုက်ခန်း၊ မာတလိ-ဝိသုကြုံ အခန်းများကို တဦးတည်းက ဒိုင်ခံ ရေးသားခဲ့သည်။
ထို့ပြင် “ပညာအလင်း” မဂ္ဂဇင်း မာတလိ-ဝိသုကြုံ အခန်းတွင်လည်း “ဗုဒ္ဓဘာသာ မြန်မာ”၊ “ပုဏ္ဏမီ” အမည်ခံကာ ဆောင်းပါးများ ရေးခဲ့သည်။
နိုင်ငံရေး ဆောင်းပါးများ အရေးများသည်ဟု သိရသည်။ “ဗြီတိသျှနှင့် မဆက်ဆံရေး” စာအုပ်ရေးသည့် အခါတွင်လည်း လူကြိုက်များခဲ့သည်။ ဒေါ်စန်းသည် ဒီးဒုတ် ဦးဘချို နှင့် ရင်းနှီးသည်။
ဒုတိယ ကမ္ဘာ စစ်ကြီး အပြီးတွင် “ယုဝတီ” ဂျာနယ်၌ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။
ဒေါ်ကွာစိ အမည်ခံပြီး ရေဒီယို “ထွေရာစိတ်ကူး” အခန်းမှလည်း အသံလွှင့်ခဲ့သည်။
ဒေါ်စန်း ရေးသော စာများတွင် အတည်ရေးသော စာများ ရှိသကဲ့သို့ ဟာသ ရေးသော စာများ ရှိသဖြင့် အင်ဒီပင်းဒင့် ဒေါ်စန်း ဟူသော အမည်အပြင် ဒေါ်ကွာစိ အမည်ဖြင့်လည်း ထင်ရှားသည်။ ၁၉၅၀ ပြည့်နှစ်တွင် ကင်ဆာ ရောဂါဖြင့် ဒေါ်စန်း ကွယ်လွန်သည်။
အင်ဒီပင်းဒင့် သတင်းစာကို ၁၉၂၅ ခုနှစ်တွင် ရန်ကုန်မြို့ သဟာယ ပုံနှိပ်တိုက်၌ ရိုက်နှိပ် ထုတ်ဝေခဲ့ပြီး အယ်ဒီတာ မစန်း၊ ထုတ်ဝေသူ မစန်း ဟူ၍ ဖော်ပြခဲ့သည်။ သတင်းစာကို စနေနေ့တိုင်း ထုတ်ဝေပြီး တစောင်လျှင် လေးပဲ နှင့် ရောင်းခဲ့သည်။
၁၉၃၃ ခုနှစ်တွင် အမျိုးသမီး အယ်ဒီတာ တဦး ထုတ်ဝေသည့် သတင်းစာ တစောင် ပေါ်လာသည်။ ထိုသတင်းစာမှာ “ဒေါင်း” သတင်းစာ ဖြစ်သည်။ အယ်ဒီတာမှာ ဒေါ်ခင်ခင် ဖြစ်သည်။
ဒေါင်းသတင်းစာ ထွက်လာသော အခါ သူရိယ သတင်းစာက “ကျွန်ုပ်တို့ သတင်းစာတိုက်သို့ မြန်မာ အမျိုးသမီး တဦး မခင်ခင် ဆိုသူက အယ်ဒီတာ အဖြစ်နှင့် ကြီးကြပ်၍ ထုတ်ဝေသော ဒေါင်းတံဆိပ်နှင့် ဒေါင်းသတင်းစာ တစောင် ပေးပို့ လိုက်ကြောင်း”
“ထိုသတင်းစာသည် စနေ တပတ်လျှင် တခါ ထုတ်ဝေသဖြင့် လွန်ခဲ့သော ရက်သတ္တပတ် အတွင်း အဖြစ်အပျက် မျိုးစုံနှင့် တကွ တိုင်းရေး၊ ပြည်ရေး၊ စီးပွားရေးမှ မကျန် ပါရှိသည့် အပြင် ဖတ်ချင့် စဖွယ် ကောင်းသော ပုံဝတ္ထုများနှင့် ရယ်ရွှင်ဖွယ် အကြောင်းများပင် စုံလင်အောင် ပါရှိသဖြင့် တွေ့မြင်သူ အပေါင်းတို့ ဖတ်ချင်စဖွယ် အလွန်ကောင်းသည် ဖြစ်ကြောင်း” ဟူ၍ ရေးသားခဲ့လေသည်။
မခင်ခင်မှာ သခင်ဗစိန်၏ ဇနီး ဖြစ်သည်။
ဒေါင်းနှင့် ခေတ် အပြိုင် ဂူဂျရတ် ပုံနှိပ်တိုက်မှ ထုတ်ဝေသော “ဘာမေးနီးယန်း” ဂျာနယ်၊ အယ်ဒီတာ မညိုက တည်းဖြတ်သည်။
ထို့ပြင် ဒုတိယ ကမ္ဘာစစ် ဖြစ်ခါနီးတွင် “ကမ္ဘာ့ ရုပ်စုံ ဂျာနယ်” ကို ဒေါ်မြစိန်က အယ်ဒီတာ အဖြစ် ဆောင်ရွက်၍ ထုတ်ဝေခဲ့သည်။
ဒုတိယ ကမ္ဘာစစ် မဖြစ်ခင် နောက်ထပ် ထွက်ပေါ်လာသော အမျိုးသမီး သတင်းစာဆရာ အယ်ဒီတာမှာ ဒေါ်မမခင် ဖြစ်သည်။ ဒေါ်မမခင်သည် ထိုအခါက ပြန်ကြားရေး ဝန်ကြီး ဖြစ်သည့် ဦးထွန်းညို၏ ဇနီး ဖြစ်သည်။
ကလေးများ၏ သဘာဝနှင့် ကျွေးမွေး ပြုစုရေး ပညာဖြင့် အမေရိကန်ပြည်မှ အက်အက်စီ ဘွဲ့ရပြီး ၁၉၄၀ ပြည့်နှစ်တွင် ကျောင်းသား သတင်းစာကို ရန်ကုန်မြို့ ကျောင်းသား ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ပြီး ကြာသပတေးနေ့တွင် ထုတ်ဝေခဲ့သည်။ တစောင်လျှင် တပဲ ဖြစ်သည်။
ထို ဒေါ်မမခင်က ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်တွင် “ပြည်သူ့အသံ” သတင်းစာကို အယ်ဒီတာ အဖြစ် ဆောင်ရွက်ပြီး ထုတ်ဝေပေးခဲ့သည်။ ပြည်သူ့အသံ သတင်းစာကို တနင်္ဂနွေ နေ့မှတပါး နေ့စဉ် ထုတ်ဝေခဲ့သည်။
ဒုတိယ ကမ္ဘာစစ် မဖြစ်ခင်က မြန်မာ အမျိုးသမီး သတင်းစာဆရာများကို လက်လှမ်းမီသမျှ ရှာဖွေ လေ့လာကြည့်သော အခါ ဤမျှသာ တွေ့ရသည်။ သတင်းစာဆရာ အယ်ဒီတာ သာလျှင် နည်းလှသည် မဟုတ် အမျိုးသမီး သတင်းထောက် လုပ်သူလည်း နည်းလှသည်။
လက်လှမ်းမီ တွေ့ရသမျှ ဆိုပါလျှင် မြန်မာ့ အလင်း သတင်းစာ နယ်သတင်းထောက် အဖြစ် ဒေါ်ငွေရှင် (တောင်တွင်းကြီး)၊ ဒေါ်ဖွားစိန် (ဘီးလင်း)၊ ဒေါ်အုန်းမြ (မိုးကောင်း) နှင့် ဒေါ်မမကြီး (မော်လိုက်) တို့သာလျှင် ရှိသည်။
အမျိုးသမီး ကလောင်ရှင်များနှင့် အမျိုးသမီး စာဖတ် ပရိသတ် တိုးပွားရေး အတွက် ၁၉၃၀ တဝိုက်က သူရိယ နှင့် မြန်မာ့ အလင်း သတင်းစာတို့က ကြိုးပမ်းခဲ့လေသည်။
သူရိယတွင် “ကုမ္မရီ ကြေမုံ” အခန်းဖွင့်၍ မြန်မာ့ အလင်းတွင် “အမျိုးသမီး ဆောင်းပါး” အခန်း၌ အမျိုးသမီးများ ပေးပို့သော ဆောင်းပါးများကို ဤအခန်းတွင် ထည့်သွင်း ဖော်ပြမည် ဖြစ်ရာ အမျိုးသမီး မဟုတ်ဘဲ အမျိုးသမီး အမည်နှင့် ပေးပို့သော ဆောင်းပါးများကိုမူ ထည့်သွင်း ဖော်ပြလိမ့်မည် မဟုတ်ကြောင်း အယ်ဒီတာ ဟူ၍ ဖော်ပြခဲ့သည်ကို တွေ့ရသည်။
ထိုအခါက မြန်မာ့ အလင်း သတင်းစာတွင် “ရှင်မိရန်” ဟူသော ကလောင် နာမည်ကို မကြာခဏ တွေ့ရသည်။
အမျိုးသမီးများ အတွက် ဤ သတင်းစာစောင်တွင်သာ မဟုတ်၊ အခြား စာနယ်ဇင်းများတွင်လည်း သီးသန့် ဖွင့်လှစ်ကာ အားပေးခဲ့သည်ကို တွေ့ရသည်။
စာနယ်ဇင်းများတွင် ဤသို့ သီးသန့် အခန်း ဖွင့်ခဲ့ရုံသာမက အမျိုးသမီးများ အတွက် ထုတ်ဝေသော အခြား စာနယ်ဇင်းများ လည်း အခါအားလျော်စွာ ထွက်ပေါ်လာသေးသည်။
ဥပမာ ၁၉၃၆ ခုနှစ်တွင် ဆယ်သန်းတိုက်မှ မြို့မမောင်က “မြန်မာ့ အမျိုးသမီး” ဟူ၍ စာစောင် ထုတ်ဝေခဲ့သည်။ တအုပ်လျှင် လေးပဲ ရောင်းသည်။
ထိုစာစောင် ထွက်လာသော အခါ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီ လထုတ် ကြီးပွားရေး မဂ္ဂဇင်းတွင် “အထက်ပါ ခေါင်းစဉ်နှင့် ဆယ်သန်းတိုက်က မြို့မမောင် စီစဉ်၍ စာစောင် တစောင် ထုတ်ဝေလေသည်။ အမျိုးသမီးများ၏ ဓာတ်ပုံ ၁၇ ပုံနှင့် ဆောင်းပါးများကို တွေ့ရလေသည်။
ဆောင်းပါးများမှာ တို၏။ ကလေးထိန်းနည်း နိဿရည်း ဆောင်းပါးမှာ မိန်းမများ အတွက် တိုက်ရိုက် အသက်ရောက်ဆုံး ဆောင်းပါး ဖြစ်သည်” ဟူ၍ ရေးခဲ့လေသည်။
ထို မြန်မာ့ အမျိုးသမီး စာစောင်ကို ဘားလမ်းရှိ ဆယ်သန်း တိုက်က ရိုက်နှိပ် ထုတ်ဝေခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့ ကန်တော်ကလေး စာတိုက် စတော့ဂိတ်လမ်း၊ သူအိုရုံ လမ်းထောင့်မှလည်း “မြန်မာ့ အမျိုးသမီး ဂျာနယ်” ထုတ်ဝေခဲ့လေသည်။ ဂျာနယ်ကို တစောင်လျှင် ရှစ်ပဲ ရောင်းသည်။
ဒုတိယ ကမ္ဘာစစ်ကြီး နောက်ပိုင်းတွင်လည်း အမျိုးသမီးများ အတွက် “တိုင်းရင်းသူ – ၁၉၄၆”၊ “တိုင်းရင်းမေ – ၁၉၄၇”၊ “ယုဝတီ ဂျာနယ် – ၁၉၄၆”၊ “တိုင်းရင်းမေ – ၁၉၅၀”၊ “ဗမာ အမျိုးသမီး – ၁၉၅၃”၊ “မေ့တွက်တာ မဂ္ဂဇင်း – ၁၉၅၇”၊ “ဥက္ကလာမေ – ၁၉၅၉”၊ “မိခင်ကြေးမုံ” စသော စာနယ်ဇင်းများ ထွက်ရှိခဲ့သည်။
သို့ပင် ရှိခဲ့၊ ထွက်ပေါ်ခဲ့ငြားလည်း အမျိုးသမီး သတင်းစာဆရာကား နည်းလှသည်။
၁၉၄၆ ထုတ် “ဝံသာနု” သတင်းစာတွင် အယ်ဒီတာ ဒေါ်ရင်နု၊ ဒေါ်ခင်စီ (ဘားမား ဒိုင်ဂျက်စ် – ၁၉၄၇)၊ ဒေါ်တင်မျိုးနွယ် (ထွန်းနေ့စဉ်)၊ ဒေါ်မြမြ ဘီအေဒီတီ (တိုင်းချစ် သတင်းစာ) ဟူ၍ ရှိကြသည်။
၁၉၅၂ ထုတ် “ကလေး အသံ” သတင်းစာတွင် အယ်ဒီတာ ဒေါ်ခင်သန်းနှင့် ထင်ရှားသူများမှာ ဒေါ်ဒဂုန်ခင်ခင်လေး (ယုဝတီ ခင်ခင်လေး)၊ ဂျာနယ်ကျော် မမလေး (ပြည်သူ့ ဟစ်တိုင်)၊ လူထု ဒေါ်အမာ (လူထု နေ့စဉ်)၊ ဒေါ်ခင်မျိုးချစ်၊ ဒေါ်မာလာ၊ ယုဝတီ စောလှမြင့် လောက်သာ ရှိသည်။
အမျိုးသမီး သတင်းထောက်မှာလည်း အပြေးအလွှား ကြည့်မှ ဆယ်ဂဏန်း လောက်သာ ရှိမည် ထင်ပါသည်။ ။
(မန္တလေးတိုင်း ဂျာနယ် ၂၀၊ ဖေဖော်ဝါရီ ၂၀၀၉)
(သတင်းစာဆရာကြီး မောင်သစ်လွင် (လူထု) ရေးသားခဲ့သည့် ဤဆောင်းပါးကို ပဉ္စဂံ စာပေတိုက်က ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဝေသော “အတင်းလား အဖျင်းလား သတင်းစကားလား” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၀ ရက် အသက် ၈၈ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)