မဂ္ဂဇင်း ဘယ်ကလာသလဲက စရပေမည်။
မဂ္ဂဇင်းဆိုသည် အနောက်နိုင်ငံများက လာသည်။ မူရင်း အာရပ်လူမျိုးတို့ ဘာသာတွင် သိုလှောင်ထားသောနေရာ၊ ကုန်လှောင်ရုံ၊ ဂိုဒေါင်ကို “မခါဆီယာ” ဟုခေါ်သည်။ ပြင်သစ်ကိုရောက်တော့ ပြင်သစ်တို့က “မဂါဆင်” ဟုခေါ်သည်။ ထိုမှ အင်္ဂလိပ်တို့ဆီရောက်တော့ အင်္ဂလိပ်တို့က “မဂ္ဂဇင်း” ဟုခေါ်သည်။
အင်္ဂလိပ်ဘာသာအရ “စစ်မက်လက်နက်၊ ခဲယမ်းမီးကျောက်၊ စားနပ်ရိက္ခာ သိုလှောင်ထားရာဌာန၊ ခြောက်လုံးပြူးစသော သေနတ်များတွင် ယမ်းတောင့်ထည့်သောကတ်ဟု အဓိပ္ပာယ်ရှိသည်။ အမျိုးမျိုးအဖုံဖုံ ထည့်သွင်းသိုလှောင်တာကို အစွဲပြုပြီး နောင်တော့ စာရေးဆရာ အသီးသီးရေးသားသည့် စာပေများကို စုပေါင်းပြီး ရက်ပိုင်း၊ လပိုင်း စသည်ဖြင့် ပုံနှိပ်ထုတ်ဝေသည့်စာစောင်ကို “မဂ္ဂဇင်း” ဟု ခေါ်ကြလေသည်။
မြန်မာပြည်တွင်မူ မြန်မာ့မဂ္ဂဇိန်က စသည်။ သူက အင်္ဂလိပ်ကယူတာ မဟုတ်။ ပါဠိလို “မဂ္ဂဇည”။ “မဂ္ဂ” လမ်းခရီး။ “ဇည” လမ်းစဉ်၊ လူတို့ကျင့်သုံးလိုက်နာရန် လမ်းစဉ်ကိုပြသော စာစောင် ဟူသတတ်။ ထို မြန်မာ့မဂ္ဂဇိန် ကို ကျောင်းဆရာ ဦးမောင်မောင်က ၁၉၁၀ နှင့် ၁၉၁၃ ခုနှစ်ကြားတွင် ထုတ်ဝေခဲ့ဟု ခန့်မှန်း။
ထို့နောက် ၁၉၁၄ ခုနှစ်တွင် အင်္ဂလိပ်စာတတ် မြန်မာလူငယ် ဦးရွှေကြူးက ရန်ကုန်မြို့၊ ဘားလမ်း၊ တိုက်နံပါတ် (၅၁) မှ မြန်မာ့အလင်းမဂ္ဂဇင်းကို စတင်ထုတ်ဝေ။ စာမျက်နှာ ၈၀၊ ၁၀၀ ခန့်ရှိပြီး မဂ္ဂဇင်းတွင် လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ အရေးပိုင်မင်း ဦးရွှေဇံအောင်၊ မှော်ဘီဆရာသိန်းကြီးတို့ ပါဝင်ရေးသားခဲ့ကြ။
နဘေထပ်အဖွဲ့အနွဲ့ လုံးထပ်ကာရန်တွေ မသုံးဘဲ စကားပြေသက်သက်နှင့် ရေးသားသဖြင့် လူကြိုက်များ။ ဦးရွှေကြူးက အနောက်နိုင်ငံ ပုံစံနမူနာပြပြီး မြန်မာတွေ ရတတ်သမျှ ရောင့်ရဲမနေဘဲ ကူးသန်းရောင်းဝယ်ရေး၊ ပညာရေး၊ လူမှုရေး စသည်ဖြင့် ကြံစည်ကြိုးပမ်း အားထုတ်ကြရန် မဂ္ဂဇင်းတိုင်းတွင် တိုက်တွန်းအားပေး ရေးသားသည်။
ကမ္ဘာစစ်ကြီးဖြစ်လာသည့်အခါ စစ်ကြီးအကြောင်း မြန်မာတွေသိရလေအောင် စစ်ကြေးနန်းသတင်းစာ တစောင်ကို နေ့စဉ်ထုတ်သည်။ မဂ္ဂဇင်းကိုလည်း တလတကြိမ်မှ တလနှစ်ကြိမ်ထုတ်ပြီး စစ်သတင်းများ အသားပေးဖော်ပြခဲ့ပြီး “စစ်ကြေးနန်းသတင်း အမည်နှင့် နေ့စဉ်ထုတ်ဝေရာ မိတ်ဆွေပေါင်းများစွာတို့ နှစ်သက်သဘောကျသည့် အားလျော်စွာ ဝယ်ယူဖတ်ရှုကြသဖြင့် နေ့စဉ်တိုးတက် ပိုမို၍ ရိုက်နှိပ်ရလေသည်” ဟု ဖော်ပြရသည်အထိပင်။
ရွှေကြူးကြေးနန်းသတင်းစာ ကျေးဇူးနှင့် မြန်မာပြည်သားတွေ ကမ္ဘာနှင့် အဆက်အသွယ်ရလာချိန်မှာ လေးမျက်နှာသာရှိသည့် ဒီသတင်းစာကို အစိုးရက မျက်စောင်းထိုးပြီ။ တရက်တွင် အစိုးရကြောက်သည့် သတင်းတပုဒ် ပါလာတာအကြောင်းပြု၍ ဦးရွှေကြူးကို စင်ကာပူထံ နယ်နှင်ဒဏ်ပေးလိုက်ပြီး သကာလ မြန်မာကိုကမ္ဘာနှင့် မိတ်ဆက်ပေးခဲ့သည့် ရွှေကြူးသတင်းစာနှင့် မြန်မာ့အလင်းမဂ္ဂဇင်းတို့ ရပ်စဲသွားခဲ့သည်။
ရွှေကြူးကြေးနန်းသတင်းစာ ကျေးဇူးနှင့် မြန်မာပြည်သားတွေ ကမ္ဘာနှင့် အဆက်အသွယ်ရလာချိန်မှာ လေးမျက်နှာသာရှိသည့် ဒီသတင်းစာကို အစိုးရက မျက်စောင်းထိုးပြီ။ တရက်တွင် အစိုးရကြောက်သည့် သတင်းတပုဒ် ပါလာတာ အကြောင်းပြု၍ ဦးရွှေကြူးကို စင်ကာပူထံ နယ်နှင်ဒဏ်ပေးလိုက်ပြီး သကာလ မြန်မာကိုကမ္ဘာနှင့် မိတ်ဆက်ပေးခဲ့သည့် ရွှေကြူးသတင်းစာနှင့် မြန်မာ့အလင်းမဂ္ဂဇင်းတို့ ရပ်စဲသွားခဲ့သည်။
မြန်မာ့အလင်းမဂ္ဂဇင်းနှင့် မရှေးမနှောင်းထွက်လာသည်က သူရိယမဂ္ဂဇင်း။ မြန်မာ့အလင်းနှင့် သူရိယမဂ္ဂဇင်းတို့တွင် ဝတ္ထု၊ ဆောင်းပါးများ ဖော်ပြပါရှိသော်လည်း သတင်းဘက်ယိုင်သည်ဟု မြသန်းတင့်က သုံးသပ်ဖူးသည်။ မြန်မာ့အလင်းမဂ္ဂဇင်းက လေး၊ ငါးနှစ်သားအရွယ်တွင် ရပ်ဆိုင်းခဲ့သော်လည်း သူရိယမဂ္ဂဇင်းကမူ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွား၍ ဂျပန်ဝင်လာချိန်အထိ သက်ဆိုးရှည်ခဲ့သည်။
သူရိယနောက် ၁၉၁၇ ခုနှစ်တွင် ပညာ့အလင်းမဂ္ဂဇင်း ထွက်ပေါ်ခဲ့ပြီး သူရိယနည်းတူ နာမည်ကြီးခဲ့သည်။ ရန်ကုန်မြို့၊ ၅၁ လမ်း၊ တိုက်နံပါတ် (၅၆) မှ ဦးတင်က ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး စစ်မဖြစ်ခင် ရန်ကုန်အရှေ့ပိုင်း ရေကျော်တဝိုက်တွင် စာရေးဆရာ၊ အယ်ဒီတာ၊ မဂ္ဂဇင်းတိုက်နှင့် ပုံနှိပ်စက်များ တည်ရှိခဲ့၊ ကျင်လည်ကျက်စားခဲ့ကြ။
စစ်ပြီးစ ၁၉၄၇ တဝိုက်တွင် စစ်မဖြစ်ခင်က စာရေးသူအတော်များများ ရန်ကုန်အရှေ့ပိုင်းတွင် စတည်းချခဲ့ကြသည်။ စာရေးဆရာ စောဦး တည်ထောင်သည့် ၅၁ လမ်း၊ ရန်ကျော်ဂျာနယ်တိုက်မှာ ဆုံကြသလို ဗိုလ်ချုပ်လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းထောင့်ရှိ မက်သဒစ်ကဖီးတွင်လည်း ဆုံကြသည်။ နှစ်ပဲတန်ဝတ္ထုခေတ်ဦးက စာရေးဆရာ သင်္ခါ၊ အုံ့ပုန်းချစ်ဝတ္ထုရေးသည့် မြို့မအုန်း၊ ရာဇဝင်အချစ်ဝတ္ထုများရေးသည့် ရွှေစကြာ၊ ၅၁ လမ်းတွင်နေကြသည့် မဟာဆွေနှင့် ဇဝန၊ မေမြို့မောင်။ ရေကျော်နှင့် ဗိုလ်မြတ်ထွန်းလမ်းထိပ်က မက်သဒစ် ကဖီးတွင် စစ်မဖြစ်ခင်က စာရေးဆရာများ ဆုံကြစကားပြောကြသည်။
၄၈ လမ်းတွင် သစ္စာမဂ္ဂဇင်းထုတ်နေသည့် သာဓု၊ ၅၁ လမ်းမှာပဲနေသည့် လင်းယုန်နီ၊ ပြည်မြို့က ရံဖန်ရံခါ လာလည်သည့် ဗန်းမော်တင်အောင်၊ ရန်ကုန်တက္ကသိုလ် တက်နေသည့် မြသန်းတင့်တို့လည်း မက်သဒစ်ကဖီး ထိုင်ကြသည်။ စစ်မဖြစ်ခင်နှင့် စစ်ပြီးစ ခေတ်စာရေးဆရာများ၏ ဘုံရိပ်သာ မက်သဒစ်ကဖီးဟူသည် ယခုအခါ ရွှေမြို့တော်ချစ်တီးထမင်းဆိုင် ဖြစ်နေသည်။ ရေခံမြေခံရှိ၍လား မပြောတတ်။ ချစ်တီးထမင်း ထိုင်စားနေသော မောင်မိုးသူ၊ နုနုရည် (အင်းဝ)၊ စိတ်ကူးချိုချို ကိုစန်းဦးတို့ကို မြင်ဖူးသည်။
မဂ္ဂဇင်းဘက် ဆက်ရလျှင် သူရိယ၊ ပညာ့အလင်း မဂ္ဂဇင်းတို့နှင့်အပြိုင် ထွက်လာသည်က ဆူးလေဘုရားလမ်း၊ လောကသာရ ပုံနှိပ်တိုက်က ထုတ်ဝေသည့် လောကသာရမဂ္ဂဇင်း ဖြစ်သည်။ ထို့နောက် မဂ္ဂဇင်းလောကကို တခေတ်ပြောင်းစေခဲ့သည့် ဒဂုန်မဂ္ဂဇင်း ၁၉၂၀ ပြည့်နှစ်တွင် ထွက်ပေါ်ခဲ့သည်။
မြန်မာအဆွေကုမ္ပဏီက ထုတ်ဝေခြင်းဖြစ်ပြီး အနောက်နိုင်ငံ မဂ္ဂဇင်းများနည်းတူ ဆေးရောင်စုံအဖုံး၊ အတွင်းစာသား၊ ပန်းချီဘလောက်မျိုးစုံနှင့် ထုတ်ဝေခဲ့။ ဆေးရောင်စုံအဖုံးကို သုံးလလောက် ကြိုတင်ပြင်ဆင်ပြီး ကာလကတ္တားမြို့သို့ ပို့ပြီးရိုက်သည်။
ပထမအကြိမ် ထူးခြားစွာပေါ်ထွက်ခဲ့သည့် ဒဂုန်မဂ္ဂဇင်းသည် မြန်မာပြည်တွင် စောင်ရေအများဆုံး၊ အထင်ရှားဆုံးဖြစ်ခဲ့။ တခြားမဂ္ဂဇင်းတအုပ် သုံးမတ်နှုန်း ရောင်းချိန် ဒဂုန်မဂ္ဂဇင်းက တကျပ်နှုန်းရောင်း။
ပထမအကြိမ် ထူးခြားစွာပေါ်ထွက်ခဲ့သည့် ဒဂုန်မဂ္ဂဇင်းသည် မြန်မာပြည်တွင် စောင်ရေအများဆုံး၊ အထင်ရှားဆုံးဖြစ်ခဲ့။ တခြားမဂ္ဂဇင်းတအုပ် သုံးမတ်နှုန်း ရောင်းချိန် ဒဂုန်မဂ္ဂဇင်းက တကျပ်နှုန်းရောင်း။
သူရိယနှင့် မြန်မာ့အလင်းက သတင်းဘက်နွယ်သည့် မဂ္ဂဇင်းများဖြစ်ပြီး ဒဂုန်မဂ္ဂဇင်းကမူ စာပေဘက်နွယ်သည်ဟု စာရေးဆရာများက သုံးသပ်ခဲ့ကြသည်။
ဒဂုန်ခင်ခင်လေး၏ အချစ်ဝတ္ထုများ၊ ကိုကိုလေး (ဒဂုန်ခင်ခင်လေး ကလောင်ခွဲ) ၏ မှော်ဆရာမှတ်တမ်း သည်းထိတ်ရင်ဖိုဝတ္ထုများ၊ ရွှေပြည်စိုး၏ မိုးနက်စုံထောက်ဝတ္ထုများ၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၏ ပန်ထွာမင်းသမီးတို့လို သမိုင်းဝတ္ထုများ၊ ခေတ်စမ်းဆရာများ၏ တက္ကသိုလ်ကဏ္ဍဝတ္ထုများ၊ အေဝမ်းကုမ္ပဏီထုတ် ရုပ်ရှင်များသည် ဒဂုန်မဂ္ဂဇင်း၏ ပင်တိုင်ကဏ္ဍများ ဖြစ်ခဲ့သည်။
ဒဂုန်မဂ္ဂဇင်းနှင့် တနှစ်တည်း ထွက်ပေါ်ခဲ့သည့်မဂ္ဂဇင်းသည် ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်းရှိ ဒီဆူဇာဆေးတိုက်မှ ထုတ်ဝေသည့် သက်စောင့်မဂ္ဂဇင်းဖြစ်ပြီး ဆေးတိုက်ကြော်ငြာ မဂ္ဂဇင်းဖြစ်၏။
သက်စောင့်မဂ္ဂဇင်းသည် ဆေးကြော်ငြာအပြင် ဝတ္ထုတိုကလေးများပါ ဖော်ပြပါရှိပြီး ထိုအချိန်က ဝတ္ထုတိုတပုဒ် ကျပ် ၂၀ နှုန်း အများဆုံးပေးသည့် တိုက်ဖြစ်သည်ဟု ဇေယျ၏ လောကစာဥယျာဉ်တွင် ဖတ်ရသည်။
ဒီဆူဇာ ဆိုသည်မှာ ပြည်သူပိုင် မသိမ်းမီ တချိန်က မြန်မာနိုင်ငံတွင် နာမည်ကြီးခဲ့သော ဆေးဆိုင် တဆိုင်ဖြစ်သည်။ ထိုခေတ်က ဒီဆူဇာဆေးကြော်ငြာ မပါသော စာနယ်ဇင်းဟူ၍ လုံးဝမရှိခဲ့ပေ။
“ဆေးဝယ်ရင် ဒီဆူဇာမှာ စိတ်ချရတယ်” ဆိုသည့်စကားနှင့် ကြော်ငြာကို ပိုင်ရှင် ဦးခင်ဇော်ကိုယ်တိုင် လက်ရေးနှင့်ရေး၍ စာနယ်ဇင်းများ၌ ထည့်၏ဟု အွန်လိုင်းအဘိဓာန်က အမှတ်အသားပြုထားသည်။
ယနေ့ရန်ကုန်တွင် ဆေးဆိုင်များ အပြိုင်အဆိုင် ဖွင့်လှစ်ရောင်းချလာနေကြရာ ဒီဆူဇာဆေးဆိုင် ဆေးရောင်းပုံ ဖောက်သည်ချဦးမည်။
“ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်းရှိ ဓားတံဆိပ် အီးအမ် ဒီဆူဇာဆေးတိုက်ကြီး ရှိသည်။ ဆေးတိုက်ပိုင်ရှင်မှာ ဦးခင်ဇော်ဖြစ်သည်။ ဒီဆူဇာဆေးတိုက်သည် ရန်ကုန်တမြို့လုံးရှိ တခြားဆိုင်များထက် ထူးခြားသည်။ ရောင်းသူ စာရေးမများမှာ ချောချောလှလှများ၊ အပျိုများသာ ခန့်ထား၏။ ဆိုင်ခန်း ပြင်ဆင်ပုံမှာလည်း ခမ်းနား ဆန်းပြားလှ၏။ Welcome ဟု ရေးထားသော ဆိုင်ပေါက်ဝကြီးမှ ဝင်လိုက်သော် သင်၏ လက်ဝဲဘက်တွင် ခန်းလုံးပြည့် လခြမ်းသဏ္ဌာန် ဆေးဆိုင်ခန်း ဝိုင်းဝိုင်းကြီးထဲမှာ ရှိုးကေ့စ်များနှင့် နိုင်ငံခြားဆေးအမျိုးမျိုး၊ ဆရာဝန်သုံး ပစ္စည်းအမျိုးမျိုး၊ တကမ္ဘာလုံးရှိ ဆေးပစ္စည်းကိရိယာမျိုးစုံကို ပြထားသည်။
၎င်းဗီရိုများနှင့် စက်ဝိုင်းခြမ်းကောင်တာ စားပွဲအရှည်ကြားတွင် အရောင်းစာရေးမများက ကြည်လင်ရွှပြသော မျက်လုံးကလေးများနှင့် သင့်အားဖိတ်ခေါ်နေပါသည်။ သင်က ကောင်မလေးတယောက်စီသွားပြီး ကိုယ်လိုချင်သော ဆေးကို ပြောလိုက်ပါ။ ထိုစာရေးမလေးသည် လက်ရေးလှလှလေးနှင့် ဘောက်ချာရေးပေး ပါလိမ့်မည်။ သည်ဘောက်ချာရတော့ သင်ဝင်ခဲ့သော အပေါက်ဝနားတွင်ရှိသည့် ငွေသွင်းကောင်တာကို သွားပါ။ သင်ငွေသွင်းနေတုန်းမှာပဲ သင်ဝယ်သည့် ပစ္စည်းများ ရောက်လာသည်။ ငွေကိုင်စာရေးမလေးက သင့်ငွေဖြတ်ပိုင်းနှင့်အတူ သင့်အား ပေးပါလိမ့်မည်။ ကဲ ဘယ်လောက် မြန်ဆန်လိုက်ပါသနည်း။ ဈေးလည်းမှန်၏။ ပစ္စည်းလည်းမှန်၏။ ဝယ်သူလည်း စိတ်ချမ်းသာရ၏။”
ကြော်ငြာမဂ္ဂဇင်း “သက်စောင့်” ဘက် ဆက်ဦးစို့။
ကြော်ငြာမဂ္ဂဇင်း သက်စောင့်နှင့် ပတ်သက်ပြီး မြသန်းတင့်၏ အင်တာဗျုးတခုတွင် စစ်မဖြစ်မီ ထင်ရှားသည့် မဂ္ဂဇင်းများမှာ သက်စောင့်၊ ဒဂုန်၊ သူရိယ၊ မြန်မာ့အလင်း၊ ဂန္ထလောက၊ တိုးတက်ရေး၊ ကြီးပွားရေးတို့ ဖြစ်သည်။
ကြော်ငြာမဂ္ဂဇင်း သက်စောင့်နှင့် ပတ်သက်ပြီး မြသန်းတင့်၏ အင်တာဗျုးတခုတွင် စစ်မဖြစ်မီ ထင်ရှားသည့် မဂ္ဂဇင်းများမှာ သက်စောင့်၊ ဒဂုန်၊ သူရိယ၊ မြန်မာ့အလင်း၊ ဂန္ထလောက၊ တိုးတက်ရေး၊ ကြီးပွားရေးတို့ ဖြစ်သည်။ အမျိုးအစားခွဲကြည့်လျှင် သက်စောင့်က ကြော်ငြာမဂ္ဂဇင်း၊ မြန်မာ့အလင်းနှင့်သူရိယက သတင်းနွယ်သည့် မဂ္ဂဇင်း၊ ဒဂုန်၊ ဂန္တလောကနှင့် ကြီးပွားရေးတို့က စာပေမဂ္ဂဇင်း၊ တိုးတက်ရေးက ကြီးပွားတိုးတက်ရေးမဂ္ဂဇင်း ဆိုပြီး လေးမျိုးလောက်ခွဲလို့ရမည်ဟု ပြောသည်။
သက်စောင့်မဂ္ဂဇင်းနှင့် ပတ်သက်၍မူ မြသန်းတင့်က ယခုလို ပြောခဲ့သည်။
“ကျနော်တို့မျိုးဆက်က ၁၉၃၀ တဝိုက်မှာ မွေးဖွားခဲ့တဲ့မျိုးဆက်။ အဲ့ဒီအချိန်မှာ မဂ္ဂဇင်းတွေ သိပ်မရှိသေးဘူး၊ ကျနော် စတွေ့ဖူးတဲ့ မဂ္ဂဇင်းက သက်စောင့်မဂ္ဂဇင်း (ဆရာက ပခုက္ကူခရိုင်၊ မြိုင်မြို့သားဖြစ်သည်)။ ဒီဆူဇာဆေးတိုက်ကထုတ်တဲ့ ကြော်ငြာမဂ္ဂဇင်း။ ညာဘက်မှာ စာပါတယ်၊ ဘယ်ဘက်မှာ ဆေးကြော်ငြာတွေ ပါတယ်။ ဒီဆူဇာဆေးတိုက်က ရောင်းတဲ့ ဆေးတွေကို ကြော်ငြာတာ။ အဲ့ဒီမှာ ဝတ္ထုတွေပါတယ်။ အများဆုံးရေးတဲ့ စာရေးဆရာကတော့ ဆကာကြီးထိပ်တင်။ သရုပ်ဖော်ပုံတို့ ဘာတို့လည်း သိပ်မပါဘူး။ ခေါင်းစဉ်ကို စာလုံးနဲ့စီ၊ အောက်ဆုံးမှာ ကွက်လပ်ကျန်ရင် မြစ်ထဲမှာ လှေကလေးတစင်း မျောနေတဲ့ပုံ၊ နောက်က တောင်ကုန်းကလေးနဲ့ စေတီကလေး၊ ငှက်ကလေး သုံးလေးကောင်က ပျံလို့၊ တကြောင်းဆွဲနဲ့ ဆွဲထားတဲ့ ကွက်လပ်ဖြည့် အရုပ်ကလေးပဲ ပါတယ်။ တခြား ဘာသရုပ်ဖော်ပုံမှ မပါဘူး။ ဒါပေမယ့် ဝတ္ထုတိုလေးတွေပါလို့ သဘောကျတယ်။ သူ့ကို စောင့်ဖတ်ရတယ်။ ပထမဆုံးပေါ်တဲ့ ကြော်ငြာမဂ္ဂဇင်း”
ရန်ကုန်ဘဆွေသည် ၁၉၃၄ ခုနှစ်တွင် သက်စောင့်မဂ္ဂဇင်း၌ ဝတ္ထုရေးဖူးသည်ဟု အထောက်အထားရှိခြင်းကြောင့် မဂ္ဂဇင်းသက်တမ်း ၁၅ နှစ်ခန့် သို့မဟုတ် ဒီထက်ရှည်ကြာသော သက်တမ်းရှိမည် မှန်းရ။
စစ်မဖြစ်ခင်ထွက်ပေါ်ခဲ့သည့် မဂ္ဂဇင်းများမှာ ဆိုခဲ့ပြီးဖြစ်သည့် သက်စောင့်၊ ဒဂုန်၊ သူရိယ၊ မြန်မာ့အလင်း၊ ဂန္တလောက၊ တိုးတက်ရေး၊ ကြီးပွားရေးတို့အပြင် ဗြဟ္မစိုရမဂ္ဂဇင်း၊ ဝတ္ထုမဂ္ဂဇင်း၊ လန်ဒန်အတ်မဂ္ဂဇင်း၊ ဗြိတိသျှဘားမားမဂ္ဂဇင်း၊ ဓူဝံမဂ္ဂဇင်း၊ ပန်းချီမဂ္ဂဇင်း၊ ရွှေဓားဗိုလ်မဂ္ဂဇင်း၊ ကဝိမျက်မှန်မဂ္ဂဇင်းတို့ ထွက်ပေါ်ခဲ့သည်။
စစ်ပြီးသည့်အခါ စီးပွားရေးမဂ္ဂဇင်း၊ ကြီးပွားတိုးတက်ရေးမဂ္ဂဇင်းနှင့် ကြော်ငြာမဂ္ဂဇင်းတို့ သိပ်မရှိတော့ဘဲ နိုင်ငံရေးအတွေးအခေါ်နှင့် ဆိုင်သည့်စာပေ၊ စာပေသက်သက် ဦးစားပေးသည့် မဂ္ဂဇင်းများဖြစ်ကြသည့် သွေးသောက်၊ ပဒေသာ၊ တာရာ၊ ရှုမဝမဂ္ဂဇင်းများ ထွက်ပေါ်ခဲ့သည်။
၁၉၁၂ ခုနှစ်ခန့် မဂ္ဂဇင်း စတင်ထုတ်ဝေခဲ့သည်မှ ဂျပန်ဝင်လာသည့် ၁၉၄၂ ခုနှစ်အထိ နှစ်ပေါင်း ၃၀ ခန့် ကာလအတွင်း မြန်မာမဂ္ဂဇင်း ၁၅ စောင် ထုတ်ဝေခဲ့သည်ကို တွေ့ရသည်။
၁၉၁၂ ခုနှစ်ခန့် မဂ္ဂဇင်း စတင်ထုတ်ဝေခဲ့သည်မှ ဂျပန်ဝင်လာသည့် ၁၉၄၂ ခုနှစ်အထိ နှစ်ပေါင်း ၃၀ ခန့် ကာလအတွင်း မြန်မာမဂ္ဂဇင်း ၁၅ စောင် ထုတ်ဝေခဲ့သည်ကို တွေ့ရသည်။
စာရေးဆရာများကား ဦးမောင်မောင်၊ ဦးရွှေကြူး၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ ဦးရွှေဇံအောင်၊ မှော်ဘီဆရာသိန်း၊ ဆရာတော်ဦးဥတ္တမ၊ သခင်ကိုယ်တော်မှိုင်း၊ ဦးပြုံးချို၊ ဦးဘဖေ၊ ဦးလှဖေ၊ ရွှေဥဒေါင်း၊ ဦးခင်မောင်၊ ပီမိုးနှင်း၊ ကိုပုကြီး၊ ကိုပုကလေး၊ ကိုဘရင်ကြီး၊ ကိုဘရင်ကလေး၊ ဦးဘသန်း၊ ဦးနှင်း၊ ဦးနတ်သား၊ ဦးဘိုးသစ်၊ ဇေယျ၊ ဉာဏ၊ ရွှေသဇင်၊ မော်လမြိုင် မောင်အုန်းမြိုင်၊ ဒဂုန်ခင်ခင်လေး၊ ဟင်္သာတ ဦးသီလ၊ ရေနံချောင်း ရှင်သန်းမေ၊ ဆကာကြီးထိပ်တင် စသူတို့ဖြစ်ကြသည်။ ခေတ်စမ်းဆရာများဖြစ်သည့် သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့လည်း ပါဝင်ရေးသားခဲ့ကြသည်။
မဂ္ဂဇင်းသရုပ်ဖော်ပန်းချီဆရာများအဖြစ် ဦးဘလုံ၊ ဦးဘိုးလိပ်၊ ဦးထွန်းကြွယ်၊ ဦးဘကလေးတို့ ထင်ရှားခဲ့သည်။ ရှေးဖြစ်ဟောင်း မဂ္ဂဇင်းအောက်မေ့ဘွယ်အဖြစ် တင်ပြလိုက်ရသည်။
You may also like these stories:
သိပ္ပံမောင်ဝ၏ ဝတ္ထုမမည်သော ဇာတ်လမ်းစဉ်များ
နိုင်ငံရေးသမား စာရေးဆရာ မုံရွာအောင်ရှင် ကွယ်လွန်ခြင်း
၆ လအတွင်း စစ်ကောင်စီ၏ မီဒီယာနှိပ်ကွပ်မှု
အစိုးရ က သတင်းမီဒီယာကို ကျပ်သိန်း ၃၀၀ ပေးတာ ချွေးသိပ်တာလား
—