ဆောင်းပါး

ပြည်သူချစ်ရင် ကြေးသွန်းတယ်

This article has been converted from Zawgyi One to Unicode

မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် တမ္မဝတီရပ်ကွက်အတွင်းက ခြံကျယ်ကြီးအတွင်းမှာ ဗိုလ်ချုပ်အောင်ဆန်း က စစ်ဗိုလ်ယူနီဖောင်း အပြည့်အစုံဝတ်ပြီး စက္ကူလိပ်ကိုင်ပြီး ခါးညွှတ် မတ်တပ်ရပ်နေတယ်။

စစ်ကိုင်းမြို့တည် အသင်္ခယာစောယွမ်းက နန်းဝတ်နန်းစားနဲ့ ဓားကိုင် ရပ်နေတယ်။ ဖန်ချက်ဝန်ဦးရွှေအိုးက ပညာရှိအမတ် ကြီးပီပီ ယုန်နားရွက်ဖော့လုံးဖြူ စွပ်ပြီး ရပ်နေတယ်။ စာရေးဆရာ ဗေဒင်ပညာရှင် မင်းသိင်္ခက တင်ပလ္လင်ခွေ ထိုင်နေတယ်။

မန္တလေးမြို့ တမ္မဝတီရပ်ကွက် အတွင်းက ကြေးသွန်းလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကြေးသွန်းရပ်ထဲက လုပ်ငန်းခွင်တနေရာရဲ့မြင်ကွင်းဖြစ်ပါတယ်။

မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးတောင်ဘက်မှာရှိတဲ့ တမ္မဝတီရပ်ကွက် ကြေးသွန်းရပ်မှာ ကြေးသွန်းလုပ်ငန်းတွေ မိရိုး ဖလာ လုပ်ကိုင်လာကြတာ ကာလအတန်ကြာခဲ့ပါပြီ။ ဒေသခံတွေရဲ့အဆိုအရ အမရပူရခေတ်ကတည်းက ကြေးသွန်းလုပ် ငန်း လုပ်ကိုင်ခဲ့ကြတာလို့ ဆိုတယ်။

ကြေးသွန်းလုပ်ငန်းက မြန်မာမှု ပန်း(၁၀)မျိုးထဲမှာ ပန်းတဉ်းလုပ်ငန်းအဖြစ် ထင်ရှားတယ်။ ကြေးသွန်းလုပ်ငန်း (ပန်းတဉ်း) မှာ ကိုးကွယ်ယုံကြည်မှုနဲ့ ကြေးသွန်းရုပ်တုတွေ ပြုလုပ်ကြသလို ယဉ်ကျေးမှုစံနှုန်းအဖြစ် လေးစားတန်ဖိုးထားဖွယ် လူပု ဂ္ဂိုလ်တွေကိုလည်း ကြေးရုပ်တုတွေ လုပ်ကြတာရှိတယ်။

အချို့ကတော့ သာသနာ့အာဇာနည် ဆရာတော်တွေရဲ့ပုံတူတွေကို ကြေးသွန်းပြီး အပူဇော်ခံထားရှိကြတယ်။ ယဉ်ကျေးမှု အနုပညာလက်ရာအဖြစ် အခြားအရုပ်တွေကို ကြေးသွန်းကြတာလည်းရှိတယ်။

စာရေးဆရာ ဗေဒင်ပညာရှင် မင်းသိင်္ခ တင်ပလ္လင်ခွေထိုင်နေတဲ့ပုံစံ ပလာစတာရုပ်တုက အသက်ဝင်လွန်းလှတယ်။ မင်းသိ င်္ခရဲ့လက်ရင်းတပည့်တွေက ကြေးရုပ်သွန်းလုပ်ဖို့အတွက် ကြေးသွန်းပညာရှင် ဆရာဦးလှမြင့်ရဲ့အလုပ်ရုံမှာ လာရောက် အပ်နှံခဲ့တာဖြစ်တယ်။ လက်မ ၄၀ အမြင့်ရှိပြီး ကြေးပိသာချိန် ၇၀ လောက် ကုန်ကျနိုင်မယ်လို့ ခန့်မှန်းထားတယ်။ ဗေဒင် ဆရာဇင်ယော်နီနဲ့ အဖွဲ့လာရောက် လုပ်ငန်းအပ်နှံခဲ့တာဖြစ်ပြီး ပလာစတာပုံကြမ်းအတွက် သဘောတူညီမှု ရရှိပြီးပါပြီ။ ရာသီဥတု သာယာတဲ့နေ့မှာ ကြေးသွန်းသွားမှာဖြစ်တယ်လို့ ဆရာဦးလှမြင့်က ပြောတယ်။

ကြေးသွန်းလုပ်ငန်းခွင် အလုပ်ရုံအတွင်းမှာ စက္ကူလိပ်ကိုင်ပြီး ခါးညွှတ်နေတဲ့ စစ်ဗိုလ်ယူနီဖောင်းနဲ့ ဗိုလ်ချုပ်ပုံက ၈ပေ မြင့်ပြီး ဧရာဝတီတိုင်း ဖျာပုံမြို့သူမြို့သားတွေက လာရောက် အလုပ်အပ်နှံခဲ့တာဖြစ်တယ်။ ဗိုလ်ချုပ်ရာပြည့်တဲ့နှစ်ကစပြီး ကျောက် ဆည်၊ ပုဂံ၊ ညောင်ဦး၊ တမူး၊ နတ်မောက်၊ လားရှိုး စတဲ့ မြို့တွေအတွက် ဗိုလ်ချုပ်ကြေးရုပ်တွေကို အရွယ်အစား အမျိုးမျိုး ဒီဇိုင်းစုံစုံ ပြုလုပ်ပေးခဲ့ရတယ်လို့ ကြေးသွန်းပညာရှင် ကိုအောင်အောင်က ပြောတယ်။

“ဗိုလ်ချုပ်ကြေးရုပ်တွေက အရွယ်တူတွေ မဟုတ်ကြဘူး။ ခုနှစ်ပေခွဲ၊ ရှစ်ပေ၊ကိုးပေ အရွယ်မျိုးစုံပဲ။ လားရှိုးက ဗိုလ်ချုပ်ကြေး ရုပ်က ရုပ်ရှင်အစည်းအရုံးဖွင့်ပွဲအတွက် ဗိုလ်ချုပ် လမ်းလျှောက်လာတဲ့ပုံ။ နတ်မောက်က ပုံက လက်ရှေ့ချထားတဲ့ပုံ။ အခု ဖျာပုံအတွက်ပုံက လက်တဖက်က စက္ကူလိပ်ကိုင်ပြီး နောက်ကိုပို့ထားတယ်။ ကျနော်တို့လုပ်ငန်းက လက်မှုအနုပညာလုပ် ငန်းတမျိုးပါပဲ” လို့ ပြောတယ်။

ကြေးသွန်းလုပ်ငန်းက ပန်း(၁၀) မျိုးထဲမှာပါတဲ့ မြန်မာ့လက်မှုအနုပညာ လုပ်ငန်းဖြစ်တယ်။ အနုပညာလုပ်ငန်းဖြစ်လို့ ကြေးသွန်းပညာရှင်ကိုယ်တိုင်က အနုပညာမျက်စိရှိဖို့ လိုအပ်တယ်။

မန္တလေးမြို့မှာ မြန်မာပညာရှင်တွေလုပ်ပြီး ပထမဆုံး လူမြင်ကွင်းထားတဲ့ကြေးရုပ်က ဆိုင်းဆရာကြီး ရွာစားစိန်ဗေဒါရဲ့ ကြေးရုပ်ဖြစ်တယ်။ ၁၉၈၂ ခုနှစ် စိန်ဗေဒါ နှစ်(၁၀၀) တင်းတင်းပြည့်ချိန်ှမှာ မန္တလေး ပန်တျာကျောင်းဝင်းအတွင်းမှာ ထား ရှိခဲ့ကြတာ ဖြစ်တယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အထက်မြန်မာပြည်အတွက် အမျိုးသားဇာတ်ရုံကို ပန်တျာကျောင်းဧရိယာအတွင်းမှာ ဆောက် လုပ်ခဲ့ကြပြီး ရွာစားစိန်ဗေဒါကြီးသာမက နန်းတော်ရှေ့ဆရာတင်၊ လေဘာတီ မမြရင်၊ ဒေါ်စောမြအေးကြည်တို့ရဲ့ ကိုယ်တ ပိုင်းပုံရုပ်တုတွေပါ အမျိုးသားဇာတ်ရုံရှေ့မှာ ထည်ထည်ဝါဝါ နေရာပေးနိုင်ခဲ့တယ်။

မန္တလေးမြို့ ဂုဏ်ဆောင်ခဲ့ကြတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမနယ်ပယ်က အဆို၊ အက၊ အရေး၊ အတီး၊ ပညာရှင်ကြီး ၄ ဦးရဲ့ကြေးရုပ်တုတွေကို ပြိုင်ဘက်မရှိ နေရာပေးခဲ့ကြတာဖြစ်တယ်။ တနေ့မနေ့ကပဲ ရွှေမန်းတင်မောင်ရဲ့ကြေးရုပ်တု ကို မန္တလေးအမျိုးသားဇာတ်ရုံမှာ နေရာပေးခဲ့ကြပါသေးတယ်။

တမျိုးသားလုံးနဲ့ဆိုင်တဲ့ အမျိုးသားဇာတ်ရုံလိုနေရာမျိုးမှာ ကြေးရုပ်တုထားရှိဖို့ ဘယ်လိုမူတွေ သတ်မှတ်ထားကြသလဲ။ နောက်ထပ် အနုသုခုမနယ်ပယ်က ထင်ရှားကျော်ကြားသူတွေရဲ့ တပည့်သားမြေးတွေကလည်း ငွေကုန်ကြေးကျခံပြီး လာရောက်စိုက်ထူကြမယ်ဆိုရင် လက်ခံနေရာပေးမှာလား။ တိကျပြတ်သားတဲ့ မူဝါဒတွေ ရှိဖို့ လိုပြီ။

မန္တလေးမြို့မှာ အခုလက်ရှိ မြန်မာမှုကြေးသွန်းပညာရှင်တွေရဲ့လက်ရာနဲ့ ကြေးရုပ်သွန်းဂုဏ်ပြုထားတာတွေက ၆၂လမ်း မနော်ရမံ ဥယျာဉ်အတွင်းမှာ မြင်းစီးနေတဲ့ ဗိုလ်ချုပ်ကြေးရုပ်ရှိတယ်။ ၂၁လမ်းx၈၆ လမ်းထောင့်က မြို့မတူရိယာအသင်း တိုက်မှာ မြို့မငြိမ်းကြေးရုပ်ရှိတယ်။

မန္တလေးတက္ကသိုလ်အတွင်းမှာ မန္တလေးယူနီဗာစီတီ ကျောင်းအုပ်ကြီးရဲ့ကြေးရုပ်တု စိုက်ထူထားတယ်။ ဗြဟ္မစိုရ် ကုသိုလ် ဖြစ် ဆေးရုံဝင်းအတွင်းမှာ ဗြဟ္မစိုရ်ဆရာတော် ဝါခင်းကုန်း ဦးတိက္ခရှိတယ်။(ဆရာတော် ဦးတိက္ခက သက်ရှိထင်ရှား ရှိနေ ပါသေးတယ်။)

မဟာမြတ်မုနိ ဘုရားရင်ပြင်တော်ပေါ်မှာရှိတဲ့ ကြေးရုပ်ပြခန်းထဲက ကြေးရုပ်တွေက ကမ္ဘောဒီးယား ပညာရှင်တွေရဲ့လက်ရာ တွေဖြစ်တယ်။ ဘုရားဖူးလာသူအများစုက ကိုယ့်ဆီမှာရှိတဲ့ ရောဂါဘယ ပျောက်စေချင်ရင် ကြေးရုပ်ခန္ဓာကိုယ် အစိတ် အပိုင်းတွေကို ပွတ်သပ်ပေးရတယ်လို့ ယုံကြည်ကြတယ်။

မြန်မာပြည်တွင်းမှာရှိတဲ့ ကြေးရုပ်တွေရဲ့အမြင့်က အများအားဖြင့် ၁၅ ပေ ဝန်းကျင်လောက် အထိသာ ရှိကြတယ်။ ဆရာဦး လှမြင့် ကိုယ်တိုင် လုပ်ပေးခဲ့တဲ့ အမြင့်ဆုံးကြေးရုပ်က ပုဂံပြတိုက်ရှေ့မှာထားတဲ့ ပျူစောထီး ကြေးရုပ်ဖြစ်တယ်။ လေးကိုင်း ထိ အမြင့်ပေ ၁၅ပေနီးပါးရှိတယ်။

အသေးဆုံး ကြေးရုပ်က နှစ်လက်မလောက်သာမြင့်တဲ့ ကုလားထိုင်ပေါ်ထိုင်နေတဲ့ ဗိုလ်ချုပ် ကြေးရုပ်ဖြစ်တယ်။ လက်ဖက် ရည် ပန်းကန်လုံးလောက်သာရှိပြီး ကြေးသွန်းပညာရှင် ကိုအောင်အောင်က ရောင်းချဖို့ မဟုတ်ဘဲ အမှတ်တရအဖြစ် ပြု လုပ်ထားတာပါ။ တည်ဆောက်ပြုပြင် မြန်ပြည်တခွင်ခေတ် (၁၉၉၇ခုနှစ်) ဝန်းကျင်မှာ ပြုလုပ်ပေးခဲ့ရတာပါ။

ပုဂံပြတိုက်အတွင်းမှာတော့ ကျန်စစ်သား၊ အနော်ရထာနဲ့ အလောင်းဘုရား ရုပ်တုတွေ သွန်းလုပ်ပေးခဲ့ရတယ်လို့ ဆို တယ်။ ငှက်ပစ်တောင်ခြေက ရှင်အရဟံရုပ်တုလည်း ဆရာဦးလှမြင့်ကိုယ်တိုင် ပြုလုပ်ပေးခဲ့တာဖြစ်တယ်။
ရာသီဥတု ပူလွန်းရင် ရွှံ့စေးနဲ့ မံထားတဲ့ ပလာစတာရုပ်တွေ ကွဲအက်ကုန်ပြီး မိုးဆက်တိုက် ရွာချိန်တွေမှာ ပလာစတာ ရုပ်တုရဲ့အတွင်းပိုင်းတွေ ရွှံ့မခြောက်ဘဲ နေလေ့ရှိတယ်။ ဆောင်းတွင်းကြာလတွေမှာ ရာသီဥတုမှန်လို့ ပညာရှင်တွေ သဘောကျတယ်။

ကြေးသွန်းလုပ်ငန်းက တကယ်တော့ အနုပညာပါတဲ့ လက်မှုလုပ်ငန်း စစ်စစ်သာဖြစ်တယ်။ လာရောက်အပ်နှံကြသူတွေက ရုပ်တုရှင်ကို ပကတိ ရုပ်ရည်ထက် သာလွန်ချင်ကြတယ်။ အဲဒီလိုအခါမျိုးမှာ ကြေးသွန်းပညာရှင်တွေ စိတ်ညစ်ကြရတယ်။

တခါက ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဘုရားရဲ့ ပုံတူကြေးရုပ်သွန်းဖို့ တပည့်ဒကာ ဒကာမတွေ စုဝေးတိုင်ပင်ပြီး ကော် မတီဖွဲ့တယ်။ ရုပ်တုဖြစ်မြောက်ရေး ကော်မတီ ဝင်တွေက ဓာတ်ပုံပေးပြီး ကြေးသွန်းအပ်တယ်။ ကြေးသွန်း ပညာရှင်တွေ က ကြေးမသွန်းခင် ပလာစတာ ပုံကြမ်း အရင် ရာထားကြတယ်။

ကော်မတီဝင်တွေလာကြည့်တော့ ပါးဖောင်းပေးဖို့ နှာခေါင်းချွန်ပေးဖို့ ပညာရှင်တွေထံ တောင်းဆိုကြတယ်။ အလုပ်အပ်သူ တွေ စိတ်ချမ်းသာအောင် ပလာစတာရုပ်ကို နဂိုမူလ ရှိပြီးသားထက် ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပြုပြင်ပေးလိုက်ကြ တယ်။ ဆရာတော်ရဲ့ တပည့်ရင်း ဆရာတော်တပါး အတည်ပြုချက်ယူဖို့ လိုက်ကြည့်တဲ့အခါ မတူဘူးဆိုပြီး ပြောတယ်။ ကြေးသွန်းပညာရှင်တွေက ဖို့ထားတဲ့ ပလာစတာတွေ လှီးဖြတ်လိုက်မှ တူပြီဆိုပြီး သဘောတူတယ်။

အခုနောက်ပိုင်းမှာ ကွယ်လွန်သွားတဲ့ မိဘတွေအတွက် ကျန်ရှိတဲ့ သားသမီးတွေက ကြေးရုပ်သွန်းပြီး အိမ်မှာ အမှတ်တရ ထားရှိတာတွေ ပြုလုပ်လာကြတယ်။ ၂၂ လက်မ အမြင့်ရှိတဲ့ ကိုယ်တပိုင်းပုံ ကြေးရုပ်တုတရုပ်အတွက် အပြီးအစီး ကျပ်၁၅ သိန်း ကုန်ကျနိုင်ပြီး ရာသီဥတုသာယာခဲ့ရင် အချိန် ၂လဝန်းကျင် ကြာမြင့်နိုင်ပါတယ်။

ဂုဏ်ပြုပူဇော်ထိုက်သူကို ဂုဏ်ပြုပူဇော်တာ ပူဇာစ ပူဇနေရာနံဆိုတဲ့ မင်္ဂလာတရားတော်နဲ့ ကိုက်ညီတဲ့ သူတော်ကောင်း တရားဖြစ်ပါတယ်။ ဘယ်လိုဘယ်ပုံ ပူဇော်ကြမလဲ။ ဘယ်နေရာတွေမှာ ထားပြီး ပူဇော်ကြမလဲဆိုတာတော့ သေချာစဉ်းစား ဆုံးဖြတ်ကြစေလိုပါတယ်။

Loading