မကြာသေးမီက အပိတ်ခံလိုက်ရတဲ့ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်က နာမည်ကျော် Tiger Temple (ကျားကျောင်း)နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်လာရာ သားသတ်ရုံ အဖြစ် အသုံးပြုတယ်လို့ ယူဆရတဲ့ အိမ်တလုံးကို အာဏာပိုင်တွေက ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ရှာဖွေ့တွေ့ရှိခဲ့ပါတယ်။
ကျားကျောင်းနဲ့ ကီလိုမီတာ ၅၀ ကွာဝေးအိမ်တအိမ်မှာ အလုပ်သမား ၂ဦးနဲ့ လှောင်အိမ်ထဲမှာ လှောင် ထားတဲ့ ကျား ၄ကောင်ကိုလည်း တွေ့ခဲ့ရပြီး အဲဒီအိမ်မှာ ကျားတွေကို သတ်တယ်လို့ ဒေသအာဏာ ပိုင်တွေက ယုံကြည်နေပါတယ်။
“အလုပ်သမား ၂ယောက်ကတော့ ကျနော်တို့ နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိသေးပေမယ့်၊ ကြီးမားတဲ့ တရားမဝင် တောရိုင်းတိရိစ္ဆာန် ရောင်းဝယ်မှု ကွန်ရက်ကြီးတခုလို့ ယုံကြည်ပါတယ်၊ ဒါကြောင့်လည်း တခြားပြည်နယ်တွေမှာပါ ဆက်လက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မယ်” ရဲမှူးကြီး မွန်ထရီ ပန်ချာအွန်းက ဆိုပါတယ်။
ဒီအိမ်ပိုင်ရှင်ဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိရသေးပေမယ့်၊ ရဲတပ်ဖွဲ့ကတော့ Sia Ton လို့ လူသိများတဲ့ Thawat Kajornchaikul ရဲ့ အိမ်လို့ ယုံကြည်ထားပြီး၊ သူကဟာ ကန်ချနဘူရီက အမျိုးသမီးနဲ့ အိမ်ထောင်ကျနေတဲ့ ဘန်ကောက်မြို့သား တယောက်လို့ ဆိုပါတယ်။

အခုတွေ့ရှိထားတဲ့ ကျား ၄ကောင်နဲ့ ပြီးခဲ့တဲ့ တပတ်က ကျားကျောင်းမှ ပြောင်းရွေ့ခဲ့ရတဲ့ ကျား ၁၃၇ ကောင်တို့ ဆက်စပ်မှုရှိမရှိ DNA စစ်ဆေးသွားမယ်လို့လည်း ရဲအရာရှိ မွန်ထရီက ပြောပါတယ်။
စစ်ဆေးချက် အပေါ်မူတည်ပြီး ပြည်ပက တရားမဝင်တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်နေသူတွေ ဆက် စပ်မှုရှိနေတာကို တွေ့ရှိရင်တော့ ဒီအမှုကို ထိုင်းဘုရင့်ရဲတပ်ဖွဲ့က ကန်ချနဘူရီ ရဲတပ်ဖွဲ့ထံမှ လွဲပြောင်း ယူကာ စစ်ဆေးမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံတဝှမ်း ကျားနဲ့ ပတ်သက်တဲ့ တိရိစ္ဆာန်ရုံ ၃၀ ခန့်ရှိပြီး ၊ ဒုတိယရဲဲချုပ်် Chalermkiat Sriworakhan က နိုင်င့တဝှမ်းက ကျားမွေးမြူရေး ရုံများနဲ့ တခြားသော တောရိုင်းတိရိစ္ဆာန် ရုံများကို စစ်ဆေးဖို့ သူ့ရဲ့ ရဲအရာရှိတွေကို မနေ့က ပြောကြောင်း Bangkok Post သတင်းကလည်းဆိုပါတယ်။
ပြီးခဲ့တဲ့ တပတ် ကျားကျောင်းက ကျားတွေကို ပြောင်းရွေ့စဉ် ကျားကျောင်းနဲ့ တရားမဝင် တောရိုင်း တိရိစ္ဆာန်ရောင်းဝယ်သူတွေ အကြား ကျားသားဖောက်ပြီး လဲလှယ်မယ့် စာရွက်စာတမ်း မိတ္တူတွေကို သိမ်းဆည်းရမိခဲ့ပြီး၊ ဒီသဘောတူညီချက်မှာ ကျားကျောင်း ဘုန်းကြီး လုံတာချန်နဲ့ လာအိုကလူတွေ လက်မှတ်ရေးထိုးထားတဲ့အတွက် ကျားကျောင်းဟာ တရားမဝင် တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်ရေးမှာ ပတ်သက်နေတယ်လို့ အမျိုးသားဥယျာဉ်တောရိုင်းတိရိစ္ဆာန် နဲ့ သစ်ပင်းများကာကွယ်ထိန်းသိမ်း ရေးဌာနက လက်ထောက်အကြီးအကဲ Adisorn Nuchdamrong ဆိုပါတယ်။
ကျားကျောင်းရဲ့ အတိုင်ပင်ခံ ရှေ့နေတွေကတော့ ကျားကျောင်းဘုန်းကြီးဟာ ဒီစွပ်စွဲချက်တွေနဲ့ ပတ် သက်ပြီး ကြာသပတေးနေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ဆိုပါတယ်။
Tiger Temple လို့လူသိများတဲ့ Wat Pa Luangta Bua Yannasampanno ဘုန်းကြီးကျောင်းဟာ ကျားတွေကို မွေးမြူ လေ့ကျင့်ပြီး ခရီးသွားတွေကို ဆွဲဆောင်တဲ့လုပ်ငန်း လုပ်ဆောင်နေတာဟာ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ထိခိုက်စေတဲ့အပြင် တိရစ္ဆာန်အခွင့်ရေး ဆုံးရှုံးနေပြီး၊ တရားမဝင်တိရစ္ဆာန် ရောင်း ဝယ်မှုတွေ၊ ကျား အစိတ်အပိုင်းတွေကို တရားမဝင် ရောင်းဝယ်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာပြီးနောက်မှာ ထိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ကစပြီး ကျောင်းကို ပိတ်ဆို့ကာ ကျား ၁၃၇ကောင်ကို ရပ်ချ်ဘူရီရှိ အမျိုးသား ဥယျာဉ်ကို ရွေ့ပြောင်းခဲ့ပါတယ်။
ကျားကျောင်းအတွင်း မီးဖိုချောင်ကနေ ကျားပေါက် အသေ ကောင်ရေ ၄၀နဲ့ တခြားသော တောရိုင်းတိရိစ္ဆာန်တွေတွေ့ရှိခဲ့တဲ့အပြင်၊ ကျားသားရေနဲ့ လုပ်ထားတဲ့ လက်ဖွဲ့အဆောင် ၁ထောင်ကျော်လည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ဆက်စပ်သတင်းများ
Tiger Temple က ကျားတွေ ရွေ့ပြောင်းမှု စတင်
Tiger Temple အတွင်းမှ ကျားပေါက်အသေများနှင့် တိရိစ္ဆာန်အစိတ်အပိုင်းများ တွေ့ရှိ
ကျားသေများတွေ့ရှိမှု အရေးယူရန် ထိုင်းအာဏာပိုင်များ လုပ်ဆောင်
ကျားသားရေ နဲ့ လုပ်ထားတဲ့ အဆောင်လက်ဖွဲ့များ Tiger Temple မှ သိမ်းဆည်းရမိပြန်












