၂၀၃၀ ခုနှစ်သို့ရောက်မည့်အချိန်တွင် လူတဦး အသက်ရှင်ရန် မျှော်လင့်နိုင်သည့် အသက်အရွယ် (ပျမ်းမျှလူ့သက် တမ်း)သည် တကမ္ဘာလုံးအတိုင်းအတာဖြင့် တိုးမြင့်လာလိမ့်မည်ဟု လေ့လာမှုတခု အရသိရသည်။ မွေးစမှ စတင်သည့် အချိန်နှင့်အသက် ၆၅ နှစ် နောက်ပိုင်းတွင်ပါ တိုးတက်လာမည် ဖြစ်သည်။
ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးကျန်းမာရေးသာမက အရွယ်ရောက်သူများ၏ကျန်းမာရေးတွင်လည်း တိုးတက်မှုများ ရှိ လာခြင်းကြောင့် လူသားတို့ အသက်ရှင်ရန် မျှော်လင့်နိုင်သည့် အသက်က သတ်မှတ်ထားသည့် အချိန်များ(မွေးသည့် အချိန်နှင့် အသက် ၆၅ နှစ်နောက်ပိုင်း) တွင်ပါ တိုးမြင့်လာခြင်း ဖြစ်ပါသည်။
နိုင်ငံအများအပြားတွင် အမျိုးသမီးများ မွေးစမှစ၍ အသက်ရှင်ရန် မျှော်လင့်နိုင်သည့် အသက်အရွယ်မှာ ပျမ်းမျှ ၈၅ နှစ် ကျော်ဖြစ်သော်လည်း ကိုရီးယားနိုင်ငံမှ အမျိုးသမီးများက ၉၀ ဒသမ ၈ နှစ်ဖြင့် ထိပ်ဆုံးတွင် ရှိနေကြောင်း တွေ့ရသည်။
၂၀၁၅ ခုနှစ်တွင် ကမ္ဘာပေါ်ရှိ ပျမ်းမျှလူ့သက်တမ်းမှာ (မွေးစမှစ၍) ၇၁ ဒသမ၄ နှစ်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့( WHO) ၏ အဆိုအရ သိရသည်။
အမျိုးသားများသည် အရက်သောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းများ အပါအဝင် ကျန်းမာရေးနှင့် မညီညွတ်သည့် လူနေ မှု ပုံစံများရှိကြသည့်အတွက် အမျိုးသမီးများ၏ ပျမ်းမျှသက်တမ်းက ပိုမိုများပြားနေခဲ့ခြင်းဖြစ်သည်ဟု သုတေသီများကပြော ကြသည်။
တောင်ကိုရီးယားနိုင်ငံမှ အမျိုးသားများ၏ အသက်ရှင်နိုင်ရန် မျှော်လင့်နိုင်သည့်ကာလမှာ ၂၀၃၀ ခုနှစ်တွင် ၈၄ ဒသမ ၁ နှစ် အထိ ဖြစ်လာမည်ဟု လေ့လာချက်အရ ခန့်မှန်းထားကြောင်း ဗြိတိန် ဆေးပညာဂျာနယ် Lancet တွင် ဖော်ပြထား သည်။
သို့သော်လည်း ယခုအခါ ကျားနှင့်မကြားမှ ပျမ်းမျှသက်တမ်း ကွာခြားမှုက ကျဉ်းမြောင်းလာနေပြီး ၎င်းတို့၏ ဘဝနေထိုင် မှုပုံစံက ပိုမိုတူညီလာ၍ဖြစ်ကြောင်း လေ့လာသူများက ယုံကြည်ထားသည်။
“အကြီးဆုံး ရလဒ်(တွေ့ရှိချက်)ကတော့ အနည်းဆုံးတော့ တဖွဲ့ဖွဲ့က အသက် ၉၀ ကန့်သတ်ချက်ကို ချိုးဖျက်တော့မယ် ဆို တာပါပဲ” ဟု လန်ဒန် Imperial College မှ ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ကျန်းမာရေးဆိုင်ရာ ပါမောက္ခ Majid Ezzati က တောင်ကိုရီးယားနိုင်ငံမှ အမျိုးသမီးများနှင့် ပတ်သက်သော ခန့်မှန်းချက်ကို ရည်ညွှန်း၍ ပြောသည်။ လေ့လာမှုကို Majid Ezzati က ဦးဆောင်ခဲ့ပြီး ပျမ်းမျှသက်တမ်းသည် မည်သည့်အခါမျှ ၉၀ နှစ်ကို ကျော်လွန်လိမ့်မည်မဟုတ်ဟု ကျွမ်းကျင်သူ အများအပြားက ယုံကြည်ခဲ့ကြကြောင်းလည်း သူကဆိုသည်။
“လူ့သက်တမ်းနေနိုင်မှုမှာ ကန့်သတ်ချက် တခုရှိနေတယ် ဆိုရင်တောင်မှ ကျနော်တို့က အဲဒီနားကို ရောက်နေပြီဆိုတာကို ဒါက ပြသနေပါတယ်။ ကျနော်တို့ အနေနဲ့ အသက်ပိုပြီး ရှည်ရှည်နေဖို့ ပြင်ဆင်နေသင့်ပါတယ်” ဟု Majid Ezzati က ပြော သည်။
လေ့လာမှုက ဝင်ငွေမြင့်မားသောနိုင်ငံများနှင့် စီးပွားရေး တိုးတက်လာနေသော နိုင်ငံများ အပါအဝင် စက်မှုနိုင်ငံ ၃၅ နိုင်ငံမှ သေဆုံးမှုနှင့် အသက်ရှည်ရှည်နေနိုင်မှု အပါအဝင် အချက်အလက်များကို ဆန်းစစ်ခဲ့ခြင်းဖြစ်သည်။
ဥရောပတွင် ပြင်သစ်နှင့် ဆွစ်ဇာလန် အမျိုးသမီးများက အသက်ရှင်ရန် မျှော်မှန်းနိုင်သည့်ကာလ အမြင့်ဆုံးဖြစ်မည်ဟု ခန့် မှန်းရပြီး ပျမ်းမျှသက်တမ်း ၈၈ ဒသမ ၆ နှစ် နှင့် ၈၄ နှစ် အသီးသီး ရှိကြသည်။
ဝင်ငွေမြင့်မားသော နိုင်ငံများထဲတွင် မွေးဖွားသည့်အချိန်မှစ၍ နေနိုင်ရန် မျှော်လင့်နိုင်သည့် သက်တမ်း(ပျမ်းမျှသက်တမ်း) အနည်းဆုံးမှာ အမေရိကန်နိုင်ငံ ဖြစ်ဖွယ်ရာရှိပြီး အမျိုးသမီးများက ပျမ်းမျှ ၈၃ ဒသမ ၃ နှစ်နှင့် အမျိုးသားများက ၇၉ ဒသမ ၅ နှစ်ဖြစ်သည်။ မက်ဆီကိုနှင့် ခရိုအေးရှားတို့ကလည်း ၎င်းနှင့် အတူတူပင် ဖြစ်သည်။
“သူတို့ (ထိုနိုင်ငံများတွင်)က သက်ငယ်နဲ့ သက်လတ်ပိုင်းမှာ သေဆုံးမှုက တခြားနိုင်ငံတွေထက် မြင့်နေဆဲပါ။ သူတို့ အသက် ၄၀ ကျော် သို့မဟုတ် ၅၀ ကျော်မှာ သေဆုံးမှုက များနေပါတယ်” ဟု Majid Ezzati က CNN သို့ပြောသည်။ အထက်ပါနိုင်ငံများတွင် ပျမ်းမျှသက်တမ်း နည်းနေသည်ကို ရည်ညွှန်းခြင်း ဖြစ်သည်။
အဆိုပါ အသက်အပိုင်းအခြားတွင် သေဆုံးရခြင်းအတွက် အကြောင်းရင်းများစွာရှိသည်ဟု Majid Ezzati က ဆိုသည်။ အဝလွန်မှုနှုန်းမြင့်မားခြင်းနှင့် ၎င်းနှင့် သက်ဆိုင်သော ရောဂါများကြောင့် ဖြစ်နိုင်သလို လူသတ်မှုများနှင့် လမ်းပေါ်မှ မတော်တဆမှုများကြောင့်လည်း အပါအဝင် ဖြစ်သည်။ အမေရိကန်ကဲ့သို့ နိုင်ငံများတွင် အားလုံးလွှမ်းခြုံနိုင်သည့် ကျန်း မာရေးစောင့်ရှောက်မှု မရှိခြင်းကလည်း အခန်းကဏ္ဍတခုအနေဖြင့် ပါဝင်နေကြောင်း လေ့လာမှုက ဆိုသည်။
ပျမ်းမျှ လူ့သက်တမ်းအနိမ့်ဆုံးမှာ အမျိုးသမီးများအနေဖြင့်ဆိုလျှင် မက်ဆီဒိုးနီးယားနိုင်ငံနှင့် အမျိုးသားဆိုလျှင် ဆာဘီး ယားနိုင်ငံတို့ ဖြစ်ကြောင်း လေ့လာမှုအရ သိရသည်။
“ဒီကိစ္စအများစုက မညီမျှမှုကြောင့်ပါ။ မညီမျှမှုက တနိုင်ငံလုံး ပျမ်းမျှနှုန်းထားကိုလည်း ကျဆင်းစေပါတယ်” ဟု Majid Ezzati က ပြောသည်။
သုတေသနအဖွဲ့က လူဦးရေတစုအတွင်း၌ သေဆုံးမှုများ၏ အသက်အရွယ်နှင့် ဆိုင်သော အချက်အလက်များကို အသုံး ပြု၍ ပျမ်းမျှလူ့သက်တမ်းကို တွက်ချက်ခဲ့ခြင်းဖြစ်သည်။ ဥပမာအားဖြင့် ထိခိုက်ဒဏ်ရာရရှိမှုများနှင့် အကြမ်းဖက်မှုများ ကြောင့် ကလေးငယ်များ သေဆုံးခြင်းနှင့် လူငယ်များ သေဆုံးရခြင်းတို့က ပျမ်းမျှနှုန်းထားကို ထိခိုက်ကျဆင်းစေခဲ့သည်။
၎င်းနှင့် ဆန့်ကျင်ဘက်အဖြစ် တန်းတူညီမျှမှု ကျယ်ပြန့်သော၊ ပိုမို၍ လွှမ်းခြုံနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုရှိသော၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်နေထိုင်မှု ရှိသည့်နေရာများတွင် ပျမ်းမျှသက်တမ်းနှုန်းထားကို တိုးတက်စေခဲ့ သည်။ ဥပမာ တောင်ကိုရီးယားကဲ့သို့ဖြစ်သည်။
“တောင်ကိုရီးယားလို နေရာမျိုးနဲ့ တချို့ စီးပွားရေးတိုးတက်နေတဲ့နေရာတွေ၊ ဆွစ်ဇာလန်နဲ့ ကနေဒါတို့က ကောင်းကောင်း လုပ်နိုင်ခဲ့ကြတယ်။ တောင်ကိုရီးယားက မှတ်သားလောက်စရာ အောင်မြင်ခဲ့ပါတယ်” ဟု Majid Ezzati က ပြောသည်။
တောင်ကိုရီးယားနိုင်ငံ အောင်မြင်ရခြင်း၏ လျှို့ဝှက်ချက်တွင် ကလေးအာဟာရ၊ ပညာရေးနှင့် နည်းပညာတို့တွင် ရင်းနှီး မြှုပ်နှံခဲ့သောကြောင့်ဖြစ်သည်ဟု Majid Ezzati က ယုံကြည်သည်။ သွေးတိုးရောဂါနည်းပါးခြင်း၊ ဆေးလိပ်သောက်မှု နှုန်းနည်းပါးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာ ရရှိနိုင်ခြင်းတို့လည်း အပါအဝင် ဖြစ်သည်။
“ဒီ အသိပညာတွေကို ရယူနိုင်တဲ့ နည်းလမ်းရှိနေခြင်းကလည်း မောင်းနှင်အားတခု ဖြစ်ပါတယ်” ဟု သူက ပြောသည်။
ထိုအချိန်တွင် သူတို့၏ အသက်ရှည်ရှည်နေနိုင်မှုကို ကြာမြင့်စွာထိန်းထားနိုင်ခဲ့သည့် ဂျပန်ကဲ့သို့ နိုင်ငံများတွင် ပျမ်းမျှသက် တမ်းတိုးတက်လာမှု အနည်းငယ်မျှသာ ရှိလိမ့်မည်ဟု မျှော်လင့်ရသည်။
“ဂျပန်နိုင်ငံက အဆုံးတခုနားကို ရောက်ဖို့ စတင်နေပါပြီ” ဟု Majid Ezzati က ပြောသည်။ ဂျပန်တို့၏ ယဉ်ကျေးမှုသည် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများနှင့် တက်ကြွသည့် လူနေမှုပုံစံကြောင့် လူသိများခဲ့သော်လည်း ယခုအခါ တွင် စတင်ပြောင်းလဲနေပြီဟု သူက ထပ်ပြောသည်။
“သူတို့က အဝလွန်မှုနဲ့ သွေးတိုးနည်းနေတုန်းပဲ။ အခုထိ ကောင်းကောင်းလုပ်နိုင်နေတယ်။ ဒါပေမယ့် ခေတ်အလိုက် ပြောင်းလဲနေတာ တချို့တော့ရှိတယ်” ဟု သူက ထပ်ပြောသည်။ အနောက်တိုင်းဟန်ပန် လွှမ်းမိုးလာသော စားသောက်မှု ပုံစံကို ဆိုလိုခြင်းဖြစ်သည်။
“တောင်ကိုရီးယားနိုင်ငံက လူနေမှုအဆင့်အတန်းတိုးတက်လာတာနဲ့အမျှ ဂျပန်နိုင်ငံကို မီလာခဲ့ပါတယ်” ဟု Oxford တက္ကသိုလ်မှ အိုမင်းမှုဆိုင်ရာ လေ့လာရေး ပါမောက္ခ Sarah Harper က ပြောသည်။
“ဒါပေမယ့် အာရှတိုက်နေရာ အတော်များများမှာ လူငယ်တွေက အနောက်တိုင်း အစားအစာတွေ စားလာကြတယ်။ သူတို့ တွေ အသက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့ အရင်က ကျန်းမာရေးနဲ့ ညီညွတ်ခဲ့တဲ့ အစားအစာပုံစံတွေကို ဆက်လက်ထိန်း ထားနိုင်မှာ မဟုတ်ဘူး” ဟု လည်း သူက ဆိုသည်။
လေ့လာမှု၏တွေ့ရှိချက်များက နိုင်ငံများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော အပြောင်းအလဲများကို နားလည်သဘော ပေါက်စေရေးနှင့် ပို၍ အရေးကြီးသည်မှာ မူဝါဒ ရေးဆွဲချမှတ်သူများက သူတို့ ပြည်သူများ၏လူမှုဘဝ အပြောင်းအလဲများ အတွက် ပြင်ဆင်မှုများပြုလုပ်ရာတွင် အထောက်အကူဖြစ်ရေးကို ရည်ရွယ်ထားသည်။
“တောင်ကိုရီးယားလုပ်ခဲ့တာက အနောက်နိုင်ငံတချို့နဲ့ လုံးဝကို ဆန့်ကျင်ဘက်ပဲ။ အောင်မြင်ရေး အစီအစဉ်တွေနဲ့ ဆန့် ကျင်နေပါတယ်” ဟု Majid Ezzati က ပြောသည်။
“ကျနော်တို့ အနေနဲ့ လူမှုရေးစောင့်ရှောက်မှု၊ စီမံကိန်းတွေနဲ့ သက်ကြီး ရွယ်အိုတွေအတွက် ပင်စင်ကိစ္စတွေ ထည့်သွင်း စဉ်းစားဖို့ လိုအပ်လာပါပြီ” ဟု သူက ထပ်ပြောသည်။
Sarah Harper ၏ တွေ့ရှိချက်အသစ်များက အခြားတွေ့ရှိချက်များ၏ဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိသည်ဟု ပြောသည်။ အာရှနိုင်ငံများက ရှေ့ဆောင်နေသော်လည်း သူတို့၏ လူငယ်များကြားတွင် အပြောင်းအလဲများ မြင်နေရခြင်းကိုလည်း သူက သဘောတူခဲ့သည်။
ဝင်ငွေမြင့်မားသည့် အချို့နိုင်ငံများတွင် ပျမ်းမျှသက်တမ်း နိမ့်ပါးနေရခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းတခုမှာ မညီမျှမှု ဖြစ်ဖွယ်ရာရှိကြောင်းကိုလည်း Sarah Harper က လက်ခံသည်။
“အမေရိကန်က ကမ္ဘာပေါ်က တခြားနိုင်ငံတွေထက်စာရင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဘတ်ဂျက်ပိုသုံးပါတယ်။ အဲဒါက မညီမျှမှုကြီးမားတာကြောင့်လို့ တချို့က ပြောကြပါတယ်။ စကင်ဒီနေဗီးယန်း နိုင်ငံတွေကျတော့ ကောင်းကောင်း လုပ်ခဲ့တယ်။ သူတို့က ညီမျှမှု ပိုပြီးရှိတာနဲ့ အမျှ ပျမ်းမျှသက်တမ်း ပိုမို မြင့်မားတဲ့ ရလဒ်ထွက်ပေါ်စေခဲ့ပါတယ်” ဟု သူက ပြောသည်။