ရွာလမ်းများ၊ အိမ်ခြံဝင်းများ၊ တချို့အိမ်ခေါင်မိုးပင် နစ်လုလု အိမ်များနှင့် ကျန်ရှိနေသည့် ရွာမှာ ရွှေကျင်မြို့နယ်အတွင်းရှိ ညောင်ပင်ကြီး ကျေးရွာတွင် ဖြစ်သည်။မြစ်ကမ်းနံဘေး သွပ်မိုးဓနိကာ အိမ်တန်းများရှိ အိမ်တိုင်ခြေများမှာ နောက်ကျိကျိ မြစ်ရေများ ဖုံးလွှမ်းနေပြီး အဆိုပါ အိမ်တန်းများ ရှိရာသို့ သွားရောက်ရန်လမ်းမှာလည်း အစအနပင် မတွေ့ရချေ။
ယင်းကျေးရွာတွင် လူရိပ်လူခြေမတွေ့ရဘဲ၊ အသံများလည်း တိတ်ဆိတ်နေသဖြင့် ရေထဲသို့ လှော်တက်ချ၍ လှော်သည့် အသံကိုပင်ကြားရသည်။
ညောင်ပင်ကြီး ကျေးရွာအတွင်း ဝင်ရောက်နေသော ရေများနှင့် စစ်တောင်းမြစ်၊ ရွှေကျင်မြစ်တို့သည် တပြင်တည်း ဆက်စပ်လျက်ဖြစ်နေရာ နေအိမ်များနှင့် ရွာအတွင်းရှိ သစ်ပင်များကိုသာ မမြင်ရလျှင် မြစ်ပြင်ကျယ်ထဲ ရောက်နေသကဲ့သို့ ဖြစ်နေသည်။
ခြံစည်းရိုးသဖွယ် စိုက်ထားသည့် ရွက်လှပင်များသည် ထိပ်ဖျားပိုင်းသာ ပေါ်ပြီး ခြံဝင်းတွင်းရှိ ၆ ပေအမြင့် ခြေတံရှည် အိမ်ကြီး၏ အောက်ခြေပိုင်းသည် ရေဝင်ရောက်နေပြီ ဖြစ်သည်။
ထိုခြေတံရှည်အိမ်၏ ရေလွတ်ရာ လှေကားတွင် အမျိုးသမီး တဦးထိုင်နေသည်။ အဆိုပါ အမျိုးသမီးမှာမသင်းပပစိုး ဆိုသည့် ဒေသခံ အမျိုးသမီး တဦးဖြစ်ပြီး သူက ထိုရွာ၏ ရေကြီးမှု အခြေအနေကို ရှင်းပြသည်။
“ခါတိုင်းနှစ်တွေထက်စာရင် ပိုကြီးတယ်။ အခုမှအိမ်ထဲရေဝင်တာ အရင်တုန်းက ရေမဝင်ဘူး” ဟု ညောင်ပင်ကြီး ကျေးရွာသူ မသင်းပပစိုးက ပြောသည်။
နေအိမ်များ ရေဝင်နစ်မြုပ်သည်ထက် ပျိုးကျဲပြီး လယ်များ နစ်မြုပ်ပြီး ပျိုးခင်းများ ပျက်ဆီး ဆုံးရှုံးမှုက မသင်းပပစိုး အပါအဝင် ညောင်ပင်ကြီး ကျေးရွာရှိ လယ်သမားများကို အထိနာစေခဲ့သည်။
“ဒီနှစ်က ရေဟေ့ဆိုတာနဲ့ ဘာမှ လုပ်လို့မရတဲ့ အခြေအနေ ဖြစ်သွားတယ်” ဟု ညောင်ပင်ကြီး ကျေးရွာသား ဦးကျော်ဆန်းဝင်းက ပြောသည်။
ဦးကျော်ဆန်းဝင်းသည် လှော်တက်ကိုကိုင်ကာ သူ၏လှေပေါ်မှ တဆင့်ပြောပြနေခြင်းဖြစ်သည်။
ကျဲထားသည့် မျိုးစပါး၊ ထွန်ယက်ခနှင့် မြေသြဇာများအပါအဝင် တဧကလျှင် ကျပ် ၁ သိန်းခွဲဖိုးခန့် ဆုံးရှုံးမည်ဖြစ်ကြောင်း ဦးကျော်ဆန်းဝင်းက ထပ်မံပြောသည်။
မသင်းပပစိုးကလည်း “ဒီနှစ်တော့ အကြိုက်ကျဲထားတာ၊ ရေသိပ်မကြီးဘူးဆိုပြီးတော့၊ ကြီးလည်း မြန်မြန်ကျသွားတယ် ဆိုပြီးတော့လေ။ အခုတော့ အကုန်မြုပ်ကုန်ပြီ” ဟု ပြောသည်။
ညောင်ပင်ကြီးကျေးရွာအပါအဝင် ကျေးရွာအုပ်စု ၃၉ စုရှိသော ရွှေကျင်မြို့နယ်တွင် လယ်မြေဧက ၄၅၃၀၅ ဧက ရှိသည့် အနက် လယ်ဧက၂၅၅၀၀ (ထက်ဝက်ကျော်) ရေမြုပ်နေကြောင်း ရွှေကျင်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက ဇူလိုင်လ ၃၁ ရက်အထိ ကောက်ယူရရှိသော စာရင်းများ၌ ဖော်ပြထားသည်။
ရွှေကျင်မြို့နယ်သာမက၊ ဇွန်လမှ စတင်ခဲ့သည့် ရေကြီးမှု ဖြစ်စဉ်အရ တနိုင်ငံလုံးတွင် လယ်ယာမြေဧက ၁၁ သိန်းကျော် ရေလွှမ်းပြီး ၃ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ကာ မနှစ်ကထက် အခြေအနေ ဆိုးရွားခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။
၂၀၁၈ ခုနှစ် မိုးရာသီ ရေကြီးရေလျှံမှုကြောင့် နွေနှမ်း၊ မိုးနှမ်းဧက ၂ သိန်းကျော်နှင့် မိုးစပါး ဧက ၁ သိန်းကျော် ပျက်စီးသွားခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမျိုးတင့်ထွန်းက ဧရာဝတီသို့ ပြောသည်။
တရားမဝင် ရွှေတူးဖော်ခြင်း၊ ရွှေကျင်ခြင်းနှင့် သစ်တောပြုန်းတီးခြင်း တို့သည် ရွှေကျင်တဝိုက်တွင် ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး စစ်တောင်းမြစ်၏ သဘာဝပတ်ဝန်းကျင်ကို များစွာ ထိခိုက်စေကြောင်း ရွှေကျင်မြို့နယ် လွှတ်တော် အမတ်များက သုံးသပ်ပြောဆိုသည်။
“သဘာဝပတ်ဝန်းကျင် ပိုဆိုးလာတယ်လို့ ကျမကတော့ အခိုင်အမာ ပြောနိုင်ပါတယ်။ ရွှေတူးတဲ့ Deposit တွေက ချောင်းထဲကို ကျမယ်၊ ချောင်းထဲက Deposit တွေရဲ့ မျက်နှာပြင်နဲ့ ရွာရဲ့မျက်နှာပြင်နဲ့ တူနေတဲ့အခါမှာ ရေတွေက ဘယ်မှ သွားစရာမရှိဘူး မြင့်တက်လာမယ် ဆိုရင်တော့ မြို့ထဲတွေ ရွာထဲတွေကို ဝင်တဲ့သဘောပါ” ဟု ရွှေကျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်း ကပြောသည်။
ထို့ပြင် ရွှေကျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောသလေးစောက “ရွှေတူးဖော်မှုရယ် သစ်တော ပြုန်းတီးမှုရယ်က တော်တော် ဆိုးဆိုးရွားရွားကို ဖြစ်နေတယ်။ ရွှေတူးဖော်လိုက်တဲ့ နုန်းအနယ်အနှစ်တွေက ရွှေကျင် ချောင်းထဲမှ ကျတယ်။ ကြာလာတဲ့ အခါကျတော့ ချောင်းရဲ့ မျက်နှာပြင်က Flat ဖြစ်သွားတယ်။ ချောင်းရေတိမ်သွားတဲ့ အခါ ကျတော့ မိုးရာသီဆိုရင် အလုံးအရင်းနဲ့ ဆင်းလာတဲ့ရေတွေက သူ့စီးဆင်းရမယ့် အနေအထားအတိုင်း မစီးဆင်းနိုင်တော့ဘဲနဲ့ မြို့ထဲဘက်ကို လျှံထွက်လာတယ်” ဟုဆိုသည်။
ရွှေကျင်မြို့နယ်သာမက မြန်မာနိုင်ငံအနှံ့အပြားတွင် အကြောင်းအမျိုးမျိုးကြောင့် သစ်တော ပြုန်းတီးခြင်း၊ မြစ်ကြောင်းများ ပြောင်းလဲခြင်းစသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ယင်း၏ နောက်ဆက်တွဲ အကျိုးဆက် အနေဖြင့် မြန်မာနိုင်ငံသည် ဘေးအန္တရာယ် ထိခိုက်မှုကို နှစ်စဉ်ရင်ဆိုင် ကြုံတွေ့ နေရခြင်းဖြစ်သည်။
ယင်းသို့ သဘာဝပတ်ဝန်းကျင် ပျက်စီးလာရခြင်းသည် လူများ၏ မဆင်ခြင်မှုကြောင့်ပင် ဖြစ်နေပြီး သစ်တောပြုန်းတီးခြင်း၊ သတ္တုတူးဖော်ခြင်းများက သဘာဝပတ်ဝန်းကျင်ကို ဆိုးရွာစွာ ထိခိုက်စေခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
ဦးကျော်မိုးဦးက “များသောအားဖြင့်တော့ လူတွေလုပ်ဆောင်ချက်ကြောင့် မြစ်တွေတိမ်ကောလာတယ်၊ ရာသီဥတု ပြောင်းလဲမှုကို အဓိက ဖန်တီးနေတာလည်း လူတွေပဲ။ လူတွေရဲ့ လုပ်ဆောင်ချက်ကြောင့် ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်နေတာပေါ့။ သဘာဝကြောင့် ဖြစ်တာကတော့ ရာခိုင်နှုန်းအားဖြင့် ၂၀ ရာခိုင်နှုန်းလောက်ပေါ့။ လူတွေရဲ့ လုပ်ဆောင်မှုကြောင့်တော့ ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်” ဟု ပြောသည်။
ဆက်လက်ပြီး ဦးကျေ်ာမိုးဦးက “သစ်တောသစ်ပင်တွေ ဆုံးရှုံးတဲ့ အတွက်ကြောင့်မို့လို့ သစ်တောသစ်ပင်တွေကနေ ရေကို စုပ်ယူသင့်သလောက် မစုပ်ယူနိုင်တဲ့ အခါကျတော့ ရေကမြေကြီးထဲမှာ စိမ့်ဝင်နိုင်မှု နည်းပါးလာတဲ့အခါ ရေအနေနဲ့ စီးဆင်း သွားတာပေါ့။ အဲဒါတွေကြောင့်မို့ ရေကြီးမှုဖြစ်စဉ်တွေဖြစ်နေတာ” ဟု ဆိုသည်။
မြန်မာနိုင်ငံသည် နှစ်စဉ်မိုးရာသီကာလ ရောက်တိုင်း ရေကြီးရေလျှံမှုများသည် အစဉ်အလာတရပ် အလားဖြစ်နေပြီး နှစ်စဉ်ပျက်စီး ဆုံးရှုံးမှုများကိုလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။
အထူးသဖြင့် ဇူလိုင်လနှင့် သြဂုတ်လသို့ရောက်တိုင်း ရေဘေးဒဏ်ကို အမြဲလိုလို ခံစားခဲ့ရသည့်အတွက် အသုံးအဆောင် ပစ္စည်းများကို ကြိုတင် ထုပ်ပိုးပြင်ဆင်မှုများ ပြုလုပ်ထားရကြောင်း ပဲခူးမြို့ ဒေသခံ ဦးထွန်းရီက ဆိုသည်။
“အခုအစိုးရကတော့ ဖြစ်တာနဲ့တော့ ချက်ချင်းလာပါတယ်။ သူတို့လည်း လုပ်နိုင်သလောက်ကို လုပ်ပေးနေတယ်လို့လည်း ယုံကြည်ပါတယ်။ ဒါပေမယ့် ကျနော်တို့က နှစ်တိုင်းလိုလို ရေကြီးတဲ့ဒဏ်ကို ခံစားနေရတော့ ဖြစ်မှလာတာထက်စာရင် မဖြစ်အောင် ဘာတွေလုပ်ကြမယ် ဆိုတာမျိုးကို ကြိုတင်စီစဉ်ကြ စေချင်တယ်” ဟု ပဲခူးမြို့ ဒေသခံ ဦးထွန်းရီက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ တွင် တိုင်းနှင့်ပြည်နယ် ၁၄ ခုစလုံး၌ လူဦးရေ ၃၃၅၆၃၅ ဦး၊ အိမ်ထောင်စု ၈၂၁၁၄ စု ရေဘေးသင့်ခဲ့ကာ သေဆုံးသူ ၁၀ ဦး ရှိခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ စာရင်းများအရသိရသည်။
ထိုနှစ်တွင် ရေဘေးသင့်သူများကို ထောက်ပံ့ခဲ့ရသည့် ငွေပမာဏသည် ကျပ်သိန်း ၅ ထောင်ကျော် ရှိခဲ့ကြောင်းလည်း သိရသည်။
၂၀၁၈ ဇူလိုင်မှ သြဂုတ် ၅ ရက်နေ့အထိ တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် အိမ်ထောင်စု ၃၂၈၅၄၊ လူဦးရေ ၁၅၂၂၁၁ ရေဘေးဒဏ်ကို ခံစားခဲ့ရပြီး သေဆုံးသူ ၁၇ ဦးရှိခဲ့ကာ အဆိုပါရေဘေးအတွက် ကျပ်သိန်း ၇ ထောင်ကျော် ထောက်ပံ့ ထားကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
ထိုကဲ့သို့ ထောက်ပံ့ရသည့်ငွေကြေးများအပြင် ရေနှစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် လယ်ယာမြေများ၊ ပြည်သူ များ၏ အိုးအိမ်စည်းစိမ်များသည် တဦးချင်းဆုံးရှုံးမှုများသာမကဘဲ နိုင်ငံတော် တခုလုံးအတွက် နစ်နာဆုံးရှုံးမှုများဟု ဆိုရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂၅ နှစ်အတွင်း လူပေါင်း ၄ သန်းခန့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄ ဘီလီယံ တန်ဖိုးခန့် ဆုံးရှုံးခဲ့ကာ ၂၀၁၅ ရေဘေးတခုတည်းကပင် နိုင်ငံ၏ ဂျီဒီပီကို ၃ ရာခိုင်နှုန်းအထိ ထိခိုက်စေခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်ထားသည်။
ဒေါက်တာအောင်ထွန်းသက်က “သဘာဝဘေးအန္တရာယ်နဲ့ တွဲပြီးတော့ စီးပွားရေး အကျိုးဆက်တွေကတော့ ရှိတယ်။ စီးပွားရေးကို ကောင်းကျိုးတော့ ရှိမှာမဟုတ်ဘူး။ နှစ်စဉ်လည်း ဖြစ်နေတယ်။ တကမ္ဘာလုံးဖြစ်နေလို့ အရေးမကြီးဘူး လို့တော့ ပြောလို့မရဘူး။ သတိထားရမယ့် ကိစ္စပါ” ဟု ပြောသည်။
နှစ်စဉ်နှစ်တိုင်း ခံစားနေရသည့် ရေကြီးမှုဒဏ်ကို ကာကွယ်နိုင်မည့် နည်းလမ်းကောင်းများနှင့် ကြိုတင်ပြင်ဆင်မှုများကို လည်း ပြည်သူများက လိုလားနေကြသည်။
မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုအပိုင်းတွင် အားနည်းနေသေးကြောင်းနှင့် ယင်းအခြေအနေမျိုး ကြုံတွေ့လာသည့် အခါတွင် အချိန်တိုတိုအတွင်း ဖြေရှင်းနိုင်မှသာ နိုင်ငံ၏ စီးပွားရေး အခြေအနေကို ဆိုးဆိုးရွားရွား ထိခိုက်မည် မဟုတ်ကြောင်း စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က ဆိုသည်။
“ဘေးအန္တရာယ်ကြိုတင် ပြင်ဆင်မှုမှာတော့ အားနည်းတယ်လို့ ယူဆတယ်။ ဘေးအန္တရာယ်တွေ့တာကို ဘယ်လို ရင်ဆိုင်သလဲ၊ ဘယ်လိုကြိုတင် ပြင်ဆင်ထားသလဲ။ ဘေးအန္တရာယ် ရင်ဆိုင်ပြီးတဲ့အခါမှာ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတဲ့ အပေါ်မှာ မူတည်တယ်လို့ ယူဆတယ်” ဟု ၎င်းကဆက်ပြောသည်။
၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလက ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် မြန်မာ့ဘေးအန္တရာယ် စီမံခန့်ခွဲမှု စီမံချက်ပါ အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ဘေးအန္တရာယ်များကို နှစ်စဉ် ရင်ဆိုင်နေရသည်သာမက တုန့်ပြန်ဖြေရှင်းနိုင်စွမ်းလည်း များစွာ လျော့ကျ နေသည်ကို တွေ့ရသည်။
အဆိုပါ စီမံချက် အညွှန်းကိန်းများအရ မြန်မာနိုင်ငံတွင် ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အစိုးရ၏ ရပ်တည်တုန့်ပြန်နိုင်စွမ်း မရှိမှု ညွှန်းကိန်း ၁၀ မှတ်တွင် ၇ ဒသမ ၃၊ ဘေးဒုက္ခအန္တရာယ် လျှော့ချရန် ရပ်တည်တုန့်ပြန်နိုင်စွမ်း မရှိမှု ညွှန်းကိန်း ၁၀ မှတ်တွင် ၇ ဒသမ ၁၊ စီမံအုပ်ချုပ်မှုဆိုင်ရာ ရပ်တည်တုန့်ပြန်နိုင်စွမ်း မရှိမှု ညွှန်းကိန်း ၁၀ မှတ်တွင် ၇ ဒသမ ၄ သာ ရှိနေသဖြင့် ဆိုးရွားသည့် အဆင့်တွင်သာ ရှိနေဆဲဖြစ်သည်။
ထို့ပြင် အခြေခံ အဆောက်အအုံများ၏ ရပ်တည်တုန့်ပြန်နိုင်စွမ်း မရှိမှု ဆက်သွယ်ဆက်ဆံရေး ကဏ္ဍ၏ ရပ်တည် တုန့်ပြန်နိုင်စွမ်း မရှိမှု၊ ကျန်းမာရေးအတွက် လက်လှမ်းမီဖို့ ရပ်တည်တုန့်ပြန်နိုင်စွမ်း မရှိမှု တို့တွင်လည်း အလားတူ ဆိုးရွားစွာ နိမ့်ကျနေကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။
အစိုးရအနေဖြင့် လက်ရှိ ရှိနေသည့် ဘတ်ဂျက်နှင့် လိုက်လျောညီထွေစွာ စီမံချက်များ လုပ်ကိုင်ဆောင်ရွက်နေသော်လည်း သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားမှု ပိုမိုများပြားလာသည်နှင့် အမျှ စီမံချက်များ ဆက်လက်ဆောင်ရွက်ရန် လိုအပ် နေသေးကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောသည်။
ဒေါက်တာကိုကိုနိုင်က “သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှုရော၊ ကမ္ဘာကြီး ပူနွေးလာတာကြောင့်ရော ကမ္ဘာအရပ်ရပ်မှာ သဘာဝ ဘေးတွေကတော့ ပိုပိုပြီး များလာတယ်။ များလာတာနဲ့ လိုက်လျောညီထွေဖြစ်တဲ့ စီမံချက်တွေက လိုအပ် ပါတယ်” ဟု ဆိုသည်။
အစိုးရအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှု လျှော့ချနိုင်ရေး အစွမ်းကုန် ကြိုးစားလျက်ရှိကြောင်း မိုး/ဇလ ညွှန်ချုပ် ဦးကျော်မိုးဦးကလည်း ပြောသည်။
“ကျနော်တို့နိုင်ငံက ဆင်းရဲတဲ့နိုင်ငံတွေထဲမှာ ပါဝင်နေတော့ နိုင်ငံက လုပ်ချင်တာတွေ အကုန်လုံးကို တပြိုင်နက်တည်း လုပ်လို့မရဘူးပေါ့။ တခုခု လုပ်တော့မယ်ဆိုရင် ငွေရေးကြေးရေးက အဓိက ပါဝင်တာပေါ့။ အဓိက ဆင်းရဲတဲ့ နိုင်ငံ ဖြစ်နေတဲ့အတွက်ကြောင့် အကုန်လုံးကို Cover မဖြစ်တဲ့အခါ လုပ်လို့ရနိုင်တာနဲ့ လုပ်နေတယ်။ လုပ်လို့မရတဲ့ အပိုင်းတွေ မလုပ်နိုင်တဲ့ အခါကျတော့ ဒီလိုမျိုးတွေ မြင်လာတာပေါ့” ဟု ၎င်းက ဆိုသည်။
မည်သို့ပင် ဆိုစေကာမူ သဘာဝ ဘေးအန္တရာယ်သည် တားဆီး၍ မရသော ဘေးအန္တရာယ် တခုဖြစ်ရာ ထိခိုက်မှု အနည်းဆုံးအထိ လျှော့ချနိုင်မည့် နည်းလမ်းများကို မဖြစ်မနေ ရှာဖွေရန် လိုအပ်နေပေသည်။
ထိုသို့ မဟုတ်လျှင် နှစ်စဉ်ဆိုသလိုပင် ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေး စသည့် သဘာဝဘေးအန္တရာယ်များကို ဝဋ်ကြွေးကဲ့သို့ ရင်ဆိုင်ရင်း မြန်မာနိုင်ငံ၏ စီးပွားရေးအခြေခံ တောင်သူလယ်သမားများမှာ အကြွေးနွံထဲ နစ်ပြီးရင်းနစ်နေပေလိမ့်မည်။
“လယ်တွေမြုပ်သွားပြီ။ အစိုးရဆီက ပိုက်ဆံတွေချေးရတယ်။ ၇ ဧက ရှိတော့ ၁၀ သိန်းလောက်ရတယ်။ အခု မရှိတဲ့အခါကျတော့ သူများဆီက ချေးရတော့မှာပေါ့။ ပိုက်ဆံ အကြွေးတွေ တင်သွားတော့ ဆက်ယူ ဆက်ယူနဲ့ အကြွေးတွေက ဘယ်လိုမှ မဆပ်နိုင်တော့ဘူး” ဟုေ ရွှကျင်မြို့နယ် ဝိုင်ပျဉ်ရေ ကျေးရွာမှ တောင်သူ မမေပုလဲဝါကလည်း ရှင်းပြသည်။
စိုက်ပျိုးစီးပွားနိုင်ငံ၏ အခြေခံ ကုန်ထုတ်စွမ်းအားစုဖြစ်သော တောင်သူများ သဘာဝဘေးဒဏ်ကြောင့် အကြွေးနွံထဲ ဆက်နစ်နေလျှင် နိုင်ငံ၏ စီးပွားရေးမှာလည်း နှေးကွေးလေးလံပြီး အဆိုးကျော့သံသရာ လည်မြဲလည်နေမည် ဖြစ်ပေသည်။