ဆောင်းပါး

တရားမျှတမှုသို့ ဦးတည်သည့် ဥပဒေဆိုင်ရာ လမ်းကြောင်း ပေါ်ထွက်ခြင်း

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံအတွင်း ကြီးလေးသော လူ့အခွင့်အရေး ကျူးလွန်ဖောက်ဖျက်မှုများအတွက် တာဝန်ခံမှုရှိစေရန်နှင့် အလားတူ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် အလို့ငှာ လွန်ခဲ့သော စက်တင်ဘာလအတွင်း အခြေခံအုတ်မြစ်တခုကို တည်ဆောက်ခဲ့ကြသည်။ အဆိုပါ ဆောင်ရွက်ချက်မှာ တစိတ်တပိုင်း ဖြစ်သော်လည်း အရေးပါလှသည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး အသေးစိတ် အကျယ်တဝင့် ဖော်ပြချက်များနှင့် ဆောင်ရွက်သင့်သည်များကို အကြံပြုထားသော စာမျက်နှာ ၄၄၄ မျက်နှာပါ ကုလသမဂ္ဂ အစီရင်ခံစာတစောင်ကို လက်ခံရရှိပြီးသည့်နောက် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကောင်စီ မှနေ၍ နောင်တချိန်တွင် တရားစီရင်မှုများ ဆောင်ရွက်နိုင်စေရေးအတွက် သက်သေစုဆောင်းရေး လုပ်ငန်းစဉ်အဖွဲ့တဖွဲ့ ထူထောင်ရေး အချက်ပါဝင်သော ဆုံးဖြတ်ချက်တရပ်ကို ချမှတ်လိုက်သည်။

အဆိုပါ “လွတ်လပ်သော လုပ်ငန်းစဉ်အဖွဲ့” သည် “၂၀၁၁ ခုနှစ် မှစ၍ မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သည့် အပြင်းထန်ဆုံးသော နိုင်ငံတကာရာဇဝတ်မှုများနှင့် နိုင်ငံတကာ ဥပဒေ ဖောက်ဖျက်မှုများဆိုင်ရာ သက်သေ အထောက် အထား ရှာဖွေရေး၊ ပေါင်းစပ်ရေး၊ ထိန်းသိမ်းရေးနှင့် စိစစ်လေ့လာရေးတို့အပြင် လွတ်လပ်ပြီး တရားမျှတသော ရာဇဝတ်မှုခင်း ကြားနာမှုများ ချောမွေ့အောင် ဆောင်ရွက်ရေးနှင့် မှတ်တမ်းမှတ်ရာများ ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်” တာဝန်ပေးအပ်ခြင်း ရရှိထားပါသည်။

ယင်း လုပ်ငန်းစဉ် အဖွဲ့အစည်းသည် ဆီးရီးယားနိုင်ငံအတွက် လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ် အဖွဲ့အစည်းနည်းတူပင် နောင်အနာဂတ်တွင် ပေါ်ပေါက်လာနိုင်မည့် နိုင်ငံတွင်းနှင့် နိုင်ငံတကာ ဥပဒေများ၏ ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုများအတွက် အမှုတွဲ မှတ်တမ်းများကို သတ်မှတ်ထားသည့် တရားရုံးတော်၏ စံနှုန်းများနှင့်အညီ ပြင်ဆင်ပေးရန် တာဝန်ရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေး မစ်ရှင် (Fact Finding Mission – FFM) ၏ အပြီးသတ် အစီရင်ခံစာ အပြည့်အစုံကို စက်တင်ဘာလ ၁၈ ရက်တွင် ကောင်စီသို့ တင်သွင်းခဲ့သည်။

အစီရင်ခံစာတွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်များတွင် ဖြစ်ပွားခဲ့သော လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် နိုင်ငံတကာ ဥပဒေနှင့် ငြိစွန်းသည့် ရာဇဝတ်မှုများအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များတွင် တာဝန်ရှိကြောင်း၊ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် မျိုးနွယ်စုတစုအား မျိုးဖြုတ်သည့် ရာဇဝတ်မှုအတွက်ပါ တာဝန်ရှိနိုင်သည့် အနေအထားတွင် ရှိနေကြောင်း ဖော်ပြထားသည်။

အစီရင်ခံစာပါ တွေ့ရှိချက်များအရ ၎င်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ရိုးရှင်းပြီး အပြုသဘောဆောင်သည့် လူထုဆွေးနွေးမှုမျိုး မပြုလုပ်နိုင်အောင်ပင် အခြေခံ လွတ်လပ်ခွင့်များကို ချုပ်ချယ်ကန့်သတ်ထားကြောင်း သိရှိရသည်။

အဆိုပါ တွေ့ရှိချက်များကို မြန်မာနိုင်ငံ အနေအထားနှင့် ချိန်ထိုးကြည့်ပါက အံ့ဩစရာ မဟုတ်ပါချေ။ ရိုဟင်ဂျာများ တွေ့ကြုံခံစားရသည်များမှာ အလွန်တရာ ဆိုးဝါးလှသော်လည်း အဆိုပါ အမှုတခုတည်းပင် မဟုတ်ပါ။ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကာလအတွင်း ရာဇဝတ်ဘေးမှ ပစားပေးခြင်းခံနေရသော တပ်မတော် အဖွဲ့ဝင်များ၏ ကျူးလွန်မှုကို နိုင်ငံတဝန်းလုံးရှိ လူထု အသီးသီးမှ စဉ်ဆက်မပြတ် ခံစားခဲ့ကြရသည်။

ဤအချက်ကိုထောက်ရှုသည့်အလျောက် လွတ်လပ်သော လုပ်ငန်းစဉ် အဖွဲ့အစည်းကို တာဝန်ပေးအပ်ရာတွင် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသတခု၊ လူအုပ်စု တစုအတွက်ကိုသာ ကန့်သတ်မထားချေ။

သို့သော်လည်း လုပ်ငန်းစဉ် အဖွဲ့အစည်းအတွက် ဝန်ထမ်းခန့်အပ်မှု ပြီးစီးသည်နှင့် ပြစ်မှုကျူးလွန်မှုများ၏ အတိမ်အနက်အရသော်လည်းကောင်း၊ လူသူငွေကြေး အင်အားပေါ်မူတည်၍ လည်းကောင်း လုပ်ငန်းဆောင်ရွက်မှု ဘောင်သတ်မှတ်သွားမည်ဖြစ်သည်။

အမှုတွဲ မှတ်တမ်းများ ပြင်ဆင်ရန် လိုအပ်နေသေးသဖြင့် ကုလသမဂ္ဂ အနေနှင့် ခုံရုံးဖွဲ့ရန် ဆုံးဖြတ်ချက် မချမှတ်ပါ။

နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (International Criminal Court – ICC) အနေနှင့် အဆိုပါ ရာဇဝတ်မှုများ၏ ကဏ္ဍအချို့ကို ကိုင်တွယ်နိုင်ဖွယ် ရှိသော်လည်း လက်ရှိတွင် အခြေအနေ တခုလုံးကို ကိုင်တွယ်နိုင်သည့် အနေအထား မရှိချေ။

နိုင်ငံတကာ သို့တည်းမဟုတ် အခြားသော နယ်ပယ်များနှင့် စပ်ဆိုင်သည့် တရားစီရင်မှုများ ပြုလုပ်သည့် အချို့သော နိုင်ငံခြားခုံရုံးများသည်လည်း အလားတူပင် ကျူးလွန်မှုများအားလုံးတွင်မှ တစိတ်တပိုင်းမျှကိုသာ ကိုင်တွယ်မည့် အနေအထားတွင် ရှိသည်။

ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေများအရ တရားခံများအပေါ် ၎င်းတို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှု အားလုံးအတွက် မျှတသော ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုကို သေချာစေရာတွင် လိုအပ်သော လွတ်လပ်မှု၊ သမာသမတ်ကျမှု၊ အရည်အချင်း ပြည့်ဝမှုနှင့် စီရင်ပိုင်ခွင့် အာဏာတို့သည် မြန်မာနိုင်ငံအတွင်းရှိ မည်သည့်တရားရုံးတွင် မရှိပေ။

လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၎င်းတို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံစေရန်၊ သို့တည်းမဟုတ် ထိခိုက်ခံရသူများနှင့် ၎င်းတို့၏ မိသားစုများအတွက် ကုစားမှု ရရှိအောင် ထည့်သွင်းစဉ်းစားပေးရန်အတွက် မြန်မာနိုင်ငံ ၏ ပြည်တွင်း ဥပဒေအရာရှိများနှင့် တရားသူကြီးများတွင် လွတ်လပ်မှု၊ သမာသမတ်ကျမှုနှင့် အရည်အချင်းပြည့်ဝမှု ကင်းမဲ့နေသည်ကို တွေ့ရှိရပြီး ဖြစ်သည်။

အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် လူ့အခွင့်အရေး လေးစားမှုရှိသည့် စစ်မှန်သော တရားဥပဒေစိုးမိုးရေး ပေါ်ထွန်းလာစရာ မျှော်လင့်ချက်များ ရှိလာသော်လည်း တရားမမျှတမှုများ ဆက်တိုက် ဖြစ်ပေါ်လာသောအခါ တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာသည်။ မကြာသေးမီက ရိုက်တာ သတင်းထောက်နှစ်ဦးကို မမှန်မကန် တရားစီရင်ပြီး ပြစ်ဒဏ်ချမှတ်လိုက်ခြင်းမှာ အထူးထင်ရှားသော ကိစ္စဖြစ်သည်။

မကြာမီက ကဲမ်ပိန်းလှုပ်ရှားမှုတွင် ပြည်တွင်း တက်ကြွလှုပ်ရှားသူများက “failed law” စာတန်းပါ ရှပ်အင်္ကျီများ ဝတ်ဆင်ခဲ့ကြသည်။ လူ့အခွင့်အရေး တောင်းဆိုတိုက်ပွဲ ဝင်နေသူများကို တရားလက်လွတ်စီရင်ပြီး အဆိုးဝါးဆုံးသော လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်သူများကိုမူ (အထူးသဖြင့် စစ်သားများ ပါဝင်နေပါက) ပြစ်ဒဏ်မပေးဘဲ ထားသည့် စနစ်တရပ်အပေါ် လူအများ မခံမရပ်နိုင်ဖြစ်သည်ကို ဤတွင် မြင်တွေ့ရသည်။

ရာဇဝတ်ဘေးမှ ပစားပေးထားသည့်အတွက်လည်း အဆိုပါ ပြစ်မှုကျူးလွန်သူများကို အားပေးအားမြှောက် ပြုရာကျပြီး ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေကာ အကြမ်းဖက်မှု သံသရာကို ရှည်ကြာစေသည်။

၂၀၁၁ ခုနှစ် တပ်မတော် အစိုးရမှ အရပ်သားတပိုင်း အစိုးရသို့ အာဏာ တဝက်တပျက် လွှဲအပ်ပြီးချိန်မှစ၍ အစိုးရ ကော်မရှင်ပေါင်း မြောက်မြားစွာ ဖွဲ့စည်းပြီး စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ်များ အပါအဝင် ဒေသများ တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခဲ့ကြသည်။ တရားစီရင်ရေး လုပ်ငန်းစဉ်များတွင် တပ်မတော်၏ ဩဇာလွှမ်းမိုးခြင်း ခံနေရခြင်းများ၊ တာဝန်ခံမှုရှိစေရေး သို့မဟုတ် ကုစားမှုရရှိစေရေးတို့ အတွက်ကိုမူ မည်သည့်ကော်မရှင်ကမှ ပြောဆိုခြင်း မရှိခဲ့ကြပေ။

လောလောလတ်လတ်ဖြစ်သော အစိုးရက ဖွဲ့စည်းပေးလိုက်သည့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် လည်း ထူးမခြားနား ဖြစ်ရုံမျှမက ရာဇဝတ်ဘေးမှ ပိုမိုပစားပေးနိုင်ရန် ခိုင်မာသော တာဝန်ခံမှုရှိရေး လုပ်ဆောင်ချက် များကို ကြန့်ကြာစေခဲ့သည်။

အသစ်ဖွဲ့စည်းလိုက်သည့် လုပ်ငန်းစဉ်အဖွဲ့မှ သက်သေ အထောက်အထားများ နောင်တချိန် ထွက်ပေါ်လာသောအခါ ပြည်တွင်းအဖွဲ့အစည်း ယန္တရားများသည်လည်း သမာသမတ်ကျမှု၊ အမှီအခိုကင်း လွတ်လပ်မှုရှိခြင်း၊ အရည်အချင်း ပြည့်ဝမှုရှိခြင်း၊ လုပ်ကိုင်နိုင်စွမ်းရှိခြင်း စသည့် အရည်အချင်းများ လုံလုံလောက်လောက် ရှိလာတော့မည်ဟု ထင်မှတ် ရပါသည်။ သို့သော်လည်း ဤသို့ဖြစ်လာရန် အချိန်ကာလအားဖြင့် ကြာညောင်းနိုင်ပေမည်။

ဤသို့သော အနေအထားတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (United Nations Security Council – UNSC) အား မြန်မာနိုင်ငံ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန် သို့မဟုတ် ခါတော်မီ ခုံရုံးတစ်ခု ဖွဲ့စည်းပေးရန် အချက်အလက်ရှာဖွေရေး မစ်ရှင် (FFM) အပါအဝင် တောင်းဆိုမှုများ တိုးမြှင့် ပြုလုပ်လာကြသည်။

မြန်မာနိုင်ငံသည် ရောမဥပဒေ သဘောတူညီချက် (နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးကို ဖွဲ့စည်းခဲ့သည့် နိုင်ငံတကာ သဘောတူညီစာချုပ်) တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသည့်အတွက် သဘောတူညီချက်တွင် ပြဋ္ဌာန်းထားသည့် ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး၏ တရားစီရင်မှုကို ခံယူရန် သဘောမတူပေ (စွပ်စွဲခံရသည့် ကျူးလွန်သူသည် သဘောတူစာချုပ်ပါ အဖွဲ့ဝင်နိုင်ငံမှ နိုင်ငံသားဖြစ်ပါမှ ၊ သို့တည်းမဟုတ် အဖွဲ့ဝင်နိုင်ငံ၏ ပိုင်နက်အတွင်း ရာဇဝတ်မှု ကျူးလွန်မှသာလျှင် ခုံရုံးအနေနှင့် ၎င်း၏ စီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးနိုင်ပေလိမ့်မည်)။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အားလျော်စွာ လုံခြုံရေးကောင်စီ (UNSC) မှ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးအပ်မှု ပြုပါက ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသည်။

ထို့အပြင် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ၏ ယေဘုယျ တရားစီရင်ပိုင်ခွင့်အား အခြေပြုချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံကဲ့သို့ ရောမသဘောတူညီချက် အဖွဲ့ဝင်နိုင်ငံ၏ ပိုင်နက်အတွင်း ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများအပေါ် ဥပဒေ သက်ရောက်မှု ရှိသည်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) မှ တရားစွဲဆိုသူများက တိုင်ကြားထားသော ရာဇဝတ်မှု များတွင်မှ အစိတ်အပိုင်းတရပ် သို့မဟုတ် မှုခင်း၏ တစိတ်တဒေသကို ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိကို ပဏာမ စစ်ဆေးမှုတရပ် ပြုလုပ်လျက်ရှိသည်။ ဤတွင် ပြည်ပသို့ နှင်ထုတ်ခြင်းဆိုင်ရာ လူသားမျိုးနွယ်စု အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုလည်း ပါဝင်ပြီး အဓိပ္ပါယ်သတ်မှတ်ချက်အရ နယ်စည်းဖြတ်ကျော်ခြင်း အစိတ်အပိုင်းတရပ် ဖြစ်သည်။

မြန်မာနိုင်ငံပြင်ပမှ နိုင်ငံများ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အဝေးရောက် အုပ်စုများဘက်မှ နိုင်ငံတကာ ရာဇဝတ်ကြောင်းအရ အမှုစွဲဆိုရန် တောင်းဆိုမှုများသည် အကျယ်လောင်ဆုံး ဖြစ်သည်။

ပြည်တွင်းမှ နေ၍လည်း နိုင်ငံတကာ ခုံရုံး (ICC) သို့ လွှဲပြောင်းပေးအပ်ရန် တောင်းဆိုမှုများ မြင့်တက်လျက်ရှိ သော် လည်း အရပ်ဘက် အဖွဲ့အစည်းများ၊ သတင်းထောက်များနှင့် အခြားသော ဩဇာရှိ ပုဂ္ဂိုလ်များသည် အစိုးရနှင့် အမျိုးသားရေးဝါဒီ အုပ်စုများမှ အငြှိုးထားခံရမည်ကို စိုးရိမ်သည့်အတွက် နှုတ်ဆိတ်နေကြသည်။

ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ၊ ပူးပေါင်းဆောင်ရွက်မှု ဖြစ်စေ နောင်တချိန်တွင် မြန်မာနိုင်ငံ၏ တရားမျှတမှုသည် မည်သည့် လမ်းကြောင်းပေါ်သို့ ဦးတည်စေကာမူ ထိရောက်သော ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုများသည် တာဝန်ခံ မှု ရရှိစေရေး၊ နောင်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ထပ်မံမဖြစ်ပေါ်စေရန် တားဆီးရေးနှင့် ကုစားပေးနိုင်ရေးတို့ အတွက် အရေးပါသော အစိတ်အပိုင်းတခုကို ဖော်ဆောင်ပေးနိုင်သည်။

ရိုဟင်ဂျာများ အပေါ်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ကျူးလွန်ခဲ့မှုများသည် မည်သည့်ခုံရုံးပုံစံကို အသုံးပြုစီရင် သည် ဖြစ်စေ သက်သေ အထောက်အထား လိုအပ်မည်ဖြစ်သည့်အလျောက် သက်သေအထောက်အထားများ စုဆောင်း သိမ်းဆည်းရန်နှင့် ပြစ်မှုမှတ်တမ်းများ ပြင်ဆင်ရန်အတွက် လုပ်ငန်းစဉ် အဖွဲ့အစည်းတရပ် ထားရှိခြင်းသည် အလွန် တရာ အရေးကြီးသော ကိစ္စဖြစ်သည်။

ရုပ်ဝတ္ထုသက်သေ အထောက်အထားများ ယိုယွင်းပျက်စီးသွား လျှင်သော် လည်းကောင်း၊ ဖျက်စီးခံလိုက်ရလျှင်သော် လည်းကောင်း အမှတ်သညာများ မှေးမှိန်သွားနိုင်သည်ဖြစ်၍ ကောင်းစွာ လေ့ကျင့်သင်ကြားထားသော ကျွမ်းကျင် ပညာရှင်များ၏ အကူအညီဖြင့် သက်သေအထောက်အထားများ စုဆောင်းရန် အရေးပေါ် လိုအပ်နေပါသည်။

သမိုင်းကို ခြေရာခံ၍ သာမက လက်တလောဖြစ်ရပ်များ သက်သေအထောက်အထား မှတ်တမ်းပြုစုမှု အမြောက် အမြားကို ပြည်တွင်းပြည်ပမကျန် (တခါတရံ၌ လွန်စွာ အန္တရာယ်များသော အခြေအနေများကြား၌ပင်) စုစည်းခဲ့ပြီး ဖြစ်ပါသည်။

လူ့အခွင့်အရေးဆိုင်ရာ အထောက်အထား မှတ်တမ်းပြုစုမှုများသည် အမှန်တရား ဖော်ထုတ်ရာတွင် ဖြစ်စေ၊ တရားမမျှ တမှုကို မီးမောင်းထိုးပြလိုလျှင်ဖြစ်စေ၊ အစိုးရနှင့် အစိုးရမဟုတ်သော ပုဂ္ဂိုလ်များအား အခြေအနေတရပ်ကို ကိုင်တွယ်လာအောင် ဖိအားပေးရာတွင် ဖြစ်စေ လွန်စွာ အရေးကြီးပါသည်။

ရှေ့အတွေ့အကြုံများ၏ သင်ကြားချက်အရ အနိဋ္ဌာရုံ ရာဇဝတ်မှုများကို မှတ်တမ်းပြုစုရာတွင် ဖြစ်နိုင်ပါက အတွေ့ အကြုံ အရှိဆုံး၊ လူသူပစ္စည်း အစုံလင်ဆုံး နှင့် ဘာသာရပ် နယ်ပယ်ပေါင်းစုံမှ အဖွဲ့များနှင့် ပြုလုပ်သင့်သည်။
မှတ်တမ်းပြုစုရာတွင် အဓိက အရေးကြီးဆုံး ကျင့်ဝတ်မှာ “ထိခိုက်မှု မရှိစေရေး” ဖြစ်သည်။ ဥပမာ ဆိုရသော် အသက် ရှင် လွတ်မြောက်လာသူများကို အင်တာဗျူးမပြုလုပ်မီ ဆောင်ရွက်ရန် ရှိသည်များကို ပူးပေါင်း ဆောင်ရွက်ထားပြီး၊ ၎င်းတို့အပေါ် ကျရောက်လာနိုင်သော ခြိမ်းခြောက်မှုနှင့် ဘေးဥပါဒ် အန္တရာယ်များကို ဂရုတစိုက် စဉ်းစားပေးခြင်းဖြင့် ထိခိုက်မှုများမှ ရှောင်နိုင်သမျှ ရှောင်ရှားပေးပါလိမ့်မည်။

လူတဦးတည်းအား အကြိမ်ကြိမ်အဖန်ဖန် အင်တာဗျူးလုပ်ခြင်းဖြင့် ယင်း၏ စိတ်ဒဏ်ရာကို ပြန်လည်တူးဆွသလို ဖြစ်ရုံသာမက နောင်အခါ တရားစွဲဆိုမှုများအတွက်ပါ ထိခိုက်သွားစေနိုင်သည်။

လွတ်လပ်မှုရှိသော လုပ်ငန်းစဉ်အဖွဲ့သည် အဆိုပါ ရည်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးအနေဖြင့် အခြေခံမူများ ချမှတ်ရန် ရက်ပေါင်း ၂၀ အချိန်ရပြီး ယင်းနောက်၌ အဆိုပါ အခြေခံမူများကို အကောင်အထည်ဖော်ရန် ၁၂ လ အထိ အချိန်ယူနိုင်သည် (မှတ်တမ်းပြုစုမှုတွင် လစ်ဟာမှု များရှိပါက ဖြည့်ဆည်းပေးရန် အလို့ငှာ မစ်ရှင်(FFM) အတွက် လွှဲအပ်ပေးထားသည့် အာဏာရပ်ကို သက်တမ်းတိုးမြှင့် ပေးလိုက်ပြီး ဖြစ်သည်) ။

အဓိကထား စဉ်းစားရမည့် အပိုင်းမှာ လက်ရှိ သို့မဟုတ် အလားအလာရှိသော ပြည်တွင်း နှင့် နိုင်ငံတကာ တရားစီရင်ရေး စနစ်များ (နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC)၊ တရားစီရင်ခွင့်ရှိသည့် နိုင်ငံခြားတရားရုံး သို့မဟုတ် နောင်တချိန် မြန်မာနိုင်ငံအတွင်း၊ သို့မဟုတ် ယင်းတို့ကို ပေါင်းစပ်၍) ကို အားဖြည့်ပေးရန် ဖြစ်သည်။

အမှန်စင်စစ်အားဖြင့် ရာဇဝတ်ဆိုင်ရာ တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ခြင်းသည် တရားမျှတမှု ရရှိရေးအတွက် လက်နက်ကိရိယာ တခုမျှသာဖြစ်ပြီး နစ်နာဆုံးရှုံးရမှုများကို အကုန်အစင် အဖတ်ဆယ်ပေးနိုင်မည် မဟုတ်ပေ။

သို့သော်လည်း ဤသို့ဆောင်ရွက်ခြင်းဖြင့် ဒုက္ခသည်များကို ကူညီရာရောက်သည့် အပြင် မြန်မာနိုင်ငံကိုလည်း လူ့အခွင့်အရေး ချိုးဖောက်မှု သံသရာမှ လွတ်မြောက်အောင် ကူညီပေးနိုင်ပေလိမ့်မည်။

တချိန်ချိန်တွင် ရာဇဝတ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုများ လိုအပ်လာမည်ဖြစ်ပြီး ဤတွင် အခြားစိန်ခေါ်မှုများ ထပ်မံ ပေါ်ထွက်လာပေလိမ့်ဦးမည်။ သို့သော်လည်း လက်ရှိအနေအထားတွင် လွတ်လပ်မှုရှိသော လုပ်ငန်းစဉ် အဖွဲ့ ဖွဲ့စည်းလိုက်ခြင်းနှင့်အတူ တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရေး အခြေခံအုတ်မြစ်ကို တည်ဆောက်ပြီး ဖြစ်လေသည်။ မြန်မာနိုင်ငံအတွက် တရားမျှတမှုနှင့် ငြိမ်းချမ်းရေး ရရှိစေလိုသူတိုင်း ဤကိစ္စကို ဝိုင်းဝန်းထောက်ခံပေလိမ့်မည်။

(Sean Bain သည် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် (International Commission of Jurists – ICJ) နှင့်အတူ အလုပ်လုပ်ကိုင်သည့် ဥပဒေရေးရာ အကြံပေး ဖြစ်သည်။ ဤဆောင်းပါးအား အင်္ဂလိပ်ဘာသာဖြင့် A legal path to justice emerges for Myanmar ဟု ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် “Asia Times” အွန်လိုင်းတွင် ဖြန့်ဝေခဲ့ပြီးဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading