ဆောင်းပါး

တရုတ်နှင့် ကုန်စည်ဖလှယ်မည့် စနစ် အလုပ်ဖြစ်မလား

Want create site? Find Free WordPress Themes and plugins.

မူဆယ် မြို့စွန်က ပုဂ္ဂလိက ဆန်ကုန်ကုန်သည် တဦး၏ ဧကဝက်ခန့် ကျယ်သော ဂိုဒေါင်ကြီး အတွင်း မြန်မာပြည် အနယ် နယ် အရပ်ရပ်မှ ဆန်အိတ်ပေါင်း သုံးသောင်းကျော် စုဝေးသိုလှောင် ထားရှိသည်မှာ လွန်ခဲ့သော ခြောက်လကတည်းက ဖြစ်သည်။

ဂိုဒေါင်၏ ၃ ပုံ၂ ပုံ အပြည့်က အဝါရောင် ပီနံအိတ်များဖြင့် ထည့်ထားသော မြန်မာ့ဆန်များပင် ဖြစ်သည်။ ရာသီဥတု၊ ရေမြေ အပြောင်းအလဲ အရ ပျက်စီးစပြုလာသော ဆန်အိတ်များကို နွေနေပူအောက်တွင် ပြန်ဖွင့်ဖောက်ကာ နေပြထား သည်။

ဖွင့်ဖောက်ထားသော ဆန်အိတ် တချို့ထဲက ဆန်တွေနှင့် အတူ ဆန်ပိုးများလည်း ပြေးလွှားနေကြသည်။

ထိုစဉ် ဂိုဒေါင်ရှေ့ ၁၂ ဘီး ကားတစီး ဆိုက်လာသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအတွင်းရှိ ကုန်တင်ကားများ(မြတ်ပြည့်ဖြိုး/ဧရာဝတီ)

ဂိုဒေါင် အတွင်း နားနေကြသော ကုန်ထမ်း လုပ်သား တချို့ ပြေးထွက်လာကြပြီး ဂိုဒေါင်အရှေ့ တံခါးအနီး ထပ်ထားသော ဆန်အိတ်များကို အပြိုင်အဆိုင် သယ်ကာ ကားပေါ်သို့ တင်ကြလေသည်။

ဂိုဒေါင်မန်နေဂျာက “ဒီတပတ်ထဲမှ ဟိုဘက်ကို (တရုတ်) ကားတစီးစာပဲ စပို့နိုင်တာ” ဟု ပြောပြသည်။

တရုတ် အစိုးရ၏ တရားမဝင် ကုန်သွယ်မှု တားဆီးနှိမ်နင်းရေးကို ပြီးခဲ့သော နှစ်ကုန်ပိုင်းမှ စတင်ကာ တင်းတင်းကြပ်ကြပ် ဆောင်ရွက်ခဲ့သဖြင့် မြန်မာ့ဆန်၊ သကြားနှင့် ပြောင်း အပါအဝင် မူဆယ် နယ်စပ်က ဂိုဒေါင်ကြီးများတွင် အိတ်ရေ သောင်းချီ ခန့် အိပ်နေကြသည်မှာ ခုနှစ်လကျော် ကြာခဲ့ပြီ ဖြစ်သည်။

မန္တလေး ဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးကျော်နိုင်က “အခုကတော့ အကုန် ငုတ်တုတ် မေ့နေတဲ့ အနေအထား ရောက်နေပြီ” ဟု ဧရာဝတီကို ပြောသည်။

ဆန်သမားတို့နှင့် အတူ သကြား၊ ပြောင်းကုန်သည်များလည်း အပြိုင် ငြီးငြူနေကြပြီ ဖြစ်သည်။

တရုတ်နိုင်ငံက မြန်မာ အတွက် နယ်စပ်မှ ဘိန်းအစားထိုး သွင်းကုန် ပါမစ်ဖြင့် ဆန်၊ သကြား၊ ပြောင်း စသည့် စိုက်ပျိုးရေး ထွက်ကုန်များကို အိတ်ရေ ထောင်ဂဏန်းခန့် တင်ပို့ခွင့်ပြုထားသည်။

သို့သော် ပါမစ် ရရှိရေးမှာ အကန့်အသတ် များစွာ ရှိပြီး တဖက်နိုင်ငံမှ ချမှတ်ထားသော မူဝါဒ အရ လိုအပ်ချက်များကို လည်း ရေရေရာရာ မသိရကြောင်း မြန်မာကုန်သည်များက ပြောသည်။

ထို့အပြင် ပါမစ် ခွဲတမ်း မပေးထားသော ကုန်စည် အမယ်များ ယူနန်ပြည်နယ်ထဲသို့ တင်သွင်းလာမည် ဆိုပါက တဖက်နိုင်ငံ အစိုးရ၏ အခွန်စည်းကြပ်မှု မြင့်မားလှသည်။

၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင် တရုတ် နိုင်ငံဘက်က မြန်မာနှင့် နှစ်နိုင်ငံ နယ်စပ် ကုန်စည် ဖြတ်သန်း စီးဆင်းမှုများ အပေါ် နိုင်ငံတကာ စံနှုန်းများနှင့် အညီ တင်းတင်းကြပ်ကြပ် စတင် ကိုင်တွယ်လိုက်သည်။

နားလည်မှုနှင့် သွင်းကုန် အခွန် စည်းကြပ်မှုများ လျော့တိလျော့ရဲ ဖြစ်နေခဲ့ရာမှ ထိုသို့ ရုတ်ချည်း ဆောင်ရွက်လိုက်ခြင်း သည် မြန်မာကုန်သည် အများစုအား အကျပ်ရိုက်စေခဲ့သည်။

မန္တလေး-မူဆယ် နယ်စပ်မှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုသည် ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် အတွင်း တန်ချိန် နှစ်သန်း ကျော် အထိ ရှိခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော် ဝင်ငွေ ရရှိခဲ့သည်။

၁၀၅ မိုင်မှ မူဆယ်မြို့အဝင်အထိ တန်းစီစောင့်နေသော တရုတ်နိုင်ငံသို့ ကုန်စည်ပို့ကြမည့် မြန်မာကုန်ကားများ(မြတ်ပြည့်ဖြိုး/ဧရာဝတီ)

ယင်းမှာ မြန်မာ့ဆန် ပြည်ပသို့ တင်ပို့မှု ပမာဏ စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ စာရင်းများ အရ သိရသည်။

သို့ရာတွင် တရုတ်၏ နယ်စပ် ကုန်သွယ်ရေး တင်းကြပ်လာမှုကြောင့် မူဆယ် နယ်စပ် ကုန်သွယ်ရေးဇုန်တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် မေလလယ် အထိ (ပြီးခဲ့သည့် ၂၀၁၇- ၂၀၁၈နှင့် ကာလတူ နှိုင်းယှဉ်ချက် အရ) တရုတ်သို့ အဓိက တင်ပို့သော ဆန်၊ သကြား၊ ပြောင်းဖူးစေ့၊ ဒီဇယ်ဆီနှင့် ရာဘာစိမ်း စသည့် ပို့ကုန် အများစု၏ ပမာဏများ ရာခိုင်နှုန်း အနည်းငယ်စီ လျော့ကျသွားခဲ့သည်။

မူဆယ် နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ ဒု ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက “ဒီနှစ်မှာ လယ်ယာ ပို့ကုန်တွေက အကျ ဘက်ကို သွားနေတယ်။ အဓိက ကတော့ တရုတ်က အရင်လို လွတ်လွတ်လပ်လပ် တင်သွင်းခွင့် မရတော့ဘဲ အဖမ်းအဆီး များလို့ပါပဲ” ဟု ဧရာဝတီကို ပြောသည်။

လူဦးရေ ၄၈ သန်း ရှိသော ယူနန်ပြည်နယ် အပါအဝင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်မှု မိတ်ဖက် နိုင်ငံ ဖြစ်သကဲ့သို့ မြန်မာ့ ပြည်ပ ပို့ဆန်ဈေးကွက်၏ ထက်ဝက်ကျော်သည် တရုတ်နိုင်ငံကို အားထားနေရကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က သိရသည်။

ကုန်စည် ဖလှယ်သော စနစ် (Barter Trade)

ပြီးခဲ့သည့် မေလ ၃၁ ရက်က မြန်မာနိုင်ငံ၏ ဆန်တန်ချိန် ၁ သောင်း (အမေရိကန် ဒေါ်လာ ၃ သန်း)ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကုန်သည်များသည် ကုန်စည် ဖလှယ်ကူးသန်း ရောင်းဝယ်သည့် စနစ် (Barter Trade)နှင့် ပထမဆုံး အကြိမ် ဝယ်ယူရန် နှစ်နိုင်ငံ သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြသည်။

ယင်းအတွက် မြန်မာဘက်မှလည်း တရုတ်နိုင်ငံထုတ် သံမဏိ၊ မြေသြဇာနှင့် လယ်ယာသုံး စက်ပစ္စည်းများကို ပြန်လည် ဝယ်ယူရမည် ဖြစ်သည်။

ဘာတာ ကုန်သွယ်မှု စနစ်သည် မြန်မာနိုင်ငံ အတွက် တရုတ်နှင့် ပထမဆုံး စတင်ခြင်း မဟုတ်ပေ။

ဆယ်စုနှစ် နှစ်ခု နီးပါးကြာ အိန္ဒိယ နယ်စပ်နှင့် ဘာတာစနစ် အတိုင်း ကုန်သွယ်ခဲ့ကြသော်လည်း မြန်မာဘက်မှ တဖက်သတ် ကုန်သွယ်မှုသာ ဖြစ်ခြင်း၊ ဘဏ်စနစ်ဖြင့်သာ ငွေပေးချေမှုများ ပြုလုပ်လိုခြင်း စသည် တို့ကြောင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် အိန္ဒိယ အစိုးရဘက်မှ စတင်ပြီး နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် အဆုံးသတ်ခဲ့တော့သည်။

မြန်မာဘက်က ဆန်နှင့် လယ်ယာထွက်ကုန် စသော ပို့ကုန်များ တရုတ် နယ်စပ်တွင် ရောင်းချရန် အခက်အခဲ များစွာ ကြုံခဲ့ရခြင်းကြောင့် ကုန်သွယ်မှု မျှခြေတရပ် ဆောင်ကျဉ်းပေးရန် မျှော်လင့်ချက်ဖြင့် ဘာတာကုန်သွယ်မှု စနစ်ကို ပြန်လည် အသက်သွင်းရန် စတင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ကုန်သွယ်ရေး အကြပ်အတည်း၏ ထွက်ပေါက် အဖြစ် “Barter Trade” အား ယူနန်ပြည်နယ်နှင့် ပထမဆုံး ဆောင်ရွက်ရန် နှစ်ဖက် အစိုးရတို့က စတင် အသက်သွင်းရန် ဆုံးဖြတ်ခဲ့ကြသည်။

မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်ရှိ ဆန်ဂိုဒေါင်တစ်ခု(မြတ်ပြည့်ဖြိုး/ဧရာဝတီ)

Barter Trade ဆိုသည်မှာ နိုင်ငံ တနိုင်ငံနှင့် တနိုင်ငံ ငွေကြေးဖြင့် ကုန်စည် အရောင်းအဝယ် မပြုလုပ်ဘဲ တန်ဖိုးအားဖြင့် မျှခြေ ရှိသော ကုန်စည်တို့အား အချင်းချင်း ဖလှယ်သော ကုန်သွယ်ရေး စနစ် တခုဖြစ်ရာ ငွေကြေး မပေါ်မီ ခေတ်ဦး ကုန် သွယ်မှု စနစ်ဟောင်း တခုလည်း ဖြစ်သည်။

ယင်းကုန်သွယ်မှု သဘောတရား အရ မြန်မာနိုင်ငံမှ ဆန်၊ သကြား၊ ပြောင်း၊ ရေထွက် သားငါးတို့နှင့် တန်ဖိုး ညီမျှသော တ ရုတ်နိုင်ငံမှ လယ်ယာသုံး စက်ကိရိယာများ၊ ဓာတ်မြေသြဇာနှင့် သံ၊ သံမဏိ တို့အား ပြန်လည် တင်သွင်းမည့် ပုံစံ ဖြစ်သည် ဟု စီးပွား/ကူးသန်း ဝန်ကြီးဌာနက သိရသည်။

ထို့အတွက် ပြီးခဲ့သော ဧပြီ ၂၁ ရက်က စီးပွား/ကူးသန်း ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ တာဝန်ရှိသူတို့ အစိုး ရ အချင်းချင်း နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြသည်။

“ဒီစနစ်ရဲ့ အားသာချက်ကတော့ ကုန်သွယ်မှုမှာ အာမခံချက် ရှိသွားမယ်” စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန လက်ထောက် ဦးခင်မောင်လွင်က ဧရာဝတီကို ပြောကြားခဲ့ပြီး အဆိုပါ စနစ်ဖြင့် ကုန်သွယ်မှု လုပ်ရန် တရုတ်ကုန်သည်များဘက်မှ ကမ်းလှမ်းမှုများလည်း ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံဘက်မှ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကော်မတီနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်မှ ကူမင်း ရွှေချိုက် ကုန်သွယ်ရေး ကုမ္ပဏီတို့က နှစ်နိုင်ငံ ကုန်သွယ်မှု အတွက် အဓိက ဦးစီးသွားမည် ဖြစ်သည်။

အထက်ပါ ပုဂ္ဂလိက အဖွဲ့အစည်း နှစ်ခုက ကုန်ပစ္စည်း တန်ဖိုးနှင့် အရည်အသွေး စစ်ဆေးသတ်မှတ်ခြင်း၊ စာရင်းပြုစုခြင်း စသည့် အခြေခံ ကုန်သွယ်ရေး ဆိုင်ရာ ညှိနှိုင်းချက်များကို လုပ်ဆောင်ခဲ့ကြသည်။

အကျပ်အတည်း ဖြစ်နေသော နယ်စပ်ကုန်သွယ်ရေး အခြေအနေများနှင့် ပတ်သက်၍ မန္တလေးမြို့အခြေစိုက် တရုတ် ကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Wang Zongying အား ဧရာဝတီ သတင်းဌာနက ပြီးခဲ့သော လက မေးမြန်းခဲ့ရာ “မြန်မာဘက်က အရည်အသွေး ကောင်းတဲ့ ပစ္စည်း ပို့နိုင်ရင် ပိုကောင်းပါတယ်။ ကျနော်တို့ လိုအပ်ပါတယ်။ နှစ်နိုင်ငံ ဆက် ဆံရေး အမြဲကောင်းသလို မြန်မာပြည်သူ လူထု ချမ်းသာလာစေဖို့ အိမ်နီးချင်း ပေါ်လစီ ကျနော်တို့ ထားပါတယ်” ဟု ပြန် လည် ဖြေကြားခဲ့သည်။

Barter Trade လုပ်ငန်းစဉ်

“ဒီဘက်က ဆန်ပေးရင် ဟိုဘက်က သံ၊ သံမဏိ ယူရမယ်လို့ အများက ယူဆထားကြတာ။ တကယ်က စာချုပ် တခုချင်းစီ ကို ငွေကြေးနဲ့ပဲ သွားမှာပါ” ဟု ယခု ကုန်သွယ်မှုအတွက် တာဝန်ယူဆောင်ရွက်နေသော မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဧရာဝတီကို ရှင်းပြသည်။

ဥပမာ အားဖြင့် ဒေါ်လာ သန်း ၁၀၀၀ ဖိုး အပြန်အလှန် ကုန်သွယ်မှု စာချုပ် အတွက် သန်း ၅၀၀ ဖိုးစီ အရောင်းအဝယ် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ပြောသည်။

မေ ၃၁ ရက်က မြန်မာနိုင်ငံ ကိုယ်စားပြု ရှမ်းမြောက် အများပိုင် ကုမ္ပဏီနှင့် ယူနန် ပြည်နယ် ကိုယ်စားပြု ကူမင်း ရွှေချိုက် ကုန်သွယ်ရေး ကုမ္ပဏီ တို့သည် ကူမင်းမြို့တွင် ယင်းကုန်သွယ်မှု အတွက် (ဒေါ်လာ ၃ သန်းခန့်) တန်ဖိုးရှိ သဘောတူ စာ ချုပ်ချုပ် ဆိုထားခြင်း ဖြစ်သည်။

မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်ရှိ ဆန်ဂိုဒေါင်တစ်ခု(မြတ်ပြည့်ဖြိုး/ဧရာဝတီ)

အဆိုပြု ညှိနှိုင်းချက် အရ မူဆယ်တွင် သောင်တင်နေသော ဆန်အိတ်များအား ပထမဦးဆုံး ရောင်းချရန် ဖြစ်သည့်အတွက် ယခု ပထမဆုံး အကြိမ် ကုန်သွယ်မှုတွင် ဆန်တန်ချိန် တသောင်းဖြင့် အရောင်းအဝယ် ပြုလုပ်ခြင်း ဖြစ်သည်။

နှစ်ဖက် အပြန်အလှန် ညှိနှိုင်း သဘောတူပြီး ကုန်သည် အဖွဲ့အစည်း အချင်းချင်း ပုဂ္ဂလိက လုပ်ငန်းရှင် အဖွဲ့အစည်း အချင်း ချင်း သဘောတူ စာချုပ်ခြင်း ဖြစ်ပြီး ယခုလတွင် တင်ပို့သွားမည်ဟု ဆိုသည်။

အရည်အသွေး စစ်ဆေးရန် အတွက် နှစ်ဖက်ကြားခံ အဖွဲ့အစည်းများ ထားရှိခြင်း၊ ကုန်ပစ္စည်း အရောင်း အဝယ် မှတ်တမ်း များ ထားရှိခြင်း၊ စာရင်း တင်သွင်းခြင်း၊ ပို့ကုန်နှင့် သွင်းကုန် လုပ်ငန်းရှင်များ ချိတ်ဆက်ခြင်း စသည့် အသေးစိတ် ကဏ္ဍ များလည်း ညှိနှိုင်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အနေဖြင့် ကုန်သွယ်မှု အခြေအနေများကို သုံးလ တကြိမ် နှစ်ဘက် ပြန်လည် ဆန်းစစ်ညှိနှိုင်းကာ ကုန်သွယ်မှု လိုအပ်ချက် အတိုင်း ပြောင်းလဲ ဆောင်ရွက်ရန် ရှိပြီး သက်ဆိုင်ရာ ကုန်စည်အ လိုက် ကိုယ်စားပြု ကုမ္ပဏီများ အပြောင်းအလဲ ရှိနိုင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အခွန်စည်းမျဉ်းတွေ ဘယ်လို သတ်မှတ်ကြလဲ

ကုန်စည်ဖလှယ်သော ကုန်သွယ်မှုစနစ် တနည်းအားဖြင့် “Barter Trade”တွင် ဈေးကွက် အာမခံချက် ရှိလာနိုင်သလို ယင်းစနစ်၏ ဖြေလျော့မှု တခုအဖြစ် “အခွန်လျော့ပေါ့သက်သာခွင့်” လည်း ရရှိခံစားနိုင်မည်ဟု မြန်မာ ကုန်သည်များ မျှော် လင့်နေကြသည်။ သို့ရာတွင် လက်ရှိ အခြေအနေ အရ မှန်းချက်နှင့် နှမ်းထွက် လွဲတော့မည် ဖြစ်သည်။

လက်ရှိ တရုတ်၏ နယ်စပ် ကုန်သွယ်ရေး မူဝါဒတွင် ခွဲတမ်း(ကိုဒါ) ကျော်လွန်တင်ပို့သည့် ကုန်စည်သီးနှံများအပေါ် သွင်းကုန် အခွန်အဆများစွာ တိုးမြှင့်ထားသည့် အတွက် နယ်စပ်ကုန်သွယ်မှုတွင် မြန်မာဘက်က တရားဝင် ဖြစ်သော်လည်း တရုတ်ဘက် အခြမ်းက မှောင်ခို ဖြစ်လာရသည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။

အလားတူ လက်ရှိ နယ်စပ်ကုန်သွယ်မှု အကျပ်အတည်း သာမက တရားဝင် ကုန်သွယ်မှု ဖြစ်လာနိုင်မည့် ဘာတာ စနစ်ကို ဆန်၊ သကြား၊ ပြောင်း အိတ်သောင်းချီဖြင့် လက်ထဲ ငွေအောင်းနေကြသော မြန်မာကုန်သည်အများစု တောင့်တနေ ကြသော်လည်း အခွန်ဆိုင်ရာ အပါအဝင် တန်ဖိုး၊ အရည်အသွေး အစရှိသော ကုန်သွယ်မှု ဆိုင်ရာ အသေးစိတ် အချက် အလက် များအား မသိရှိရသေးပေ။

ထိုထက်ဆိုးသည့် အချက်မှာ အခွန်လျော့ပေါ့ခွင့် ရရှိလိမ့်မည်ဆိုသော မှန်းဆချက်ပင် ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က “တင်ပို့မယ့် နိုင်ငံ အ လျှောက် သတ်မှတ်ထားတဲ့ အခွန်ကိုပဲ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒီကုန်သွယ်မှုမှာ သီးခြား အခွန် လျှော့ပေါ့မှု မရှိပါ ဘူး” ဟု ရှင်းပြသည်။

မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်ရှိ ဆန်ဂိုဒေါင်တစ်ခု(မြတ်ပြည့်ဖြိုး/ဧရာဝတီ)

ထို့အတူ ဦးရဲမင်းအောင်က “သူ့နိုင်ငံက သတ်မှတ်တဲ့ အခွန်နှုန်းထား အတိုင်း လုပ်ရမှာပါ။ ကျနော်တို့ဆီမှာ တရားမဝင် တောက်လျှောက် ပို့ခဲ့ကြတာ ဆိုတော့ အခွန် ယဉ်ကျေးမှုနဲ့ သိပ်မရင်းနှီးတာလည်း ပါပါတယ်” ဟု ဆိုသည်။

တရုတ်၏ ၂၀၁၈ ခုနှစ် အကောက်ခွန် မူဝါဒ အရ အရှေ့တောင် အာရှနိုင်ငံများမှ တင်သွင်းသော ဆန်၊ ဆန်ကွဲ၊ ဆန်မှုန့်တို့ အပေါ် သွင်းကုန် အခွန်သည် ကုန်စည်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကျော် အထိ ကောက်ခံကြောင်း တရုတ်၏ အကောက်ခွန် ဆိုင်ရာ သတင်း အချက်အလက်များမှ စုံစမ်းသိရှိရပြီး ယခု ကုန်သွယ်မှု စနစ်တွင်မူ မြန်မာ့ ဆန်ကို သွင်းကုန်အခွန် ၆၀ ရာခိုင်နှုန်း အထိ ကောက်ခံမည် ဖြစ်သည်ဟု ၎င်းက ဧရာဝတီကို အတည်ပြု ပြောကြားသည်။

သို့သော် စိုက်ပျိုးရေး ကဏ္ဍ ဦးစားပေးသော မြန်မာနိုင်ငံတွင် လယ်ယာသုံး စက်ကိရိယာများနှင့် ဓာတ်မြေသြဇာ အား သွင်းကုန်အပေါ် စည်းကြပ်သော အခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ထို့အတူ သံနှင့်သံမဏိ သွင်းကုန် အခွန်သည်လည်း တရုတ်၏ ဆန်အပေါ် ကောက်ခံသော သွင်းကုန်အခွန်၏ ထက်ဝက် ခန့်ပင် မရှိဟု သိရသည်။

လက်ရှိတွင် နယ်စပ် ပို့ကုန် လုပ်ငန်းရှင် အချို့သည် ကုန်သွယ်မှု ဆိုင်ရာ အခွန် သတင်း အချက်အလက်များအား အတိ အကျမသိခြင်း၊ ကြားခံ တရုတ် အေးဂျင့်များ၏ အခွန်အပေါ် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ သက်ဆိုင်ရာ ဌာန တို့မှ ကုန်သွယ် မှုနှင့် ဆက်စပ်သော သတင်း အချက်အလက်များအား ဖြန့်ဝေမှု အားနည်းခြင်း တို့သည်က တရုတ်- မြန်မာ ကုန်သွယ် ရေးတွင် တရုတ် အသာစီး ရရန် အကြောင်းတချက် ဖြစ်နေသည်ကို တွေ့ရသည်။

အခွန် ဇီးရိုး အိပ်မက်

“Barter System ဖြစ်တဲ့အတွက် အခွန်က ဇီးရိုးဖြစ်ရမှာလေ။ ပြီးတော့ တဖက်နဲ့ တဖက် တန်ဖိုးညီတဲ့ ကုန်စည်တွေ ဖလှယ်တာမို့ အခွန် ဆိုတာ မရှိနိုင်ပါဘူး” ဟု မန္တလေးမြို့မှ ဆန်ပု့ိကုန် လုပ်ငန်းရှင် ဦးတင်လှိုင်ဝင်း က ဧရာဝတီကို ပြော သည်။

ထပ်မံ တင်ပြရပါက ယခု ဆောင်ရွက်မည့် ကုန်သွယ်မှု စနစ်တွင် အခွန်လျော့ပေါ့ သက်သာခွင့် မရှိကြောင်း ပြည်ထောင်စု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အတည်ပြုပြီးလည်း ဖြစ်သည်။

လက်ရှိ အနေအထား အတိုင်း ဆိုပါက မိမိလက်ထဲ လချီအောင်းနေသော ဆန်အိတ်များအား ရောင်းထုတ်လိုသော ကုန်သည်များ အတွက် အငိုလွယ် အရှိုက်ခက်မည့် ဘဝကို ရောက်လာနိုင်မည် ဖြစ်သည်။

ထို့ကြောင့် တရုတ်နိုင်ငံက ခွဲတမ်း သတ်မှတ်ထားသော ကုန်စည်မှအပ ယင်းနိုင်ငံအတွင်း ဝင်ရောက်လာသော ကုန်စည် များအား တရားမဝင် အဖြစ် သတ်မှတ်ကာ ဖမ်းဆီးခြင်း၊ တရားဝင် ကုန်စည် အဖြစ် ဆိုပါက အထူးသဖြင့် ဆန်၊ ဆန်ကွဲ၊ သကြားနှင့် ပြောင်းသီးနှံအား ကောက်ခံသော အခွန်အခ များပြားခြင်း တို့ကို နယ်စပ်ကုန်သည်များ ထပ်မံကြုံတွေ့နိုင်မည့် အခြေအနေ တခုပင်။

မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်ရှိ ဆန်ဂိုဒေါင်တစ်ခု(မြတ်ပြည့်ဖြိုး/ဧရာဝတီ)

“အခွန်လျော့ပေါ့ သက်သာခွင့် မရှိရင်တော့ ဒီကုန်သွယ်မှုက အလုပ်ဖြစ်မှာ မဟုတ်သလို စာရွက်ပေါ်မှာပဲ ကျန်နေခဲ့မှာ သေချာတယ်။ ကိုယ့်ကုန်သည်တွေ အကျိုးအမြတ် ရနိုင် မရနိုင်က ကလေးတောင် သိတဲ့ကိစ္စ ဖြစ်သွားပြီလေ” ဟု မြန်မာ နိုင်ငံ သကြားနှင့် ကြံထွက် ပစ္စည်း လုပ်ငန်းရှင် အသင်း၏ ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ဧရာဝတီကို သုံးသပ် ပြောဆိုသည်။

ကုန်စည်ဖလှယ်သော ကုန်သွယ်မှု စနစ်နှင့် ပတ်သက်၍ ယခု လလယ်ပိုင်းက ပြည်ထောင်စု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာ သန်းမြင့်အား ဧရာဝတီ သတင်းဌာနက မေးမြန်းခဲ့ရာ ဝန်ကြီးက “နှစ်နိုင်ငံ သဘောတူ လက်မှတ် ထိုးပြီးလို့ ဒီစနစ်က ရေရှည်အတွက် ရည်ရွယ်ပါတယ်” ဟု ပြန်လည် အဖြေပေးခဲ့သည်။

နယ်စပ်ကုန်သွယ်ရေး အကျပ်အတည်းကို ရေတိုထွက်ပေါက်အဖြစ် အထက်ပါ စနစ်ကို ရွေးချယ် အသက်သွင်းခြင်း ဖြစ်သော်လည်း ရေတိုရေရှည်၌ နှစ်ဖက် အကျိုးစီးပွားမျှရန် လိုအပ်ပြီး တဖက်နိုင်ငံ၏ တင်းကြပ်သော အခွန်မူဝါဒများ၊ အိပ် ပျော်နေသော ငွေကြေးများအား လချီတောင့်ခံ နေရသော နိုင်ငံသားကုန်သည်များ အခြေအနေ၊ နိုင်ငံတနိုင်ငံတည်း၏ ဈေးကွက် အပေါ် မှီခိုရပ်တည်နေရခြင်းနှင့် အတူ အစိုးရ၏ ပူးပေါင်း ဆောင်ရွက်ပေးနိုင်မှု အားနည်းခြင်း တို့ကြောင့် “ကုန်စည် ဖလှယ် ကုန်သွယ်မှု စနစ်” သည် မြန်မာနိုင်ငံသား ကုန်သည်များ အတွက် အမှန်တကယ် အလုပ်ဖြစ်နိုင်ခြေ ရှိ မရှိ အား ပိတ်ကားပေါ်တွင် ဆက်လက် ရှုစားရန်သာ။

ဆက်စပ်ဖတ်ရှုရန်

မူဆယ်ကုန်သွယ်ရေး လမ်းကြောင်းမှာ ဘာတွေဖြစ်နေလဲ

မြန်မာအလံ တရုတ်တို့ ဖြုတ်ချခဲ့မှု ၂ နိုင်ငံ ဆက်ဆံရေး ထိခိုက်၍ နယ်နိမိတ်ပြန်သတ်မှတ်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading