တက်ရှ်ဩ Tash Aw က အောင်မြင်သော၊ နိုင်ငံတကာ ဆုများရရှိထားသော မလေးရှား စာရေးဆရာ ဖြစ်သည်။ သူက မည်သည့် နေရာရောက်သည် ဖြစ်စေ ယုံကြည်ချက်နှင့် ခံစားချက်ကို ခိုင်ခိုင်မြဲမြဲ စွဲကိုင်ထားသည့် ခေတ်မီသော၊ ခရီးများစွာ သွားခဲ့သော အက်ဆေးသမားတယောက်လည်း ဖြစ်သည်။ လွန်ခဲ့သော ၄၇ နှစ်က တိုင်ပေတွင် မွေးဖွားခဲ့သော တက်ရှ်ဩက ရှန်ဟိုင်း၊ စင်ကာပူ၊ ကွာလာလမ်ပူ နှင့် ပဲရစ်မှသည် ယခုလက်ရှိ အခြေစိုက်သည့် လန်ဒန်အထိ ကမ္ဘာတလွှားတွင် နေထိုင်ခဲ့သည်။ အလုပ်လုပ်ခဲ့သည်။
သို့သော်လည်း မလေးရှားမှ ကြီးမားသော သူ့ မိသားစု၏ အလုပ်သမား လူတန်းစား ပတ်ဝန်းကျင်သို့ သူ၏ အလေးပေးမှုကို ပြောင်းလိုက်သည့် အချိန်ကျမှသာ သူ၏ အရေးအသားက အမှန်တကယ် အသက်ဝင်လာသည်။ (စိတ်အာရုံဝင်စားမှုကို လုံးလုံးလျားလျား ကြွလာစေပြီး သောကနှင့် စိုးရိမ်ကြောက်လန့်မှု ၂ ခုလုံးပါသည့် အတွဲအစပ်ဖြင့် တလျှောက်လုံး ဆွဲဆောင်သွားသည်။)
သူ၏ နောက်ဆုံး ဝတ္ထု “ကျနော်တို့၊ အသက်ရှင် ကျန်ရစ်သူများ (We, the Survivors)” သည် လူသတ်မှုအကြောင်း ဇာတ်လမ်းတပုဒ် ဖြစ်သည်။ သို့သော် မည်သူ့တွင် တာဝန်ရှိကြောင်း အစပိုင်းမှာကတည်းက ကျနော်တို့ သိသည့်အတွက် အဆက်အစပ် အကြောင်းအရာကို ရှာဖွေစူးစမ်းမှုတခု ဖြစ်လာသည်။
တက်ရှ်ဩက မလေးရှား မြို့ငယ်လေးတခုတွင် ဇာတ်အိမ်တည်ခြင်း ဖြစ်သည့်အတွက် ၎င်း၏ မျှော်လင့်ချက်မဲ့မှု၊ ကြမ်းတမ်းရက်စက်ခြင်းနှင့် တချိန်တည်းမှာပင် ကြင်နာမှုတို့ကို ကျွမ်းကျင် ထိရောက်စွာ ယှက်နွယ် ဖွဲ့ပြရင်း စာဖတ်သူကို သယ်ဆောင်သွားခဲ့သည်။ တက်ရှ်ဩအတွက် လူအများစုသည် ဖိနှိပ် ကန့်သတ်မှုနှင့် အခွင့်အလမ်းများ အကန့်သတ်ခံရသည့် ထိုကမ္ဘာမှ လွတ်မြောက်ရန် မည်သည့်အရာကိုမဆို လုပ်ကြလိမ့်မည် ဖြစ်သည်။
အဓိက ဇာတ်ကောင်ဖြစ်သည့် အားဟော့ Ah Hock က သာမန်ပုံရိပ်တခုသာ ဖြစ်သည်။ ထူးထူးခြားခြား မှတ်သားလောက်သူတယောက် မဟုတ်ဘဲ ပါရမီဗီဇလည်း နည်းပါးသည်။ သို့သော်လည်း အလုပ်ကြိုးစား၍ ပွင့်လင်းသော နှလုံးသားရှိသူ ဖြစ်သည်။ ငါးဖမ်းသော ကျေးရွာတခု၏ အစွန်မှ အိမ်ပျက်တလုံးတွင် အရွယ်ရောက် ကြီးပြင်းခဲ့သည်။
ထိုကဲ့သို့ မလေးရှား ပြည်တွင်း မြင်ကွင်းများက ဝတ္တုကို ခိုင်မြဲစေသည်။ ဇာတ်ကောင်များက သနားစရာကောင်းသည်၊ အကြမ်းထည်ဖြစ်သည်၊ စိတ်လှုပ်ရှားဖွယ်ဖြစ်သည်။ အတိုချုပ်ဆိုရသော် အလွန်လက်ရာမြောက်သည့် စာအုပ်ဖြစ်သည်။ တက်ရှ်ဩက ပျက်စီးဆုံးရှုံးမှုများနှင့် အတူ သူ့ အဓိက ဇာတ်ကောင်၏ ဘဝမှ အဆင်မပြေမှုနှင့် မရေရာမှုတို့ကို ဖမ်းယူထားသည်။
ဥပမာပြရသော် အားဟော့ ဖခင်၏ တည်ရှိမှုက တစ္ဆေသဖွယ်ပင်။ သူ၏ ဇနီးသည်နှင့် ကလေးကို ထားရစ်ခဲ့၍ စင်ကာပူသို့ ထွက်ပြေးသွားခဲ့သည်။ စင်ကာပူတွင် ဘုရားသခင်ကို သူတွေ့ခဲ့သည်။ နောက်ထပ် မိသားစုတခုကိုလည်း သူ စတင် ဖန်တီးခဲ့သည်။
ထိုအချိန်တွင် သူ၏ ဇနီးမှာ သူ့ကိုယ်သူနှင့် ငယ်ရွယ်သော သားကို ကာကွယ် စောင့်ရှောက်ရန် ကျန်ရစ်ခဲ့ရသည်။ ဆိုးရွားစွာ အထီးကျန်မှုကြောင့် ဒေသခံ လူပျိုတယောက်နှင့် အတူနေခဲ့ရာ သူ့ဇနီးကို ရွာက ဝိုင်းကျဉ်ထားခြင်း ခံရသည်သာ အဖတ်တင်ခဲ့၏။
နောက်ဆုံးတွင် မြေကွက်လွတ်တခု ရခဲ့ပြီး အသက်ရှင်ရပ်တည်ရေးအတွက် ပေါက်တူးကို လက်က မချနိုင်ဘဲ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်။ အမှီအခိုကင်းလွတ်မှု အတိုင်းအတာအချို့ ရရှိလာချိန်တွင် သူ၏ ကမ္ဘာမှာ မြင့်တက်လာသော ဒီရေလှိုင်းများ၏ လုံးလုံးလျားလျား ရှင်းလင်းခြင်းကို ခံခဲ့ရသည်။
သူ၏ ကြေကွဲစရာ အဖြစ်ဆိုးက Shahnon Ahmad ၏ ဂန္ထဝင် “Ranjau Sepanjang Jalan (ဆူးမှ လွဲ၍ ရိတ်သိမ်းစရာ မရှိ)” ထဲမှ မုဆိုးမလေး Jeha ၏ ဆိုးရွားသော ကံကြမ္မာထက်ပင် ပို၍နေခဲ့သည်။
ထို ခံစားချက်က ကျနော့်ကို ဝတ္ထု၏ အလွန် တိကျသော ပထဝီဆိုင်ရာ တည်နေရာကို ခေါ်ဆောင်သွားခဲ့သည်။
အကယ်၍ သူတို့၏ ကိုယ်ပိုင်ဂျက်လေယာဉ်များက ကွာလာလမ်ပူ၏ ဆူဘန် Subang လေဆိပ်သို့ မဆင်းသက်မီ ရွှံ့နွံတောများ၊ စက်ရုံများနှင့် ဂိုထောင်များပေါ်မှ ဖြတ်ပျံသည့်အခါ ဆီလန်ဂေါ မြောက်ပိုင်း Northern Selangor ၏ ကျယ်ပြန့်သော မြေနိမ့်ပိုင်း ကမ်းရိုးတန်းလွင်ပြင်များကို ကီဗင်ကွမ် Kevin Kwan ၏ Crazy Rich Asian ပရိသတ်များ မှတ်မိကြပါလိမ့်မည်။
တက်ရှ်ဩက ထို ငြီးငွေ့ဖွယ်ရာနှင့် အမေ့ခံ နယ်မြေကို စာပေ၏ ခွန်အားနှင့် နှိုးဆွပေးခဲ့သည်။ ပထဝီ ဗဟုသုတ သက်သက်မျှသာထက် ပို၍ ကျော်လွန်အောင် သိသာထင်ရှားစေခဲ့သည်။ သူက တရုတ်လယ်သမားများနှင့် တံငါသည်များ၏ နယ်မြေ၊ သူတို့ကြားတွင် ပိုင်းခြားထားသော နယ်ခြားမျဉ်းနှင့် ဆီအုန်းအလုပ်သမားတို့၏ အလွန်တရာ ခက်ခဲပင်ပန်းစွာ လုပ်ကိုင်ရသော ကမ္ဘာတို့ကို ရေးဖွဲ့ ပြခဲ့သည်။
အရေးအသားက ပြင်းထန်၍ ရိုးရှင်းသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ဘဝများက အလားတူပင် အေးစက်မှုန်မှိုင်း၍ အထီးကျန်ဆန်သောကြောင့် ဖြစ်သည်။ “ကျုပ်တို့က သူတို့ (အိန္ဒိယနွယ်ဖွားများ)နဲ့ ဘယ်တော့မှ မရောထွေးဘူး။ ကျုပ်တို့ ဘဝတွေက လုံးဝကို သီးခြားစီပဲ။ ကျုပ်တို့ က သူတို့နဲ့ တူတူ ဘာမှ မလုပ်ချင်ဘူး။ သူတို့ရဲ့ ကံဆိုးမှုတွေ ကျုပ်တို့ဆီ ရောက်လာချိန်က လွဲရင်ပေါ့” ဟူ၍ ဖွဲ့သည်။
ဆယ်စုနှစ်များအတွင်း အိန္ဒိယနွယ်ဖွားများက ငြင်းပယ်ခဲ့သည်နှင့်အတူ သူတို့၏ အခန်းကဏ္ဍများကို ဆက်တိုက်ရောက်လာကြသည့် နိုင်ငံခြားအလုပ်သမားများ ဖြစ်သော အင်ဒိုနီးရှား နိုင်ငံသားများ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် မကြာသေးမီက မြန်မာနိုင်ငံမှလာသည့် ရိုဟင်ဂျာများက ဝင်ရောက် ရယူခြင်း ခံနေကြရသည်။ သို့သော် ဝတ္ထုတွင် ထို အရေးပေါ်နေမှုနှင့် စိတ်ခံစားချက် အင်အား ပျောက်ဆုံးနေခဲ့သည်။
မလေးရှားတွင် နိုင်ငံခြားသား အလုပ်သမား အများအပြား(အထူးသဖြင့် တရားမဝင် အလုပ်သမားများ) ၏ အခြေအနေက ဝမ်းနည်းဖွယ်ရာ ဖြစ်သော်လည်း တက်ရှ်ဩက အဆိုပါ ပုံရိပ်များကို အသက်သွင်းရန် ပျက်ကွက်ခဲ့သည်။ သူတို့၏ ဒုက္ခတွင် ဒေါသကိုသာ ပေါက်ကွဲစေခဲ့သည်။ “ဒီအမျိုးသား အမျိုးသမီးတွေရဲ့ ဝိဉာဉ်ကို ဖျက်ဆီးတာ လစာ မဟုတ်ဘူး။ အလုပ်ပဲ။ အဲဒါက သူတို့ရဲ့ ကိုယ်ခန္ဓာကို ကျိုးပျက်စေတဲ့ လမ်း၊ သူတို့ကို ကလေးငယ်တွေ အဖြစ်ကနေ နှစ်အနည်းငယ်လောက် အချိန်အတွင်းမှာ ညှိုးခြောက်နေတဲ့ သတ္တဝါအိုကြီးတွေအဖြစ် ပြောင်းလဲ ပစ်တဲ့ လမ်း” ဟု သူ ကျိန်ဆဲသည်။
ဝမ်းနည်းစရာကောင်းသည်မှာ နိုင်ငံခြားသားများက တစိမ်းဆန်သော၊ မသိနိုင်သော အခြေအနေတွင် ဆက်၍ ရှိနေသည်။ ဝတ္ထုထဲတွင် သူတို့က အရိပ်သဖွယ် ရှိသူများသာ ဖြစ်သည်။ ဇာတ်ကွက်နှင့် အကြောင်းအရာအရ (အသတ်ခံရသူတဦးမှာ နိုင်ငံခြားသား ဖြစ်သည်) အရေးပါသော်လည်း သူတို့ ကိစ္စက အနည်းငယ်မျှသာ ဖြစ်သည်။
အံ့သြစရာကောင်းသည်မှာ တက်ရှ်ဩက ဇာတ်ကြောင်းပြောသူကို လိင်တူဆက်ဆံသော အမျိုးသမီး သုတေသီ/စာရေးဆရာ တဦး အဖြစ် ပုံဖော်ထားပြီး မရေမရာ ပြုလုပ်ထားသည်။ စရိုက်လက္ခဏာ၊ မိသားစု၊ လူတန်းစားတို့နှင့် ပတ်သက်၍ လတ်တလော ထုတ်ဝေခဲ့သည့် “The Face” အမည်ရှိ သူ၏ အက်ဆေးတွင် တက်ရှ်ဩက ကျေးလက်ဘဝ၏ အဆင်မပြေမှုများမှ လွတ်မြောက်အောင် လုပ်ခဲ့သူများ (အထူးသဖြင့် ရည်မှန်းချက်ကြီး၍ အလုပ်ကြိုးစားသော သူ၏ မိဘများ) နှင့် နောက်တွင် ကျန်ရစ်ခဲ့သူများ ကြားမှ ကွဲပြားခြင်းကို ဖော်ပြသည်။
ထပ်ပြောရလျှင် တက်ရှ်ဩက သူ၏ ကိုယ်ပိုင်အတွေ့အကြုံများကို ရှာဖွေတူးဖော်သည့် အချိန်တွင် အရေးအသားက အလွန်ပင် ကောင်းနေသည်။ သူ့ဖခင်နှင့် စကားပြောခန်းကို အဖွဲ့တွင် ရှားပါးသော စိတ်တင်းကျပ် ဖိစီးခြင်း ရှိနေသည်။ ဇာတ်ကြောင်းပြောသူနှင့် ပတ်သက်၍ သူ့ ပညာရေး နောက်ခံနှင့် ကမ္ဘာ့အမြင်ရှိမှုက တက်ရှ်ဩအတွက် ပုံဖော်ရန် အတော်လေး လွယ်ကူလိမ့်မည်ဟု မှန်းဆကြပါလိမ့်မည်။ သို့သော်လည်း သူက ပျင်းစရာသော၊ စိတ်ဝင်စားစရာမဟုတ်သည့် လုပ်ကြံဖန်တီးထားသော ဇာတ်ကွက်တခုထက် အနည်းငယ်မျှသာ ပိုသည့် အခြေအနေဖြင့် အဆုံးသတ်သွားသည်။
“We, the Survivors” က ကျနော်တို့ကို ခေတ်ပြိုင်မလေးရှား၏ ရုတ်ရုတ်သဲသဲ အခြေအနေတခု အတွင်းသို့ အလျှင်အမြန် ဆွဲခေါ်သွားသည်။ တက်ရှ်ဩက နိုင်ငံမှ ငုတ်လျိုးနေသော လူ့အသိုင်းအဝိုင်းတခုကို လှစ်ပြခဲ့သည်။ မသတီစရာ ဖြစ်နေသော၊ ပျက်စီးနေသော၊ ညစ်ညမ်းနေသော နယ်မြေတခုဖြစ်သည်။ အားနည်းချက် မကင်းသည် မှန်သော်လည်း ဖတ်ရမည့် စာအုပ်တအုပ် ဖြစ်သည်။ ဟောလီးဝုဒ်က ဖန်တီးသည့် “Crazy Rich Asians” ၏ အခြားတဖက်မှ အရှိတရားကို မီးမောင်းထိုးပြထားသည်။ အမှန်တကယ် လိုအပ်ချက်ကို တက်ရှ်ဩက ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန် – မဟာသီယာ အစိုးရ တနှစ်ပြည့်တဲ့အခါ
တရုတ်တွေ ကြိုက်တဲ့ ဒူးရင်းသီးက ကျိန်စာလား