ဆောင်းပါး

ပရမ်တင်ဆူလာနွန် သို့မဟုတ် ထိုင်းဘုရင့် နောက်ကွယ်က လူ

အရှေ့တောင်အာရှ သမိုင်းတွင် အသိသာဆုံး ပုံရိပ်များထဲမှ တခုဖြစ်ခဲ့ပါ၏။ ထိုင်းနိုင်ငံ ဘုရင် ဘူမိဘော (ရာမ ၉) က ဝပ်တွားခစားနေကြသည့် (အချင်းချင်း အငြင်းပွား အငြှိုးဖွဲ့နေကြသော) နိုင်ငံရေးသမား တစု ရှေ့တွင် ခန့်ညားစွာ ထိုင်နေသည်။ နေ့ရက်မှာ ၁၉၉၂ ခုနှစ် မေလ ၂၀ ရက်နေ့ ဖြစ်သည်။

ဘန်ကောက်မြို့ကို ရပ်တန့်သွားစေခဲ့သော သွေးလွှမ်းသည့် အကြမ်းဖက် အဓိကရုဏ်းများ ရပ်တန့်ရေးကို တောင်းဆိုရင်း ဘုရင်က ကြားဝင်ဖျန်ဖြေပေးခြင်း ဖြစ်ပါသည်။ ဆန္ဒပြသူများ ပျောက်ကွယ်သွားသည်။ စစ်အစိုးရ ခေါင်းဆောင်များ နုတ်ထွက်သွား၏။ ထိုင်းနိုင်ငံသည်လည်း အရပ်ဘက် အုပ်ချုပ်ရေးဆီသို့ ဖြည်းဖြည်းချင်း ပြန်လည်ရောက်ရှိသွားခဲ့သည်။

ဘုရင်၏ ဘေးတွင် ဒူးထောက်နေသော နောက်ထပ် သတိပြုမိချင်စရာ တဦးမှာ သူ ယုံကြည်သည့် အကြံပေးဖြစ်သော ပရမ်တင်ဆူလာနွန် (ယခုနှစ် အစောပိုင်းက အသက် ၉၈ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်က အသက် ၈၈ နှစ်တွင် ကွယ်လွန်သွားခဲ့သော ဘုရင်ထက် အသက်ပိုရှည်ခဲ့သူ) ဖြစ်သည်။

ဘုရင် ဘူမိဘောက ဒုတိယကမ္ဘာစစ်ခေတ်လွန် ထိုင်းနိုင်ငံသမိုင်းတွင် အဓိပ္ပါယ်ရှိသော ရုပ်ပုံလွှာတခု အဖြစ် ရှင်းရှင်း လင်းလင်း ရှိခဲ့သည့် နည်းတူ ပရမ်တင်ဆူလာနွန် ကဲ့သို့ သူ၏ နောက်ကွယ်တွင် ရှိနေသူများကလည်း သူတို့နည်း သူတို့ဟန်ဖြင့် အလွန်တရာ အရေးပါသည့်သူများ ဖြစ်ခဲ့ကြသည်။

အရှေ့တောင် အာရှတွင် စင်ကာပူမှ လီကွမ်ယူနှင့် ဂိုကန်ဆွီး Goh Keng Swee (စင်ကာပူ၏ အောင်မြင်သော စီးပွားရေး ဇာတ်ကြောင်း နောက်ကွယ်တွင် ရှိနေခဲ့သူ) မှသည် မလေးရှားမှ ဒေါက်တာ မဟာသီယာ မိုဟာမက်နှင့် ဒိမ်းဇိန်းအူဒင် Daim Zainuddin တို့ အထိ စိတ်ဝင်စားစရာနှင့် သြဇာအာဏာကြီးသော နိုင်ငံရေး တွဲဖက်များကို အများအပြား မြင်တွေ့ခဲ့ကြရပြီး ဖြစ်ပါသည်။

၁၉၉၂ ခုနှစ် မညီမညွတ်ဖြစ်နေသော ဗိုလ်ချုပ်များ၏ နိုင်ငံရေး အကျပ်အတည်းကို ဘုရင် ဘူမိဘောနှင့် အတူ ရှင်းခဲ့သည်

နှိုင်းယှဉ်၍ ကြည့်မည် ဆိုလျှင် အင်ဒိုနီးရှားမှ ဆူဟာတို (အာဏာသိမ်းယူခြင်းဖြင့် အာဏာရရှိလာသူ) က အလားတူ အခွင့်အာဏာမျိုး ပေးအပ်ရန် သူ၏ မည်သည့် လက်ထောက်ကိုမျှ လုံလောက်သည့် ယုံကြည်မှု မည်သည့် အခါမျှ မထားရှိခဲ့ပါ။

ပရမ်တင်ဆူလာနွန်ကို တောင်ပိုင်းမှ ဆောင်ခလာ Songkhla ပြည်နယ်တွင် ၁၉၂၀ ခုနှစ်က မွေးဖွားခဲ့သည်။ အနည်းငယ် နိမ့်ကျသည်ဟု ဆိုနိုင်သည့် နောက်ခံ (သူ၏ ဖခင်မှာ ထောင်ဝါဒါ တဦးဖြစ်သည်) မှ လာသော ပရမ်တင်ဆူလာနွန်က စစ်ထဲဝင်ခဲ့ပြီးနောက် သူ၏ အသက် ၅၀ ကျော်သာရှိသေးချိန်၊ အင်ဒိုချိုင်းနား ကျွန်းဆွယ်တလွှားတွင် စစ်အေးတိုက်ပွဲ ပြင်းထန်နေချိန်၌ အရေးပါသည့် နေရာသို့ ရောက်ရှိလာခဲ့သည်။

သူ့အတွက် ကံကောင်းစရာ ဖြစ်ခဲ့ရသည်မှာ ၁၉၇၀ နှစ်များ အလယ်ပိုင်းတွင် ပရမ်တင်ဆူလာနွန်က ထိုင်း ကွန်မြူနစ်ပါတီ (CPT) အဓိက အားဖြင့် လှုပ်ရှားနေပြီး မတည်မငြိမ်ရှိနေသည့် အရှေ့မြောက်ပိုင်းဒေသ အိစန် Isaan တွင် ဒုတိယ တပ်မကို ကွပ်ကဲနေခဲ့ရသည်။

သူက လွတ်ငြိမ်းချမ်းသာခွင့်များပေးခြင်းနှင့် အောက်ခြေအဆင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခြင်း တို့အားဖြင့် သိမ်မွေ့သော ချဉ်းကပ်မှုတခုကို ကျင့်သုံးခဲ့သည်။

အဆိုပါ ဆောင်ရွက်ချက်များကို ချမှတ်ခဲ့သူမှာ သူ မဟုတ်သော်လည်း အိစန်တွင် သူ၏ အောင်မြင်မှုက ကွန်မြူနစ် များနှင့် ရင်ဆိုင်ရာတွင် အလှည့်အပြောင်းတခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး ဘုရင်က ပြတ်သားသည့် ဗိုလ်ချုပ်ကြီးကို သူ၏ အတွင်းစည်းအတွင်းသို့ ခေါ်ဆောင်ခြင်းအားဖြင့် ကျေနပ်မှုကို ပြသခဲ့သည်။ သူတို့ ၂ ဦးလုံး (ဘုရင် ဘူမိဘော နှင့် ဗိုလ်ချုပ်ကြီး ပရမ်တင်ဆူလာနွန်) တို့က စကားပြော ငြင်သာသူများ၊ နိုင်ငံရေးသမားများကို မယုံကြည်သူများနှင့် ထိုင်းအစဉ်အလာအပေါ် ကြီးမားစွာ သက်ဝင် ယုံကြည်သူများ ဖြစ်ကြသည်။

နောက်ဆုံး၌ ၁၉၇၈ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ပရမ်တင်ဆူလာနွန်က ထိုင်းတပ်မတော်၏ အကြီး အကဲဖြစ်လာပြီး ၁၉၈၀ ခုနှစ်တွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သူက ရွေးကောက်ပွဲဖြင့် မည်သည့်အချိန်တွင်မှ စမ်းသပ်မခံခဲ့ရသော် လည်း (ဘုရင့်နန်းတော်၏ ကျောထောက်နောက်ခံပေးမှုနှင့် အတူ) ထိုင်းနိုင်ငံကို ၁၉၈၀ မှ ၁၉၈၈ ခုနှစ်အထိ အုပ်ချုပ် သွားခဲ့သည်။

သူက အမြော်အမြင်ရှိသူတဦး သို့မဟုတ် စိတ်ကူးကောင်းသူတဦး မဟုတ်ခဲ့သည့်တိုင် သူ၏ ဆုံးဖြတ်ချက်ပြတ်သားမှု (အာဏာသိမ်းရန် အားထုတ်မှု ၂ ခုကို သူ ကြံ့ကြံ့ခံနိုင်ခဲ့သည်) က စီးပွားရေးကို တိုးတက်ဖွံ့ဖြိုးစေခဲ့သည့် နိုင်ငံရေး တည်ငြိမ်သော ကာလတခုကို သေချာစေခဲ့သည်။ ထိုင်းနိုင်ငံ၏ GDP က ၂ ဆ နီးပါးတက်သွားခဲ့ပြီး ၁၉၈၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၂.၃၅ ဘီလီယံ ရှိခဲ့ရာမှ ၁၉၈၈ ခုနှစ်တွင် ဒေါ်လာ ၆၁.၆၇ ဘီလီယံ ဖြစ်သွားခဲ့သည်။

၁၉၅၉ ခုနှစ်အတွင်း မြင်ရသော ပရမ်တင်ဆူလာနွန်

ပရမ်တင်ဆူလာနွန်က (သူ၏ စီးပွားရေး အတိုင်ပင်ခံ ဖြစ်သော စနိုးအူနာကူး Snoh Unakul ကဲ့သို့) ကျွမ်းကျင်သူ ပညာတတ်များအား လုပ်ပိုင်ခွင့်ပေးခြင်းကို ယုံကြည်ခဲ့သည်။ အကျိုးဆက်အနေဖြင့် သူတို့က စိုက်ပျိုးရေး လွှမ်းမိုးသည့် လူ့အဖွဲ့ အစည်းတခုမှနေ၍ ကုန်ထုတ်လုပ်ရေးနှင့် ပို့ကုန် ဦးစားပေး အလုပ်ရုံတခု အဖြစ်သို့ အောင်မြင်သော အသွင်ကူးပြောင်းမှုတခုကို သေချာစေခဲ့သည်။

သမိုင်းပညာရှင် ခရစ်ဘိတ်ကာ Chris Baker က “ဘုရင် ဘူမိဘောသည် အသင့်တော်ဆုံး ညာလက်ရုံး အဖြစ် ပရမ်တင်ဆူလာနွန်ကို တွေ့ရှိခဲ့သည်။ ပရမ်တင်ဆူလာနွန်က ဘူမိဘော ခေတ်တခု တည်ဆောက်ရေးတွင် ဖန်တီးမှု အင်အားတခုနှင့် များစွာ မတူညီခဲ့ပါ။ သို့သော်လည်း သူသည် အသင့်သုံးနိုင်သော ပုံရိပ်တခုထက် ပိုခဲ့သည်။ ဤ အပိုင်းတွင် သူက အလွန်အရေးကြီးခဲ့သည်” ဟု ရေးသားခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ရွေးကောက်ခံ နိုင်ငံရေးသမား တဦးထံသို့ အာဏာလွှဲပြောင်းပေးခဲ့ရသော်လည်း ပရမ်တင်ဆူလာနွန်က သြဇာလွှမ်းမိုးနေဆဲ ဖြစ်သည်။ သူ့ကို အတိုင်ပင်ခံ ကောင်စီတွင် ခန့်အပ်ခြင်း ခံခဲ့ရပြီး ၁၉၉၈ ခုနှစ် တွင် အတိုင်ပင်ခံကောင်စီ ဥက္ကဌ ဖြစ်လာခဲ့သည်။ ထိုရာထူးကို သူ ကွယ်လွန်သည့် ၂၀၁၉ ခုနှစ် အထိ ဆုပ်ကိုင်ထားခဲ့သည်။

ဘုရင် ဘူမိဘော၏ နောက်ပိုင်း နန်းသက်အတွင်း အရေးပါသည့် အခမ်းအနားများအားလုံးတွင် သူရှိနေတတ်သည်။ ၁၉၉၂ ခုနှစ်က တော်ဝင် ဖျန်ဖြေမှုတွင် သူရှိနေခဲ့သည့် နည်းတူပင်ဖြစ်သည်။

၂၀၀၆ ခုနှစ်က ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ် Thaksin Shinawatra ရာထူးမှ ဖယ်ရှားခံခဲ့ရခြင်းတွင် သူက အဓိကလူ ဖြစ်သည်ဟု ယူဆကြသည်။ သို့သော်လည်း ရယ်စရာကောင်းသည်မှာ သက်ဆင်ရှင်နာဝပ်၏ ညီမဖြစ်သူ ယင့်လတ် Yingluck ၂၀၁၁ ခုနှစ်တွင် အာဏာရရှိလာသည့်အခါ အခြားသော ရည်မှန်းချက်ကြီးသည့် နိုင်ငံရေးသမားများ သို့မဟုတ် စစ်ဘက်အရာရှိများကဲ့ သို့ပင် ပရမ်တင်ဆူလာနွန်ကို ဂါရဝပြုရန် သွားရောက်ခဲ့သည်။

သို့သော်လည်း ရှင်နာဝပ်များကို ဖယ်ရှားပစ်ခဲ့သော ၂၀၀၆ နှင့် ၂၀၁၄ ခုနှစ် စစ်ဘက် အာဏာသိမ်းယူမှုများသည် ထိုင်းနိုင်ငံကို ကယ်တင်ခြင်းအစား ယခုချိန်အထိ ဆက်လက်ရှိနေသည့် အလွန်ကြီးမားစွာ ကွဲပြားခြားနားမှု ကာလတခုအတွင်းသို့ အလျှင်အမြန် ရောက်ရှိစေခဲ့သည်။

၁၉၈၇ ခုနှစ် ဘုရင်ဘူမိဘောက နန်းတွင်းရာထူးတခု ချီးမြှင့်စဉ်

မဟီဒေါ Mahidol တက္ကသိုလ်မှ နိုင်ငံရေး လေ့လာဆန်းစစ်သူတဦး ဖြစ်သည့် ဒေါက်တာ ပွန်ချနာ သီရိဝဏ္ဏာဘွတ် Punchada Sirivunnabood က “ပရမ်တင်ဆူလာနွန်၏ အမွေက ရောထွေးနေသည်။ ထိုင်းလူမျိုးများက သူ့ကို မည်သို့မြင်သနည်းဆိုသည်မှာ သင်နှင့် စကားပြောသည့်သူပေါ်တွင် မူတည်၍ အမျိုးမျိုး ပြောင်းလဲနိုင်ပါသည်။ မျိုးဆက်ဟောင်းများက သူ့ကို မရေရာ သောကာလတခုအတွင်းတွင် တည်ငြိမ်မှုကိုဖြစ်စေသာ အင်အားတခု အဖြစ် မြင်ကြသော်လည်း ပိုမိုငယ်ရွယ်သည့် ထိုင်းနိုင်ငံသားများက (မျှတစွာဖြစ်စေ မမျှတစွာဖြစ်စေ) သူ့ကို ဒီမိုကရေစီ တားဆီးပိတ်ပင်ခြင်းများတွင် ပါဝင်ခဲ့သူအနေဖြင့် မြင်ကြသည်”ဟု မှတ်ချက်ချခဲ့သည်။

ပရမ်တင်ဆူလာနွန်၏ တရားဝင်ဖြစ်မှုက ဘုရင် ဘူမိဘောထံမှ အများဆုံး ဆင်းသက်လာခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေး စိန်ခေါ်မှုများကို ဖယ်ရှားနိုင်ခဲ့ပြီး နိုင်ငံ တည်ဆောက်ရေးနှင့် တောင့်တင်းခိုင်မာစေရေး စိန်ခေါ်မှုများအပေါ်တွင် အာရုံ စူးစိုက်နိုင်ခဲ့သလို ချက်ကရီ Chakri မင်းဆက်မြှင့်တင်ရေးကိုလည်း အာရုံစိုက်နိုင်ခဲ့သည်။

သို့သော်လည်း ဘုရင် ဘူမိဘော၏ ဂုဏ်သတင်း တိုးပွားလာနေသည့် အချိန်တွင် ပရမ်တင်ဆူလာနွန် နှင့် ထိုင်းအစိုးရတို့က လူမှု ပကတိတရား အသစ်များနှင့် ချိန်ညှိနိုင်ခြင်း မရှိခဲ့ဟု ဆိုရပါလိမ့်မည်။ သေချာသည်မှာ အစဉ်အလာ သဘောတရားများဖြစ်သည့် “နိုင်ငံ၊ ဘာသာတရားနှင့် ဘုရင်” တို့အပေါ် အခြေခံသည့် တိုင်းပြည်တခုအဖြစ် ပရမ်တင်ဆူလာနွန်၏ မပြောင်းလဲနိုင်သည့် ရည်မှန်းချက်က သူတို့၏ တိုင်းပြည်နှင့် စရိုက်လက္ခဏာကို ဖွင့်ဆိုရန် နည်းလမ်းသစ်များ ရှာဖွေနေကြသည့် လူငယ် ထိုင်းနိုင်ငံသားများကို လွှမ်းမိုးနိုင်ခြင်း မရှိတော့ပါ။

ပို၍ ပျက်စီးစေသည်မှာ ကိုယ်ကျိုးမကြည့်ဟု ယူဆရသော ပညာတတ်များကို ရွေးကောက်ခံ နိုင်ငံရေးသမားများထက် ပရမ်တင်ဆူလာနွန်က ပိုသဘောကျခြင်းက ထိုင်း ဒီမိုကရေစီကို အားနည်းစေခဲ့သည်။

သူက အလွန်စိတ်အားထက်သန်စွာ သစ္စာစောင့်သိသူတဦးလည်း ဖြစ်သလို တည်ဆောက်သူ တဦးလည်း ဖြစ်သည်။ စစ်အေးတိုက်ပွဲ၏ နိုင်ငံရေး မုန်တိုင်းများတလျှောက် နန်းတော်နှင့် ထိုင်းနိုင်ငံကို ထိန်းကျောင်းရာတွင် ကူညီခဲ့သည်။

ချက်ကရီ Chakri ပုလ္လင်ပေါ်တွင် ဘုရင်သစ် ဗီဂျရာလောင်ကွန်း ရှိလာခြင်းနှင့် အတူ စမ်းသပ်မခံရသေးသော တိုင်းပြည်ဦးသျှောင်အတွက် အမြော်အမြင်ရှိသော အကြံဉာဏ်များနှင့် ခိုင်မာမြဲမြံစေမည့် အင်အားပေးရန် မည်သူ ပေါ်ထွက် လာမည်ဆိုသည်ကို စောင့်ကြည့်ရခြင်းက စိတ်ဝင်စားစရာ ဖြစ်သည်။ အထူးသဖြင့် နောက်နှစ်နှင့် လာမည့် နှစ်များအတွင်းအထိ ဆက်လက်ရှိနေမည်ဟု မျှော်လင့်ရသည့် စီးပွားရေးကျဆင်းမှုတခု ရှိနေသည့် အချိန်တွင် ဖြစ်ပါသည်။

ဝန်ကြီးချုပ်ဟောင်း ယင့်လတ်နှင့် ပရမ်တင်ဆူလာနွန်တို့ အခမ်းအနားတခုတွင် အတူတကွ မြင်ရစဉ်

ယနေ့ခေတ် ထိုင်းနိုင်ငံက ဘုရင် ဘူမိဘောနှင့် ပရမ်တင်ဆူလာနွန်တို့၏ ဖန်တီးမှု ဖြစ်သည်ဆိုသည်မှာ သံသယ ရှိ စရာမလိုပါ။ သို့သော်လည်း ထိုအတိုင်း ဆက်သွားလိမ့်မည်လား ဆိုသည်မှာကတော့ စောင့်ကြည့်ကြရဦးမည် ဖြစ်ပါသည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

You may also like these stories:

ဘာလဲဟဲ့ အမျိုးသားရေး

ငိုက်မြည်းနေသော မော်လမြိုင် (သို့မဟုတ်) လူများ စွန့်ခွာသွားရာ မြို့

ကက်ရှ်မီးယား ပြဿနာ သို့မဟုတ် အိန္ဒိယ ဝိညာဉ် ပျောက်ဆုံးခြင်း

Loading