နိုင်ငံတခု ဆိုသည်မှာ အဘယ်နည်း။
အကယ်၍ ၎င်းသည် လူအများကို စုဖွဲ့ထားခြင်းတခု ဖြစ်ခဲ့လျှင် မည်သည့်အရာက သူတို့ကို အတူတကွ ဖြစ်အောင် သယ်ဆောင် စုစည်းထားခဲ့ပါသနည်း။
၎င်းမှာ သမိုင်း၊ ပထဝီ၊ ဘာသာရေး၊ ယဉ်ကျေးမှု သို့မဟုတ် ဘာသာစကားကို ဝေမျှထားခြင်းတခု ဖြစ်ပါသလား။ အကြောင်းရင်းများက “ ဟေ့ … ငါတို့အားလုံး ပိုက်ဆံ ရှာကြတယ်။ ဒါကြောင့် တူတူနေကြရအောင်လား” ဟူ၍ စီး ပွားရေးသက်သက်မျှသာ ဖြစ်နိုင်ပါသလား။
သြဂုတ်လသည် မလေးရှားအတွက် ဝှေ့ယမ်းနေသောအလံများ၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေသော သီချင်းများနှင့် စိတ်အားတက်ကြွဖွယ်ရာ အမျိုးသားရေး လတလ ဖြစ်သည်။ (ကျေးဇူးပြု၍) ကျနော်တို့ အနေဖြင့် ဒေါက်တာ မဟာသီယာ မိုဟာမက်နှင့် မလေးရှား အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ သီချင်း (စိတ်ပျက်စရာ) ဆိုကြခြင်းကို နားထောင်ရန် မလိုပါ။ ကျနော်တို့ သူတို့ထံမှ လိုချင်သည်မှာ စီးပွားရေး အပေါ် အာရုံစိုက်ပေးရေးသာ ဖြစ်ပါသည်။
စင်ကာပူ၊ အိန္ဒိယ၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ မလေးရှားနှင့် ဗီယက်နမ် (သူတို့၏ နေ့က စက်တင်ဘာလ ၂ ရက်နေ့ ဖြစ်ပါသည်။ သို့သော် တော်တော်လေး နီးစပ်သည်ဟု ဆိုနိုင်ပါသည်) အစရှိသဖြင့် နိုင်ငံ အမျိုးမျိုးတွင် သူတို့၏ အမျိုးသားနေ့များကို သြဂုတ်လတွင် ကျင်းပကြသည်။
အခမ်းအနားများမှာ တခါတရံ အငြင်းပွားဖွယ်ရာဖြစ်သည်။ မလေးရှားနိုင်ငံသားများက သူတို့နိုင်ငံ၏ မွေးနေ့ကို မဆုံး ဖြတ်ကြရသေးပါ။ (နိုင်ငံ၏ မွေးနေ့သည်) သြဂုတ်လ ၃၁ ရက်နေ့တွင် ကျရောက်သည့် မာဒေးကားနေ့ ဖြစ်ပါသလား သို့မဟုတ် စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်သည့် မလေးရှားနေ့ ဖြစ်ပါသလား။
မည်သို့ပင် ဖြစ်စေ ၁၉၉၀ နှစ်များနှင့် ၂၀၀၀ နှစ်များတွင် ကျနော်တို့ အားလုံး (ဖရန်စစ် ဖူကူးယာမား Francis Fukuyama နှင့် သောမတ်စ် ဖရိုင်းမန်း Thomas Friedman တို့၏ ကျေးဇူးကြောင့်) နိုင်ငံများသည် ခေတ်နောက်ပြန်ဆွဲခြင်းတခု ဖြစ်လာတော့မည့် အကြောင်းကို စတင်တွေးမိလာကြသည်။
ဂလိုဘယ်လိုက်ဇေးရှင်း၊ လွတ်လပ်သောကုန်သွယ်ရေးနှင့် နယ်စပ်များကို ဖွင့်လှစ်ခြင်းက အမျိုးသားရေး လက္ခဏာများကို ထိုးနှက်တော့မည်၊ ၎င်းတို့ကို လစ်ဘရယ်ဒီမိုကရေစီနှင့် အရင်းရှင်စနစ်က ကောင်းချီးပေးသည့် ချုပ်ရိုးကြောင်း မရှိသော၊ နယ်စပ်မရှိသော ကမ္ဘာ တခုအတွင်းသို့ ပေါင်းစည်းပစ်တော့မည်။
မည်သို့ ဖြစ်ခဲ့ကြောင်း ကျနော်တို့ အားလုံးသိကြပါသည်။
နိုင်ငံများက ပြန်လည်တိုက်ခိုက်ခဲ့ကြသည်။ သူတို့က နေရာတိုင်းတွင် (မစ္စတာ ထရမ့် Mr Trump ၏ ကျေးဇူးကြောင့်လည်း တစိတ်တပိုင်းဖြစ်ပါသည်) အားကောင်းမောင်းသန် ရှိနေကြသည်။ သို့သော်လည်း သူတို့က ကျိုးပဲ့ပျက်စီး လွယ်နေဆဲ ဖြစ်သည်။ စိတ်ကူးဖြင့် ပုံဖော်ဖန်တီးထားကြခြင်းဖြစ်သည်။ ကွယ်လွန်သူ ဘန်နဒစ် အန်ဒါဆင် Benedict Anderson က ၎င်းတို့ကို စိတ်ကူးယဉ်ထားသည့် အသိုင်းအဝိုင်းများ Imagined communities ဟု ဖွင့်ဆိုခဲ့သည်။
ပြောရလျှင် ၎င်းတို့သည် အနည်းငယ် ပို၍ သစ်သည့် တိုးတက်မှုတခု ဖြစ်သည်။ “တိုင်းပြည် State” နှင့်“နိုင်ငံ Nation” တို့သည် ပေါင်းစည်းခြင်းခံခဲ့ရပြီး ဖြစ်၍ ယခုအခါ ထို ၂ ခုကို တခုတည်း၊ အလားတူ အဖြစ် ယူဆနေကြသည်။
လူတိုင်းနီးပါးက ရှိပြီးဖြစ်သော နိုင်ငံ ၁၈၆ ခုထဲမှ တခုခုတွင် အခြေချနေထိုင်ကြသည်။ တိုင်းနိုင်ငံများ Nation-states က အင်အား တောင့်တင်းသည်နှင့် အမျှ (မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကဲ့သို့) ချန်လှပ်ခြင်းခံရသူများ၏ ဘဝက တိုင်းတာ၍ မရလောက်အောင် ပိုမိုဆိုးရွားလာသည်။ အဘယ်ကြောင့်ဆိုသော် လူတယောက်သည် နိုင်ငံသားမဟုတ်လျှင် ပညာရေး၊ အလုပ်အကိုင် ၊ ပိုင်ဆိုင်မှု သို့မဟုတ် ဘဏ်ဝန်ဆောင်မှုကို အနည်းငယ် သို့မဟုတ် လုံးဝ မရရှိဘဲ ဖြစ်နိုင်သောကြောင့်ပင်။
ကိုလိုနီဝါဒက အာဖရိကကို ချေမွဖျက်ဆီးခဲ့သည်။ အင်အားနည်းသော နိုင်ငံများ မရေမတွက်နိုင်အောင် မွေးဖွားစေခဲ့ သည်။ အာရှမှ ကျနော်တို့သည် လတ်တလောသမိုင်းက ကျနော်တို့အပေါ် ပေးသည့် အဆိုးဆုံးများမှ လွတ်မြောက်ခဲ့ သည်ဟု ဆိုရပါလိမ့်မည်။
သို့သော်လည်း နိုင်ငံတခု၏ အောင်မြင်မှု သို့မဟုတ် ကျဆုံးမှုကို အကဲဖြတ်ရန် အကောင်းဆုံး နည်းများထဲမှ တခုမှာ ၎င်း၏ လူနည်းစုများအပေါ် ပြုမူဆက်ဆံပုံပင် ဖြစ်သည်။
နိုင်ငံများအနေဖြင့် ပိုမိုပါဝင်သော၊ လွှမ်းခြုံကျယ်ပြန့်သော စရိုက်လက္ခဏာတခု ပိုင်ဆိုင်ထားရန် လိုအပ်ပါသည်။ လူတိုင်းက သူတို့နှင့် သက်ဆိုင်သည်ဟု ခံစားရအောင် ပြုလုပ်နိုင်သည့် အယူအဆ အစုအဝေးတခု ဖြစ်သည်။ ကျနော်တို့ အနာဂတ်၊ လက်ထပ်ခြင်း ကလေးမွေးဖွားခြင်းနှင့် သူတို့၏ ဘဝများတည်ဆောက်ခြင်းအတွက် အခြားနည်းဖြင့် ကျနော်တို့ မည်သို့ စီစဉ်နိုင်မည်နည်း။
သို့သော်လည်း သင်က လူနည်းစုတယောက်ဖြစ်နေခဲ့လျှင် ခိုင်မာတောင့်တင်းသော နိုင်ငံများက နေထိုင်ရန် နေရာကောင်းများ အမြဲတမ်းဖြစ်မနေပါ။
နေရိန်ဒြာ မိုဒီ Narendra Modi ၏ အိန္ဒိယသည် ဟိန္ဒူ အခွင့်အရေးနှင့် စရိုက်လက္ခဏာကို အခြားအရာအားလုံး၏ အထက်တွင် ခိုင်ခိုင်မာမာ ရှိနေသော ၊ လူများစုက မာမာထန်ထန်ကြီးစိုးသည့် လမ်းကြောင်းကို ရွေးချယ်ခဲ့ပြီး ဖြစ်သည်။ မွတ်ဆလင် လွှမ်းမိုးသောပြည်နယ် ကက်ရှ်မီးယားက ပိတ်ဆို့မှုအောက်တွင် ရှိနေပြီး မွတ်ဆလင်များ တရားလက်လွတ် သတ်ဖြတ်ခံရမှု အမြောက်အများ ရှိနေခြင်းနှင့်အတူ သည်းခံတတ်သော လူ့အဖွဲ့အစည်း၊ နိုင်ငံရေးနှင့် ဘာသာရေးကို စည်းခြားထားသည်ဟု ဆိုသော နိုင်ငံ၏ ဂုဏ်သတင်းက လုံးပါးပါးလာနေသည်။
အိန္ဒိယနိုင်ငံကလည်း ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ရက်နေ့ကို အငြင်းပွားဖွယ်ရာ စာရင်းတခု ဖြစ်သည့် နိုင်ငံသား မှတ်ပုံတင်စာရင်း (National Register of Citizens) နောက်ဆုံးမူကြမ်း ထုတ်ပြန်ခြင်းအားဖြင့် အမှတ်အသားပြုလိမ့် မည်ဖြစ်သည်။ မည်သူက သက်ဆိုင်၍ မည်သူက မသက်ဆိုင်ဆိုသည်ကို စိစစ်အတည်ပြုမည်ဟု ယူဆရသည့် အဆို ပါ လုပ်ရပ်ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အရှေ့မြောက်ပိုင်း အာသံ ပြည်နယ်မှ သန်း နှင့်ချီသော မွတ်ဆလင်များ နိုင်ငံမဲ့ ဖြစ်သွားနိုင်သည့် အလားအလာ ရှိနေသည်။
ထိုင်းနိုင်ငံရေးတွင် ထိုင်းလူမျိုးနှင့် ဗုဒ္ဓဘာသာက ဦးစားပေးဖြစ်သော်လည်း ဘုရင်၏ အခန်းကဏ္ဍက လူနည်းစုများကို အလယ်ဗဟိုတွင် စုစည်းထားနိုင်ရန် ကာလရှည်ကြာစွာ အထောက်အကူပြုခဲ့သည်။ သို့မဟုတ် အနည်းဆုံးတော့ ချက်ကရီ Chakri မင်းဆက် လက်ထက်တွင်ဖြစ်သည်။ ၎င်းအချက်မှာ ကွယ်လွန်သူ ဘုရင် ဘူမိဘော အဒူလ်ယာဒတ် Bhumibol Adulyadej လက်ထက်တွင် ဖြစ်သည်။ သို့သော်လည်း သူ့ကို ဆက်ခံသူ ဘုရင် ဗီဂျရာလောင်ကွန်း Vajiralongkorn က အလားတူ လေးစားရိုသေမှုကို ရယူနိုင်ပါမည်လား။
မလေးရှားနိုင်ငံတွင်မူ လူနည်းစုများကို သူတို့ အစဉ်အလာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆက်လက် ထိန်းသိမ်းခွင့် ပြုထား ပြီး စံသတ်မှတ်ချက်များကို အထူးအခွင့်အရေးပေးထားသလို လူများစု မလေးမွတ်ဆလင် အသိုင်းအဝိုင်း နှင့် နှိုင်းယှဉ် ပါက ခွဲခြားဆက်ဆံခြင်း မခံရအောင် ပြုလုပ်ပေးထားသည်။
သို့သော်လည်း ထိုသို့ပြုလုပ်ထားခြင်းက ၎င်းတို့ကြားမှ သံသယ နံရံများကို ဖြိုချနိုင်ခဲ့ခြင်း မရှိပါ။ ပညာရေးမှသည် စီးပွားရေးအထိ အရာရာတိုင်းတွင် နိုင်ငံရေးသဘော လူမျိုးရေးသဘော ဖြစ်နေသည့် အသွင်ဆောင်နေသည်။
ဗီယက်နမ်နိုင်ငံ၏ အမျိုးသားရေး စရိုက်လက္ခဏာကို တရုတ်၊ ပြင်သစ်နှင့် အမေရိကန် လွှမ်းမိုးမှုများအား ၎င်းတို့ ဆန့်ကျင်တွန်းလှန်ခဲ့ရခြင်းများက ကြီးလေးစွာ ဆေးရောင်ချယ်ထားသည်။ အဆိုပါ စရိုက်လက္ခဏာက သူတို့ကို အဓိပ္ပါယ် ဖွင့်ဆိုသည်။ ပိုမိုကောင်းမွန်ရေးအတွက် မောင်းနှင်သည်။ ရလဒ်အနေဖြင့် ဗီယက်နမ်လူမျိုးတယောက် ဖြစ်ရခြင်းက လွတ်လပ်စွာနေနိုင်ရေးအတွက် တိုက်ခိုက်ခြင်းနှင့် (နောက်ပိုင်းတွင်) အလုပ်လုပ်ခြင်းဟု အဓိပ္ပါယ် ရ၏။
ကမ္ဘာပေါ်တွင် မွတ်ဆလင် လူဦးရေ အများဆုံးနိုင်ငံဖြစ်သော်လည်း အင်ဒိုနီးရှားက ၎င်းတို့၏ အမျိုးသားရေး စရိုက် လက္ခဏာကို ဘာသာရေးနှင့် တွဲဆက်မထားဘဲ ၁၉၄၅ တွင် ဆူကာနို Sukarno နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များ စတင် တည်ဆောက်ခဲ့သည့် နိုင်ငံ တည်ဆောက်ရေး စီမံကိန်းနှင့် တွဲထားသည်။
သို့သော်လည်း အနည်းငယ် ကွဲပြားမှုများ ရှိသည်။ ဗီယက်နမ်နိုင်ငံတွင် တောင်ပိုင်းနှင့် မြောက်ပိုင်းကြားမှ လူမှု-စီးပွား နှင့် ယဉ်ကျေးမှု ကွဲပြားမှုများ ဆက်လက်ရှိနေသည်။ အင်ဒိုနီးရှားတွင် တရုတ်နွယ်ဖွား အင်ဒိုနီးရှားနိုင်ငံသားများနှင့် ဒေသဆိုင်ရာ စရိုက်လက္ခဏာများ ၂ ခုလုံး အပေါ်တွင် ကန့်သတ်သည့် စနစ်သစ်တခု အောက်တွင် ရောက်ရှိနေသည်။
ယခုအခါတွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် သမ္မတရွေးကောက်ပွဲ၏ ဂယက်ရိုက်ခတ်မှုများကို ဖြေရှင်းရ တော့မည် ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဂျိုကိုဝီ Jokowi က ဆူမားတြား Sumatra အပါအဝင် အခြားနေရာများတွင် ရှုံးနိမ့်ခဲ့သော်လည်း အဓိကအားဖြင့် ဂျာဗားကျွန်းသားများနှင့် မွတ်ဆလင်မဟုတ်သည့် မဲဆန္ဒ ရှင်များ၏ ကျေးဇူးကြောင့် အနိုင်ရရှိခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် မီလန်နီးရှား Melanesian ပြည်နယ်မှ ကျောင်းသားများအပေါ် လူမျိုးရေးခွဲခြားမှု ဖြစ်ရပ်များရှိခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်၍ ပါပူဝါး Papua နှင့် အနောက် ပါပူဝါး West Papua တွင် ဒေါသများက မြင့်တက်လာနေသည်။
အမှန်တကယ်တွင် အင်ဒိုနီးရှား နိုင်ငံသားများနှင့် သူတို့၏ ခေါင်းဆောင်များသည် ဗဟုဝါဒကို ကျင့်သုံးမည့် နိုင်ငံ၏ အ ခြေခံသဘောတရား ၅ ချက် (ပဉ္စသီလ Pancasila) နှင့် “Bhinneka Tunggal Ika” (“စုံလင်ကွဲပြားစွာဖြင့် စည်းလုံး ညီညွတ်ခြင်း”) ဆောင်ပုဒ်ကို ဖြည့်စွမ်းနိုင်ရေးအတွက် အမြဲမပြတ် လုပ်ဆောင်ခဲ့ကြရသည်။
မျှတအောင်ပြောရလျှင် မြို့တော်ကို တိုင်းပြည်လူဦးရေ၏ ၆ ရာခိုင်နှုန်းသာ နေထိုင်သည့် ကာလီမန်တန် Kalimantan သို့ ပြောင်းရွှေ့ရန် သမ္မတ၏ လတ်တလောဆုံးဖြတ်ချက်က လူများစုကသာ လွှမ်းမိုးသည့် ဝါဒကို ငြင်းပယ်ရန် သတိ ရှိ ရှိ ဆုံးဖြတ်ချက်တခုကို ဖော်ပြနေသည်။
ယင်းသို့ မြို့တော် ရွှေ့ပြောင်းမှုသည် အစောပိုင်း အင်ဒိုနီးရှားမှ အမျိုးသားရေး ဝါဒီများက ပေါ်ထွန်းစနိုင်ငံနှင့် သူတို့၏ ကွဲပြားခြားနားမှုကို စုစည်းရန် ဂျာဗား ဘာသာစကားကဲ့သို့ မဟုတ်ဘဲ လူတိုင်းကိုယ်ပိုင် ဖြစ်လာသော နောက်ဆုံးတွင် ဘဟာဆာ အင်ဒိုနီးရှား Bahasa Indonesia (အင်ဒိုနီးရှားနိုင်ငံ၏ တရားဝင် ရုံးသုံး ဘာသာစကား) ဖြစ်လာပြီး ဘာသာစကား ကွဲပြားသူများကြား ဘုံအဖြစ် အသုံးချနိုင်သည့် မလေး ဒေသသုံး စကားတခု ကို ရွေးချယ်ခဲ့ခြင်းအား ပြန်အမှတ်ရစေသည်။
ဂျိုကိုဝီ ရာထူးမှ ဆင်းသွားပြီး ကာလကြာမြင့်သည်အထိ အစိုးရများက ဆက်လက် ထိန်းသိမ်း စောင့်ရှောက် သွားရမည် ဖြစ်ခြင်းကြောင့် မြို့တော်နေရာရွှေ့ပြောင်းခြင်းက အလားတူ အကျိုးရှိပါမည်လား။ အချိန်ကသာ အဖြေပေးနိုင်ပါလိမ့်မည်။
မှတ်သားသင့်သော ခြွင်းချက် အချို့နှင့် အတူ အာရှ၏ လူနည်းစုများအတွက် အခြေအနေများက များစွာ ကောင်းလှသည့် အသွင်တော့ ရှိမနေပါ။
ထပ်၍ ပြောရမည်ဆိုလျှင် သတင်းအတုအယောင်များက အားဖြည့်ပေးနေသည့် လူပြိန်းကြိုက် သွေးထိုး လှုံ့ ဆော်မှု လှိုင်းများကို ရပ်တန့်ရန် ကမ္ဘာနှင့် လစ်ဘရယ်ထိပ်သီးတို့၏ ပျက်ကွက်မှုများကြောင့် ဤလမ်းကြောင်းက ကျနော်တို့ အာရှတိုက်မှာသာ ဖြစ်နေခြင်းမဟုတ်ဟု အဓိပ္ပါယ်ထွက်ပါသည်။
ကျနော်တို့၏ နိုင်ငံများက သူတို့၏ သက်ဆိုင်ရာ မွေးနေ့များကို ဆင်နွှဲနေကြသည့်တိုင် ၂၀၁၉ ခုနှစ်တွင် ကျနော်တို့ကိုယ် ကျနော်တို့ ဤအတိုင်းပင် ပြန်တွေ့နေရပါသည်။
မှတ်သားရန်လိုသည့် အရေးကြီးသော အချက်မှာ ကျနော်တို့ နေထိုင်ရာ နိုင်ငံများနှင့် သက်ဆိုင်သည့် အကြောင်းချင်းရာများကို ပြောင်းလဲရန် ကျနော်တို့ ကြိုးစားနေသည်နှင့်အမျှ နိုင်ငံတည်ထောင်ခြင်း Nation building လုပ်ငန်းစဉ် ဆိုသည်မှာ မျိုးဆက်တခုပြီးတခု လုပ်သွားရမည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
You may also like these stories:
ကက်ရှ်မီးယား ပြဿနာ သို့မဟုတ် အိန္ဒိယ ဝိညာဉ် ပျောက်ဆုံးခြင်း
ဗီယက်နမ် ပြန်လည်ပေါင်းစည်းရေး အမြန်ရထား စီးခြင်း
ငိုက်မြည်းနေသော မော်လမြိုင် (သို့မဟုတ်) လူများ စွန့်ခွာသွားရာ မြို့