အရှေ့အလယ်ပိုင်း၊ အနောက်ဘက်ကမ်း၊ ဂါဇာ၊ ဇင်ကျန်း၊ ဝီဂါများ၊ ခေတ်သစ် ထိန်းသိမ်းရေး စခန်းများ။ လူဦးရေ ၁၂.၅ သန်းတွင် မွတ်ဆလင် အများစု ဖြစ်သည့် အိန္ဒိယ အနောက်ပိုင်းပြည်နယ် ဂျမူးနှင့် ကက်ရှ်မီးယားက နောက်တိုးစာရင်းဝင်ဖြစ်လာလေမလား။
ဤစာကိုရေးနေသည့် အချိန်တွင် ပြည်နယ်က ညမထွက်ရ အမိန့်အောက်တွင် ရှိနေသည်။ တယ်လီဖုန်းဆက်သွယ် ရေးက တိတ်ဆိတ်နေခဲ့ပြီး နိုင်ငံရေး ခေါင်းဆောင်များက အထိန်းသိမ်းခံထားရသည်။ သန်းဝက် နီးပါးရှိမည့် တပ်များ က ကက်ရှ်မီးယားတွင် တပ်စွဲထားနှင့်ပြီး ဖြစ်၍ ကမ္ဘာပေါ်တွင် စစ်ပုံစံအဆန်ဆုံး ဒေသများထဲမှ တခုဖြစ်အောင် ပြုလုပ်ထားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်းနှင့် ညမထွက်ရ အမိန့် မထုတ်သေးမီ ကာလတွင် နောက်ထပ် အိန္ဒိယ တပ်သား ၃၅၀၀၀ ကို တာဝန်ချထားခဲ့ပြီး ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်များနှင့် ဒေသခံ မဟုတ်သူများကို ဒေသတွင်းမှ ထွက်ခွာသွားစေခဲ့သည်။ ထိုအချိန်တွင် ဒေသခံများမှာ သူတို့ စုဆောင်းထားသည့် အစားအစာများနှင့် အခြားသော အထောက်အပံ့များ၏ အနာဂတ်အတွက် စိုးရိမ်နေကြသည်။ ကြီးမားသော ကြောက်လန့်မှုတခုကို ခံစားနေကြရသည်။
အခြေအနေက လွန်ခဲ့သော ၃၆ နှစ် ၁၉၈၃ ခုနှစ်က ဟိမဝန္တာဒေသသို့ ကျနော် သွားရောက် လည်ပတ်ခဲ့သည့် အချိန် နှင့် များစွာ ကွာခြားနေသည်။
ထိုစဉ်က ဟစ်ပီခေတ်၏ နောက်ဆုံးပိုင်းအချိန်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ အများစုဒေသဖြစ်သည့် လာဒက် Ladakh သို့ စွန့်စားခန်း ခရီးမသွားမီ ဒဲလ် Dal ကန်အတွင်းမှ လှေအိမ်တခုတွင် ကျနော် တပတ်ကြာ အချိန်ဖြုန်းခဲ့သည်။ သို့သော် လည်း ၁၉၈၉ ခုနှစ်ရောက်သည့်အခါ သွေးစွန်းသည့် ဆူပူမှုစတင်ရန် ဖြစ်လာပြီး ဝမ်းနည်းစရာ ကောင်းလောက်အောင် ကျန်သည့် အရာတို့က သမိုင်းဖြစ်သွားခဲ့သည်။

(အိန္ဒိယနှင့် ပါကစ္စတန် ကြား စစ်ပွဲသုံးကြိမ်ဖြစ်ခဲ့သော) ကက်ရှ်မီးယား၏ အခြေအနေက ချောက်ကမ်းပါး ပေါ်တွင် နောက်တကြိမ် ရောက်ရှိနေသည်။
အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲမှုများ အလျင်အမြန် ဆက်တိုက်ပြုလုပ်ခြင်းအားဖြင့် ဝန်ကြီးချုပ် နေရိန်ဒြာမိုဒီ အစိုးရက ကက်ရှ်မီးယား၏ ပြည်နယ်ဖြစ်မှုကို ခွာချခဲ့သည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ဖယ်ရှားခဲ့သလို ဒေသတွင်းတွင် အပြင်လူများ မြေဝယ်ခြင်းကို တားဆီးထားသည့် အကာအကွယ်များကိုလည်း ဖယ်ချခဲ့သည်။
အားလုံးက မည်သည့် အဓိပ္ပါယ်ရှိသနည်း။ အခြေခံအားဖြင့် ဆိုလျှင် ကက်ရှ်မီးယားက အဆင့်နှိမ့်ချခံလိုက်ရသည်။ ၎င်းက ၂ ပိုင်းခွဲ ခံရမည် ဖြစ်သည်။ ဂျမူးနှင့် ကက်ရှ်မီးယားက တဘက်ဖြစ်သွားပြီး လာဒက်က တခြား ဖြစ်သွားလိမ့် မည်။ ၂ ဘက်လုံးကို ပြည်ထောင်စု နယ်မြေများအဖြစ် ဒေလီမှ တိုက်ရိုက်အုပ်ချုပ်မည် ဖြစ်သည်။
နောက်ဆုံးတွင် ပြည်နယ် အဆင့်အတန်းနှင့် ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်ရရှိလိမ့်မည်ဟု မိုဒီက ကတိပြုပြီး ဖြစ်သော်လည်း ကက်ရှ်မီးယား၏ လူဦးရေကို မလွဲမသွေ အပြောင်းအလဲ ဖြစ်စေမည့် ဒေသအတွင်းသို့ ဟိန္ဒူ ရွှေ့ပြောင်း အခြေချသူများ စီးဝင်ခြင်းအပေါ် အငြင်းပွားစရာ ရှိခဲ့ပြီး ဖြစ်သည်။
ထိုအချက်က ဒဏ္ဍာရီဆန်သော၊ ဒုက္ခများမြောင်လှသော နယ်မြေအတွက် နောက်ဆုံးပေါ်လာသည့် အဖြစ်ဆိုးတခုသာ ဖြစ်ပါသည်။
ယေဘုယျ အားဖြင့်ဆိုရလျှင် ကက်ရှ်မီးယားက သမိုင်းအစဉ်အလာအရ မွတ်ဆလင် အများစု နေထိုင်ရာ ဖြစ်ပြီး တောင်ပိုင်းမှ ဂျမူးက ဟိန္ဒူ လွှမ်းမိုးကာ လာဒက်က ဗုဒ္ဓဘာသာ တို့၏ ဒေသ ဖြစ်သည်။ ထိုဧရိယာ ၃ ခုကို ဟိန္ဒူတဦး ဖြစ်သည့် ဒိုဂရာ Dogra မဟာရာဂျာ က အုပ်ချုပ်ခဲ့သည်။

၁၉၄၇ ၌ ခွဲထွက်ရေး ပေါ်ပေါက်လာသည့် အချိန်တွင် ထိုစဉ်က ကက်ရှ်မီးယား၏ မဟာရာဂျာ Hari Singh က သူ၏ မွတ်ဆလင်အများစုက ဆန္ဒရှိသည်ဟု ယူဆရသော ပါကစ္စတန်အစား အိန္ဒိယနှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့သည်။
ထိုအချိန်ကစ၍ ဒေသက အိန္ဒိယနှင့် ပါကစ္စတန်ကြားမှ ကျယ်ပြန့်သော ပဋိပက္ခ၏ အချက်အချာနေရာ ဖြစ်လာခဲ့ပြီး ၂ ဘက်လုံးက ဒေသတခုလုံးကို အုပ်ချုပ်ပိုင်ခွင့်ရှိကြောင်း အခိုင်အမာ ပြောဆိုနေခဲ့ကြသည်။
အုပ်ချုပ်ခွင့်နှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာများကို ဖြေရှင်းရန် နိုင်ငံခြားရေး၊ တယ်လီဖုန်းဆက်သွယ်ရေးနှင့် ကာကွယ်ရေးတို့မှ လွဲ၍ ကျန်သည့် အရေးကိစ္စများ အားလုံးတွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးခြင်း အပါအဝင် အခြေခံ ဥပဒေဆိုင်ရာ အာမခံချက်များ ကက်ရှ်မီးယားသို့ ပေးအပ်ထားခဲ့သည်။ ကက်ရှ်မီးယား၏ အဆုံးစွန်သော အဆင့်အတန်းနှင့် ပတ်သက်၍ လူထုဆန္ဒခံယူပွဲတခု ကျင်းပပေးရန်လည်း အိန္ဒိယက ကတိပြုခဲ့သည်။ ထိုကတိကို ယခုအထိ မဖြည့်ဆည်းသေးပါ။
နေရိန်ဒြာမိုဒီ၏ BJP (နှင့် ၎င်း၏ မိခင်အဖွဲ့အစည်းဖြစ်သည့် RSS) က အဆိုပါ အာမခံချက်များကို ပုံမှန် မဟုတ်သည့် ကိစ္စတခုအဖြစ် မြင်သည်။ ရန်လိုသည့် မွတ်ဆလင်များအတွက် အကျိုးအကြောင်း မခိုင်လုံသည့် လိုက်လျောမှုများ၊ သူတို့ကြိုးစားနေသည့် Hindu Rashtra (ဟိန္ဒူနိုင်ငံတခု)အတွက် အတားအဆီးတခု အဖြစ် မြင်ကြသည်။
သို့သော်လည်း ခုခံကာကွယ်သူများက ကက်ရှ်မီးယား၏ အထူးအခွင့်အရေးများသည် နေရူး၏ ဘာသာရေးနှင့် နိုင်ငံရေး ခွဲခြားထားသည့် အိန္ဒိယအတွက် မရှိမဖြစ် အစိတ်အပိုင်းအဖြစ် အခိုင်အမာ ပြောကြသည်။
လူသိနည်းသည့် အထူးအခွင့်အရေးများမှာ ကက်ရှ်မီးယားမှ မွတ်ဆလင်များအတွက် (တနည်းအားဖြင့် တိုင်းပြည်မှ လူနည်းစုများ အတွက်) အိန္ဒိယကို ရွေးချယ်ခြင်းက သူတို့၏ စရိုက်လက္ခဏာများကို ဟိန္ဒူ လူများစု အတွင်းသို့ သွတ်သွင်းခံရမည် မဟုတ်ကြောင်း အာမခံချက်တခု ဖြစ်ခဲ့သည်။
အိန္ဒိယတွင် ကက်ရှ်မီးယား၏ တည်ရှိမှုက ပါကစ္စတန်အတွက်ရော ဟိန္ဒူနိုင်ငံတော် တည်ဆောက်ရေး သဘောတရားကို လိုက်စားသူများအတွက်ပါ အသက်ဝင်နေသော ငြင်းဆန်မှုတခု ဖြစ်နေခဲ့ရသည်။
ယခုအခါ အရာရာ အားလုံးက အလှမ်းကွာသော အိပ်မက်တခု အသွင်ဖြစ်နေသည်။
ကက်ရှ်မီးယားတွင် မိုဒီ အစိုးရ၏ လုပ်ရပ်က ဟိန္ဒူနိုင်ငံတော် တည်ဆောက်ရေး အစီအစဉ်ကို အပြည့်အဝ အကောင် အထည်ဖော်ရန် ပိုင်းဖြတ်ထားမှုကို ဖော်ပြနေသည်။

၎င်းထဲတွင် နေရူး-ဂန္ဒီ မျိုးဆက်က ဖော်ဆောင်သည့် ဗဟုသဘောဆောင်သော အိန္ဒိယ သဘောတရားကိုရော အခြေခံဥပဒေ ရေးဆွဲသူ တဦးဖြစ်သည့် ဇာတ်နိမ့် ဒါလစ် ဒေါက်တာ ဘီအာရ် အမ်ဘက်ကာ BR Ambedkar ရေးဆွဲခဲ့သည့် နိုင်ငံရေးနှင့် ဘာသာရေးကို စည်းခြားထားသော အခြေခံဥပဒေ၏ သန့်ရှင်းမှုကိုပါ ပယ်ဖျက်ခြင်းလည်း ပါဝင်သည်။
အိန္ဒိယ၏ လွတ်လပ်အမှီအခိုကင်းမှုများ တိုက်စားခံရခြင်းအတွက် မိုဒီ၊ BJP နှင့် RSS တို့ကိုသာ အပြစ်ပုံမည်ဆိုပါကလည်း အမှားတခုသာ ဖြစ်ပါလိမ့်မည်။
သူတို့ချည်းသာ မဟုတ်ပါ။ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ကြီးမားသော လူများစု ဆန္ဒမဲဖြင့် မိုဒီကို ပြန်လည်ရွေး ချယ်ခဲ့ကြသည့် အိန္ဒိယ နိုင်ငံသားများကလည်း တစိတ်တပိုင်းဖြစ်သည်။
ပြောရမည်ဆိုလျှင် ပြီးခဲ့သည့် နှစ် ၄၀ အတွင်း အိန္ဒိယ အစိုးရ အဆက်ဆက်၏ သဘောတရားရေးရာများက ကက်ရှ်မီးယား၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို တစတစ ရေရောခဲ့ကြသည်။ ဆန္ဒခံယူပွဲတခုကို ကျင်းပခဲ့ခြင်း မပြုသလို ထိုကိစ္စကို ကုလသမဂ္ဂ ခုံရုံးသို့ ယူဆောင်သွားခွင့်လည်း မပြုခဲ့ကြပါ။
ထို့ပြင် နောက်ဆုံးသတင်းများကို အိန္ဒိယနိုင်ငံမှ အင်တာနက်သုံးစွဲသူများက ဝမ်းသာအားရ ထောက်ခံခဲ့ကြခြင်းက (သူတို့ အများစုက ကက်ရှ်မီးယား ပြဿနာအတွက် နောက်ဆုံး အဖြေအဖြစ် ချီးကျူးဂုဏ်တင်ခဲ့ကြသည်) မိုဒီ၏ လုပ်ရပ်အပေါ် အလွန်အကျူး မြှောက်စားခြင်းခံရခြင်း မဟုတ်လျှင်ပင် လူအများစု၏ ထောက်ခံမှုကို ရရှိကြောင်း ဖော်ပြနေသည်။
သို့သော်လည်း ပျော်ရွှင်မှုက ရေတိုသာ ဖြစ်နိုင်ပါသည်။

ပါကစ္စတန်နှင့် (လာဒက်ကို ပိုင်ဆိုင်သည်ဟု ပြောထားဆဲဖြစ်ပြီး အပြောင်းအလဲများကို ဝေဖန်ခဲ့သော) တရုတ်နိုင်ငံ တို့နှင့် ပင်လျှင် ထိပ်တိုက်တွေ့နိုင်သည့် ဖြစ်နိုင်ချေက ဝေးကောင်းဝေးပါလိမ့်မည်။ အမှန်တကယ် ထိခိုက်မှုက အိန္ဒိယ နိုင်ငံ၏ ဝိညာဉ် ဖြစ်ပါလိမ့်မည်။
အကယ်၍ ဒေသခံ ပြည်သူများ၏ အသံကို လုံးဝ ဥပေက္ခာပြုပြီး ကက်ရှ်မီးယား၏ အခွင့်အရေးများကို ရုတ်သိမ်းခဲ့သည်ဆိုလျင် အိန္ဒိယ၏ အခြား လူနည်းစုများသာမက ဟိန္ဒူစကား မပြောသည် ကာနာတာကာ Karnataka၊ အာသံ Assam နှင့် တမီနာဒူး Tamil Nadu ဒေသများဆီသို့ အလားတူ ရက်စက်မှုများ ရောက်လာနိုင်မည်။
ကက်ရှ်မီးယားကို ထိန်းချုပ်ရန် လုပ်ဆောင်ခြင်းက ဘာသာရေး သက်သက်ထက် ပိုပါသည်။ ကွဲပြားခြားနားသည့် ကိုးကွယ်ယုံကြည်မှုများ ကျင့်သုံးသည့် ပြိုင်ဘက်ကင်း အမျိုးသားယဉ်ကျေးမှုကို ဖျက်ဆီးခြင်းနှင့် ဆိုင်ပါသည်။ အိန္ဒိယကို တပုံစံတည်း ဖြစ်အောင် ပြုလုပ်ခြင်း သို့မဟုတ် အိန္ဒိယ၏ ကြွယ်ဝသော စုံလင်ကွဲပြားမှုကို အဆုံးသတ်ခြင်း နှင့်ဆိုင်ပါသည်။
၎င်း၏ ကိုလိုနီဝါဒ ဆန့်ကျင်ရေး ပုံရိပ်တခု၊ အာရှ၏ မီးရှူးတန်ဆောင်တခု ဆိုသည့် ဂုဏ်သတင်း၊ ဘာသာရေးနှင့် နိုင်ငံ ရေးကို ခွဲခြားထားသော၊ တိုးတက်သော၊ ဒီမိုကရေစီဆန်သော၊ ဗဟုဝါဒကို ဆောင်သော ပုံရိပ်က ယခုအခါ အပိုင်းပိုင်း ပြိုကွဲခဲ့ပြီ ဖြစ်သည်။
ကိုလိုနီပြုခံရသူများက ကိုလိုနီပြုသူများ ဖြစ်လာခဲ့သည်။
သို့သော်လည်း နောက်ဆုံးတွင် ဤသည်မှာ မိုဒီကို မဲပေးခဲ့ကြသော အိန္ဒိယ နိုင်ငံသားများ လိုချင်သည့် အရာ ဖြစ်သည်။
သူတို့က မာကျောခက်ထန်သူတယောက် လိုချင်ခဲ့သည်။ ယခုအခါ (ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ) သူယူ ဆောင်လာသည့် အကျိုးဆက်များနှင့် အတူ နေထိုင်ရတော့မည် ဖြစ်သည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
You may also like these stories:
ဇာတ်ခွဲခြားမှု၊ ဘာသာစွဲ၊ ပဋိပက္ခများနှင့် အိန္ဒိယ နိုင်ငံရေး
စန့်ကဘာ၊ ဂင်္ဂါနှင့် မိုဒီ၏ အိန္ဒိယ
မိုဒီ မဟုတ်ရင် အိန္ဒိယမှာ ဘယ်သူလဲ