လွန်ခဲ့သော ၄ နှစ် နီးပါးခန့်က အိန္ဒိယတောင်ပိုင်းမြို့ ဖြစ်သည့် ချန်နိုင်း Chennai (တမီနာဒူး Tamil Nadu ပြည်နယ်၏ မြို့တော်) ရေအောက်သို့ ရောက်ခဲ့သည်။ ဘင်္ဂလားပင်လယ်အော်မှ ဆိုင်ကလုံး မုန်တိုင်းများ၏ အကျိုးဆက်များဖြစ်သော သမိုင်းတွင် အဆိုးရွားဆုံး ဒီရေများက လူဦးရေ ၁၁ သန်းနေထိုင်ရာ ကုန်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှု အချက်အချာနေရာကို Anna အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရပ်နားထားသည့် လေယာဉ်များမှ ဆားငံရေထိထားသည့် ဘီးများကဲ့သို့ ရပ်တန့်သွားစေခဲ့သည်။ လူသားတို့ ထိခိုက်ဆုံးရှုံးရမှုကလည်း များပြားသည်။ လူ ၅၀၀ ကျော်သေဆုံးခဲ့ရပြီး လူဦးရေ ၁.၈ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
ယနေ့အချိန်တွင် မြို့တော်က အစဉ်အလာမရှိခဲ့ဖူးသည့် မိုးခေါင်ရေရှားမှုကို ခံစားနေရသည်။ ရက်ပေါင်း ၂၀၀ ကျော် မိုးမရွာခဲ့ခြင်း၏ အကျိုးဆက်ဖြစ်သည်။ ချန်နိုင်း၏ အဓိက ရေလှောင်ကန် ၄ ခုမှာလည်း ယခုအခါ ခန်းခြောက်နေ သည်။ ကျန် နေသေးသည့် ရေအရင်းအမြစ်တခု ဖြစ်သော ရှေးဟောင်းကန် ချမ်ဘာရမ်ဘက်ကမ် Chembarambakkam ကလည်း လျင်လျင်မြန်မြန် လျော့ပါးလာနေသည်။
သို့သော်လည်း အသက် ၂၈ နှစ်အရွယ် ကုန်ကားမောင်းသူတယောက်ဖြစ်သည့် အန်ဘူ Anbu အတွက် နှစ်ပေါင်း ၁၄၀ အတွင်းတွင် အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုက အလုပ်ရစရာ အရင်းအမြစ်တခု ဖြစ်နေခဲ့၏။
လောကကြီး၏ သရော်လှောင်ပြောင်ချက်လေလား မသိ။ ရယ်စရာကောင်းသည်မှာ ၂၀၁၅ ခုနှစ် ရေလွှမ်းမိုးစဉ်က ချန်နိုင်းမြို့တောင်ဘက် ကီလိုမီတာ ၂၅၀ ခန့်အကွာရှိ သူ၏ ဇာတိကျေးရွာမှ ထွက်ခွာခဲ့ရပြီး အရာအားလုံးက ရေနှင့်အတူပါသွားခဲ့သောကြောင့် ဖြစ်သည်။ ကြွေထည် မြေထည် အတတ်ပညာဖြင့် ဒီပလိုမာတခု ရရှိထားသော်လည်း သူ၏ ဖခင်ကဲ့သို့ပင် ကြံစိုက်ပျိုးသည့် တောင်သူတယောက်ဖြစ်လာရန် မျှော်လင့်ထားခဲ့သည်။ “ရေ ရှိတဲ့အချိန်ဆိုရင် တကယ်ကို (အကျိုးအမြတ်)ပြန်ပေးတဲ့ သီးနှံပါ” ဟု သူက ရှင်းပြသည်။
သို့သော်လည်း ချန်နိုင်းမြို့အစွန်နားရှိ အဝေးပြေးကုန်တင်ကားပြုပြင်သည့် အလုပ်ရုံတခုတွင် အန်ဘူက တောက်ပစွာဆေးသုတ်ထားသော သူ၏ ရေသယ်ထရပ်ကားကို ပွတ်သပ်ရင်း နှစ်နှစ်ချိုက်ချိုက် ပြုံးနေသည်။ ယာဉ်မောင်းတယောက် အနေဖြင့် သူ၏ အလုပ်က၂၄ နာရီ ဖြစ်သည့်အတွက် တခါတရံ ကားက သူ၏ အိမ်သဖွယ်လည်း ဖြစ်သည်။
Ceritalah အဖွဲ့ နှင့်တွေ့ဆုံသည့် အချိန်တွင် အခြားသော ကုန်တင်ယာဉ် ၂ စီးလည်း ဆူဆူညံညံဖြင့် ပြုပြင်နေသည့် ခြံဝင်းထဲတွင် ဖုန်မှုန့်ထူထူ ပါဝင်နေသည့် လေပူပူက တိုက်ခတ်နေသည်။ ပြင်းထန်သော အပူရှိန်က အန်ဘူကို များစွာ ပို၍ အိုမင်းသွားအောင် ပြုလုပ်ခဲ့သည့် အသွင်ရှိသည်။ သို့သော်လည်း ဖော်ရွေသော အန်ဘူနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များသည် ထောင်နှင့်ချီသော ချန်နိုင်း ပြည်သူများ ရေငတ်၍ သေဆုံးခြင်းမှ ရပ်တန့်ပေးနေခြင်း လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
တချိန်က မြို့တော်အတွက် နောက်ဆုံး ရေထိန်းသိမ်းပေးသည့်နေရာ ဖြစ်ခဲ့သော ချမ်ဘာရမ်ဘက်ကမ် ကန်ကို အန်ဘူ နေ့စဉ် ဖြတ်သန်းမောင်းနှင်ရသည်။ ငါးဖမ်းလုပ်ငန်းဖြင့် အောင်မြင်သည့် ကျေးရွာ အများအပြားကိုလည်း ချမ်ဘာရမ်ဘက်ကမ် ကန်က ကြီးပွားတိုးတက်စေခဲ့သည်။
ချမ်ဘာရမ်ဘက်ကမ် ကန်ကို ချိုလ Chola ဘုရင်များက လွန်ခဲ့သော နှစ် ၉၀၀ ခန့်တွင် တည်ဆောက်ခဲ့သည်။ သူ တို့က ဒေသ၏ ချမ်းသာကြွယ်ဝမှုကို ဖြစ်စေခဲ့သော ရှုပ်ထွေးသော ဇလဗေဒဆိုင်ရာ (ရေလှောင်ကန်များ၊ တမံများနှင့် ကန်များ ပါဝင်သည့်) စနစ်တခုကို ဖန်တီးခဲ့သည်။ အမှန်အားဖြင့်ဆိုလျှင် (ထိုစနစ်က) ချိုလ ကမ်းရိုးတန်းနှင့် ပင်လယ်ရေကြောင်း အင်ပါရာ၏ အခြေခံဖြစ်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ်တွင် အဆိုပါ ရေအရင်းအမြစ်များက စီမံချက်ချမှတ်မှု အားနည်းခြင်း၊ အကျင့်ပျက်ခြစားမှုနှင့် ကျွမ်းကျင်မှုမရှိသူတို့က ထိန်းချုပ်ခြင်းတို့ဖြင့် ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရသည်။
စည်းစနစ်တကျ မဟုတ်သော တိုးတက်မှုနှင့် တရားမဝင် ဆောက်လုပ်ရေး (မြို့တော်၏ သဘာဝရေကန်များ ထိပ်တွင်ပင် ဖြစ်တတ်သည်) က သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေခဲ့သလို လမုပင်များနှင့် ရေလမ်းကြောင်းများ ရှိသော ဒေသ၏ သိမ်မွေ့သော ကမ်းရိုးတန်း ဂေဟ စနစ်ကိုလည်း ထိခိုက်စေခဲ့သည်။
ကန်အောက်ခြေ အနီးတွင် ကျောက်ထုတ်လုပ်ခြင်းနှင့် သောင်တူးရန် ပျက်ကွက်ခြင်းတို့ကလည်း အခြေအနေကို ပို မို ဆိုးရွားစေခဲ့သည်။ ထို့ပြင် မြို့တော်သို့ ကန်မှနေ၍ ပိုက်လိုင်းဖြင့် ပို့ပေးသည့် ရေပမာဏက မူလ ထောက်ပံ့မှုထက် ၁၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
၎င်းအစား အလွန်ကြီးမားသည့် ရေသန့်စင်ရေး စက်ရုံ ၃ ခုက အချိန်ပို အလုပ်လုပ်နေသည်။ ပြည်နယ်အစိုးရ အနေဖြင့် ရထားများ အသုံးပြု၍ ကုန်းတွင်းပိုင်းမှ ရေများ ပို့ဆောင်ပေးနေရသည်။ ရေတွင်းဟောင်းများက ရေရှည် မရပ်တည်နိုင်ပါ။
အမှန်တကယ်တွင် ရေအရင်းအမြစ်များ စီမံခန့်ခွဲရေးက အိန္ဒိယတိုက်ငယ်တွင် လက်ရှိဖြစ်ပေါ်နေသော စိန်ခေါ်မှု ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ စီမံကိန်း ကော်မရှင်ကို ဆက်ခံသည့် အဖွဲ့အစည်းဖြစ်သော NITI Aayog ၏ ခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ မြို့ ၂၁ မြို့တွင် မြေအောက်ရေများ ကုန်ဆုံးသွားလိမ့်မည် ဖြစ်သည်။ မုတ်သုန်ရာသီ ဝင်ရောက်မှုများစွာ နောက်ကျခြင်းနှင့် ယခုနှစ်တွင် ပုံမှန်ထက် အားနည်းခြင်း တို့နှင့် အတူ တိုင်းပြည်အတွင်းမှ မြို့များတွင် မိုးခေါင်ရေရှားမှုကို လုံးလုံးလျားလျား ခံစားကြရမည် ဖြစ်သည်။
အန်ဒရာပရာဒေ့ရှ် Andhra Pradesh ကဲ့သို့သော အချို့ပြည်နယ်များတွင် အခြေအနေက အခြားနေရာများထက် ကောင်းမွန်နေသော်လည်း အိန္ဒိယ တနိုင်ငံလုံး အကျုံးဝင်သည့် ရေစီမံခန့်ခွဲရေး ဗျူဟာတခုနှင့် ပတ်သက်၍ အနည်းငယ်မျှသာ ပြီးမြောက်ခဲ့သည်။ ကာနာတာကာ Karnataka ကဲ့သို့သော အိမ်နီးချင်းပြည်နယ်များမှ တူးမြောင်းနှင့် ဆည်တည်ဆောက်ရေး စီမံကိန်းများက တမီနာဒူး၏ ရေအရင်းအမြစ်များကို ထပ်မံ လျော့နည်းသွားစေခဲ့သည်။
ချန်နိုင်းက ရေဈေးနှုန်းများ မိုးအထိ မြင့်တက်သွားသည်။ လီတာ ၂၀ ဝင် သောက်ရေ တပုံးလျှင် ယခင်က ရူပီး ၂၅ မှ ၃၀ အတွင်း ကျသင့်ခဲ့ရာမှ ယခုအခါ ရူပီး ၈၀ မှ ၁၀၀ အတွင်းသို့ ရောက်သွားသည်ဟု အန်ဘူက ပြောသည်။ ချန်နိုင်းတွင် ဓာတ်ဆီက တလီတာလျှင် ၇၆.၁၈ ရူပီး ပေးရသည်။
မော်တော်ကား စက်ရုံများကို ယာယီ ပိတ်ခဲ့ပြီးသည့်နောက် အလုပ်သမား ၂၀၀၀၀ ခန့်မှာ သူတို့ အလိုအပ်ဆုံး အချိန်တွင် သူတို့၏ လစာများကို ဆုံးရှုံးရတော့မည့် အခြေအနေတွင် ရှိနေသည်။ နောက်ထပ် အလုပ်အကိုင် နေရာ ၂၀၀၀၀ ပေးထားသော ချန်နိုင်း၏ IT စြင်္ကန်မှ ကုမ္ပဏီ အများအပြားက သူတို့၏ ဝန်ထမ်းများကို အိမ်မှာနေရင်း အလုပ်လုပ် ပေးရန် တောင်းဆိုခဲ့သည်။ အများအားဖြင့် အဆိုပါ ရုံးများတွင် အန်ဘူ၏ ရေကဲ့သို့သော ကားများဖြင့် ပို့ပေးသည့် ရေကို အသုံးပြုခဲ့ကြသည်။ ယခုအခါ ဈေးနှုန်းက ၂ ဆနီးပါး ရှိလာပြီ ဖြစ်သည်။
Ceritalah အဖွဲ့နှင့် စကားပြောခဲ့ရသည့် လမ်းဘေးဈေးသည်များက ယခုအခါ ညဘက်များတွင် သူတို့၏ နေအိမ်များ နှင့် လုပ်ငန်းများအတွက် ရေလိုက်ရှာရင်း အချိန်ကုန်ကြရကြောင်း ပြောပြကြသည်။
နောက်ထပ် ကမောက်ကမ ကိစ္စတခုမှ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ပြည်နယ်များဖြစ်ကြသည့် ဘီဟာ Bihar နှင့် အာသံ Assam တွင် လက်ရှိအချိန်၌ ရေလွှမ်းမိုးမှုကို အသည်းအသန် ခံစားနေရခြင်း ဖြစ်ပြီး ရလဒ်အနေဖြင့် လူအမြောက်အများ သေဆုံးခဲ့ရသည်။ ရာသီဥတု ပြောင်းလဲခြင်း၏ ကျေးဇူးကြောင့် အိန္ဒိယနိုင်ငံ၏ ရာသီဥတုက မည်သို့ ခန့်မှန်းမရနိုင် ဖြစ်နေသည်ကို ဖော်ပြသည့် အထောက်အထားတခု ဖြစ်သည်။ တိုင်းပြည်၏ ဘေးအန္တရာယ်ဖြစ်လောက်အောင် လျင်မြန်သော တိုးတက်မှု၏ ရလဒ်ဟုလည်း ဆို၍ ရပါသည်။
သို့သော်လည်း ချန်နိုင်းတွင်မူ မိုးခေါင်ရေရှားခြင်းက အန်ဘူ အတွက် အလုပ်ပို ကောင်းသည်ဟု အဓိပ္ပါယ်ရ၏။ သူ့ကားကဲ့သို့ ကုန်တင်ကားများက မြို့ပတ်ဝန်းကျင်မှ ကျေးရွာများတွင် ရေလိုက်လံစုဆောင်းကြသည်။ မြို့ပြင်ဘက် ကီလိုမီတာ ၄၀ ခန့်အထိ သွားကြသည်။
လယ်သမားများ၏ ရေတွင်းများမှ ရေကို ရူပီး ၇၀၀ ခန့်မျှသာရှိသော ငွေကိုပေး၍ သူတို့၏ လီတာ ၂၄၀၀၀ ဆန့် တိုင်တီများတွင် ဖြည့်ကြသည်။ ချန်နိုင်းသို့ ပြန်ရောက်သောအခါ ထိုရေကို ရူပီး ၁၀၀၀၀ ကျော်ဖြင့် ပြန်ရောင်းချကြသည်။
ယာဉ်မောင်းတယောက်သာ ဖြစ်သည့်အတွက် အန်ဘူ၏ ဝေစုက နည်းပါးပါသည်။ ၁၀ ရက် အလုပ်လုပ်သည့် အတွက် ရူပီး ၁၅၀၀၀ ခန့်သာ ရသော်လည်း ထိုနေရာများတွင် အတော်ပင် များပြားသည့် ပမာဏ ဖြစ်သည်။
သို့သော်လည်း ကုန်တင်ကားများက သူတို့၏ ကျေးရွာများမှ ရေများကို ခိုးယူနေကြသည်ဟု တောင်သူလယ်သမား များက ဆန္ဒပြကြခြင်း အပါအဝင် အခါအားလျော်စွာ တွေ့ရတတ်သည့် အန္တရာယ်များ ရှိသည်။
တခါတရံ ပဋိပက္ခများလည်း ပေါ်ပေါက်ခဲ့သည်။ သို့သော်လည်း “ကံကောင်းထောက်မစွာနဲ့ ကျနော်တော့ တခါမှမဖြစ် ဖူးဘူး။ ဒါပေမယ့် တခါတလေတော့ ယာဉ်မောင်းတွေကို ရွာသားတွေက တိုက်ခိုက်တာ ခံရတယ်။ ကျောက်တုံး တွေနဲ့ ပစ်လို့ ကားမှန်တွေ ကွဲတယ်။ တာရာတွေ အဖောက်ခံရတယ်” ဟု အန်ဘူက ပြောသည်။
သူ၏ မိတ်ဆွေအများအပြားမှာ ချန်နိုင်း မြို့တော်နေသူများအတွက် သူတို့တွင် အနည်းငယ်မျှသာ ရှိသည့်ရေကို ယူဆောင်သွားခြင်းအတွက် ဒေါသဖြစ်ကြသည့် ကျေးလက်ဒေသခံများနှင့် ထိပ်တိုက်တွေ့ခြင်းများမှ ကံကောင်းထောက် မစွာ ဖြင့် ပွတ်ခါသီခါ ရှောင်လွှဲနိုင်ခဲ့ကြသည်။
သူ၏ ကျေးရွာမှ ရေများကို ကုန်တင်ကားများဖြင့် ယူဆောင်ခြင်းအား ခွင့်ပြုမည်လားဟု မေးသည့်အခါ အန်ဘူက နောက်တကြိမ် ပြုံးသည်။ “ကျနော့်ကားလိုမျိုး ထရပ်ကားတစီးကို ကျနော့်ရွာနယ်နိမိတ်ထဲ ဝင်ခွင့်တောင် ပေးမှာ မဟုတ်ပါဘူး။ ကျနော် လုပ်နေတာက မှားနေတယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် အသက်ရှင်ရပ်တည်ဖို့ လုပ်နိုင်တာ လုပ်ရမယ့် အခြေအနေတခုထဲမှာ ကျနော်တို့ရောက်နေပါတယ်။ အဲဒီအတွက် ကျနော် မတောင်းပန်ပါဘူး။”
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန်
Crazy Rich Asians ရဲ့ အခြားတဖက်မှာ
အမှိုက်ပုံများနှင့် ကျနော်တို့၏ ကမ္ဘာကြီး
စန့်ကဘာ၊ ဂင်္ဂါနှင့် မိုဒီ၏ အိန္ဒိယ