အိန္ဒိယနိုင်ငံက အုပ်ချုပ်သည့် ကက်ရှ်မီးယားပြည်နယ်ဖက်ခြမ်းမှ အာဏာပိုင်များသည် ယနေ့ ဩဂုတ်လ ၅ ရက်နေ့နံနက် အစောပိုင်းအချိန်တွင် ဒေသ၏ကြီးမားသော အစိတ်အပိုင်းများကို ပိတ်ဆို့ထားလိုက်စဉ် အိန္ဒိယနိုင်ငံသည် သောင်းနှင့်ချီသော နောက်ထပ်တပ်ဖွဲ့များကို စေလွှတ်ထားပြီး နှစ်နိုင်ငံတပ်များသည် အိန္ဒိယ-ပါကစ္စတန် နယ်စပ်တွင် အခြားတဖက်က စတင်တိုက်ခိုက်သည်ဟု အပြန်အလှန်စွပ်စွဲနေကြသည်။
ပုဂ္ဂလိက မိုဘိုင်းဖုန်းများ၊ အင်တာနက်ဝန်ဆောင်မှုများနှင့် ကြိုးဖုန်းလိုင်းများကို ဖြတ်တောက်ထားသောကြောင့် ဆက်သွယ်ရေးလည်း ပြတ်တောက်နေသည်ဟု ဒေသတွင်း သတင်းများက ဆိုသည်။
၎င်းတို့ကို နေအိမ်တွင် အကျယ်ချုပ်ထားသည်ဟု လက်ရှိနှင့် လက်ဟောင်း ကက်ရှမီးယား နိုင်ငံရေးသမားများက ထိုသို့ဆက်သွယ်ရေးကွန်ရက် မဖြတ်တောက်မီက တွစ်တာတွင် ရေးသားခဲ့ကြသည်။
အိန္ဒိယ စစ်ယာဉ်တန်းတခုကို ပါကစ္စတန်အခြေစိုက် အစုတခုက စစ်သွေးကြွ တိုက်ခိုက်မှုတခုကြောင့် ညူကလီးယားလက်နက်များ ပိုင်ဆိုင်သောပြိုင်ဖက် နှစ်နိုင်ငံနယ်စပ် တလျှောက် လေကြောင်းတိုက်ခိုက်မှုများဖြစ်ပွားအပြီး လပိုင်းအကြာတွင် ဟိမဝန္တာဒေသဖြစ်သော ကက်ရှ်မီးယားပြည်နယ်သည် လွန်ခဲ့သောရက်အနည်းငယ်က သတင်းများတွင် မီးမောင်းထိုးပြခံလာရပြန်သည်။
အိန္ဒိယတိုက်ငယ်သည် ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးအောက်မှ လွှတ်မြောက်လာပြီးချိန်မှစတင်ပြီး အိန္ဒိယနှင့်ပါကစ္စတန်တို့သည် ကက်ရှ်မီးယား၏ အစိတ်အပိုင်းများကို သီးခြားစီ ထိန်းချုပ်ထားကြသည်။ နှစ်နိုင်ငံလုံးက ထိုပြည်နယ်ကို ၎င်းတို့အပြည်အဝပိုင်သည်ဟု ဆိုပြီး ထိုပိုင်နက်အတွက် စစ်ပွဲသုံးကြိမ် ဆင်နွဲခဲ့ကြသည်။ ထိုပြည်နယ်၏ အိန္ဒိယဖက်ခြမ်းတွင် ဆယ်စုနှစ်ချီရှည်ကြာပြီဖြစ်သည့် ပုန်ကန်မှုကြောင့် လူသောင်းနှင့်ချီ သေဆုံးခဲ့ပြီးလည်း ဖြစ်သည်။
“အမိန့်အရ အများပြည်သူလှုပ်ရှားသွားလာမှု မရှိစေရဘဲ ကျောင်းတွေအားလုံးကို ပိတ်ထားရမည်” ဟု ပြည်နယ်အစိုးရက အိန္ဒိယဖက်ခြမ်း ကက်ရှမီးယားပြည်နယ်မြို့တော် ဆရင်နာဂါနှင့် ပတ်ဝန်းကျင်ဒေသများအတွက် အမိန့်ထုတ်ပြန်ထားသည်။ “ယခုအမိန့်ကို အကောင်အထည်ဖေါ်နေသည့် ကာလတလျှောက်လုံးတွင် မည်သည့် အများပြည်သူစုဝေးပွဲနှင့် လူထုအစည်းအဝေးကို မဆို လုံးဝပိတ်ပင်သည်” ဟု ထိုကြေညာချက်က ဆိုသည်။
ဟိန္ဒူလွှမ်းမိုးသော ဂျမူးတွင်လည်း တက္ကသိုလ်များ၊ ကျောင်းများနှင့် ကောလိပ်များကို ပိတ်ထားရန် အမိန့်ထုတ်ထားပြီး ထိုဒေသမှ ခရိုင်တခုတွင် အများပြည်သူသွားလာမှု ပိတ်ပင်ထားသည်။ မွတ်ဆလင်အများစုရှိရာ ကက်ရှ်မီးယားမှ အခြားအဓိကကျသော ခရိုင်အများအပြားတွင်လည်း ကန့်သတ်ချက်များ ထုတ်ပြန်ထားသည်ဟု အိန္ဒိယပြည်တွင်း သတင်းဌာနများက ဆိုသည်။
လွန်ခဲ့သော ဆယ်ရက်အတွင်း နယူးဒေလီက ထိုပြည်နယ်တွင် တပ်ဖွဲ့ဝင်အနည်းဆုံး တသောင်းချထားလိုက်ပြီးနောက် ယခုနောက်ဆုံးတင်းမာမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယခင်က တခါမျှ မချထားဖူးသည့် နောက်ထပ်တပ်ဖွဲ့ဝင် ၇၀၀၀၀ ချထားသည်ဟု လုံခြုံရေးသတင်းရင်းမြစ်တခုက AFP သတင်းဌာနသို့ပြောသည်။
အကြမ်းဖက်တိုက်ခိုက်ရန် ခြိမ်းခြောက်မှုများကြောင့် အစိုးရသည် အစားအစာနှင့် လောင်စာသိုလှောင်ထားရန် ညွှန်ကြားခြင်းအပြင် အခြားလုံခြုံရေးဆိုင်ရ အစီအမံများကိုလည်း ဆောင်ရွက်နေသည်။ ထိုသို့သောအစီအစဉ်များကြောင့် ဒေသခံများအကြားတွင် တုန်လှုပ်မှုများကြီးထွားနေပြီး ဓါတ်ဆီဆိုင်များ၊ အစားအသောက် စတိုးဆိုင်များနှင့် ငွေထုတ်စက်များတွင် လူတန်းရှည်ကြီးများဖြစ်နေသည်။
သေနတ်သံများကြားနေရစဉ် ဆရင်နာဂါ၏ အစိတ်အပိုင်းအများအပြားတွင် တပ်ဖွဲ့များကို ထူထပ်စွာတွေ့နေရသော်လည်း လမ်းမများတွင် လူသူကင်းမဲ့နေကြောင်း ဒေသခံများက AFP သတင်းဌာနသို့ပြောသည်။
ဆရင်နာဂါမြို့လယ်တွင် အစိုးရတပ်များက အသက်ရှူလမ်းကြောင်း ထိခိုက်သော ငရုတ်သီးဗုံးများကို လူသူကင်းမဲ့သော လမ်းမများပေါ်သို့ ပစ်ခတ်နေသည်ဟု ဒေသခံတဦးကပြောသည်။ အုပ်ချုပ်ရေးအရာရှိ ၃၀၀ ခန့်နှင့် ထိပ်တန်းလုံခြုံရေးအရာရှိများအား ဂြိုလ်တုဖုန်းများ ထုတ်ထားပေးသည်ဟု အဆင့်မြင့်အရာရှိများကပြောသည်။
ရှားပါးသော ကန့်သတ်ချက်များ
“ဒီနေ့ည သန်းခေါင်အချိန်က စတင်ပြီး ကျနော့်ကို နေအိမ်အကျယ်ချုပ်ချထားတယ်လို့ ကျနော်ထင်ပါတယ်၊ တခြားအဓိကခေါင်းဆောင်တွေကိုလည်း ဒီအတိုင်း လုပ်နေပါတယ်” ဟု ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း အိုမာအဗ္ဗဒူလာက ဆက်သွယ်ရေးများမဖြတ်တောက်မီ တွစ်တာတွင်ရေးသားခဲ့သည်။
ထိုဒေသတွင် အလားတူကန့်သတ်ချက်များကို နောက်ဆုံးချမှတ်ခဲ့သည်မှာ ၂၀၁၆ ခုနှစ်က လူသိများသော သူပုန်ခေါင်းဆောင်တဦးကို သတ်ဖြတ်ခဲ့ချိန်တွင်ဖြစ်သည်။ ထိုသို့သတ်ဖြတ်မှုကြောင့် လမ်းမပေါ်ဆန္ဒပြပွဲများ လနှင့်ချီပေါ်ပေါက်ခဲ့ပြီး လူ ၁၀၀ နီးပါးသေဆုံးစေခဲ့သည်။
နှစ်နိုင်ငံအကြား မသတ်မှတ်ရသေးသည့် နယ်နမိတ်မျဉ်းဖြစ်သည့် ထိန်းချုပ်မျဉ်း တဖက်စီတွင် အိန္ဒိယနှင့်ပါကစ္စတန်တို့သည် တဖက်က စတင်တိုက်ခိုက်သည်ဟူသည် အပြန်အလှန်စွပ်စွဲမှုများပြုလုပ်နေကြစဉ် ယခုကဲ့သို့ ကန့်သတ်ချက်များထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ပါကစ္စတန် စစ်တပ်မှ အမြဲတမ်းတပ်နှင့် စစ်သွေးကြွများပါဝင်သော အုပ်စုတစု၏ ထိန်းချုပ်မျဉ်းကို ဖြတ်ကျော်ရန် အားထုတ်မှုကို တားဆီးဖေါ်ထုတ်ပြီး တိုက်ခိုက်လာသူ ၅ ဦးမှ ၇ ဦးအထိ သေဆုံးသွားသည် ဟု အိန္ဒိယ စစ်တပ်က တနင်္ဂနွေနေ့တွင်ကြေညာသည်။
ထိုစွပ်စွဲချက်သည် အခြေအမြစ်မရှိကြောင်း ပါကစ္စတန်ကပြောပြီး အိန္ဒိယနိုင်ငံသည် အရပ်သားများကို အတွဲလိုက်ပစ်သော ဗုံးများသုံးတိုက်ခိုက်သောကြောင့် လူ ၄ ဦးသေပြီး အခြားသူ ၁၁ ဦးဒဏ်ရာရသည်ဟု ဆိုသည်။
သူ၏သား အေယန်အာမက်သည် အခြားကလေးငယ်များသည် မပေါက်ကွဲသေးသော အတွဲလိုက်ပစ်သည့် ဗုံးဖြင့် ကစားရာမှ သေဆုံးရကြောင်း သေဆုံးသူတဦး၏ဖခင်ဖြစ်သူ မူဟာမက် ဆစ်ဒစ်က သတင်းထောက်များကို ပြောသည်။
နယူးဒေလီက ထိုကဲ့သို့သော လက်နက်များ မသုံးကြောင်းငြင်းသည်။
အိန္ဒိယနိုင်ငံသည် ရန်စသော လုပ်ရပ်သစ်များ လုပ်နေကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန် က တနင်္ဂနွေနေ့က စွပ်စွဲလိုက်ပြီး ထိုလုပ်ရပ်သည် ဒေသတွင် အကျပ်အတည်းအဖြစ် ပေါက်ကွဲသွားနိုင်သည်ဟု ပြောသည်။ သူသည် ကက်ရှ်မီးယားအခြေအနေကို ပြန်လည်သုံးသပ်ရန် နိုင်ငံ၏ အမျိုးသာလုံခြုံရေးကော်မတီအစည်းအဝေးကိုလည်း ခေါ်ယူခဲ့သည်။
ဒေသတွင်းရှိ အဓိက ဟိန္ဒူ ဘုရားဖူးခရီးစဉ်ကို အကြမ်းဖက်တိုက်ခိုက်မည်ဟူသော သတင်းများကြောင့် ကမ္ဘာလှည့်ခရီးသည်များနှင့်ကျောင်းသားများသည် ထိုရှုခင်းလှပသောဒေသမှ ချက်ခြင်းထွက်ခွာသင့်သည်ဟု အစိုးရက အကြံပေးထားသောကြောင့် ၎င်းတို့သည် အလုအယက်ထွက်ခွာနေကြသည်။
အိန္ဒိယ စစ်တပ်နှင့် ပြည်နယ်အစိုးရတို့သည် လုံခြုံရေးအန္တရာယ်များကို မီးမောင်းထိုးပြနေသော်လည်း ကက်ရှ်မီးယားပြည်နယ်သားများနှင့် နယူးဒေလီမှ အတိုက်အခံနိုင်ငံရေးသမားများက တပ်ဖွဲ့များ ထပ်မံစေလွှတ်ခြင်းသည် အခြားသော အကြောင်းများကြောင့်ဖြစ်မည်ကို စိုးရိမ်နေကြသည်။
ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပြည်နယ်အတွင်းမဟာမိတ်များကို မထောက်ခံတော့ဘဲ ပြည်နယ်အစိုးရကိုဖျက်သိမ်းလိုက်ပြီးနောက် ၂၀၁၈ ခုနှစ် နှစ်လယ်မှ စတင်ပြီး အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားကို နယူးဒေလီ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထားရှိသည်။
ဆက်စပ်ဖတ်ရှုရန်
အိန္ဒိယက မြန်မာသို့ ရေငုပ်သငေ်္ဘာ လွှဲအပ်ရန် အသင့်ဖြစ်နေ
ရေနံတင်သင်္ဘော ဖမ်းဆီးမှုကြောင့် အီရန်အနီး အမေရိကန်နှင့် ဗြိတိန်ရေတပ် အသင့် ပြင်ထား
ဒုတိယမြောက် တရုတ်ရေငုပ်သင်္ဘော ဝယ်ယူရန် ထိုင်းရေတပ် စီစဉ်နေ