စစ်ကောင်စီ၏ အာဏာချုပ်ကိုင်မှုကို ခြိမ်းခြောက်သည်ဟု သုတေသီများပြောသည့် မြန်မာ ခုခံတော်လှန်ရေး ထိုးစစ်ကြောင့် အိန္ဒိယအရှေ့မြောက်ပိုင်း နယ်စပ်သို့ တင်းမာမှုများ ပျံ့နှံ့မှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှု ကြီးထွားနေသည်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ ကျယ်ပြန့်လာသော ထိုးစစ်ကို အိန္ဒိယက သတိထား စောင့်ကြည့်နေသည်။
လုံခြုံရေးနှင့်ပတ်သက်သည့် နယူးဒေလီ၏ စိုးရိမ်မှု ကြီးထွားနေသည်။ အထူးသဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် နယ်နိမိတ်ထိစပ်နေသည့် မဏိပူရနှင့် မီဇိုရမ် ပြည်နယ်များအတွက် ပိုမိုစိုးရိမ်ရသည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ပါဝင်သည့် (3BHA ဟုလည်း မီဒီယာများက ဖော်ပြသော) ညီနောင်မဟာမိတ်သုံးဖွဲ့သည် မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်၌ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထိုးစစ်စတင်သည်။
ထိုးစစ်စတင်သည့်နေ့ကို အစွဲပြုအမည်ပေးထားသည့် ၁၀၂၇ စစ်ဆင်ရေးသည် ကျယ်ပြန့်လာပြီး စစ်တပ်၏စခန်း ၁၃၅ ခုကျော်ကို တိုက်ခိုက်သိမ်းပိုက်သည်ဟု သတင်းများတွင် ဖော်ပြသည်။
တိုက်ခိုက်မှုများကြောင့် ဒုက္ခသည်များ ထွက်ပြေး
မြန်မာစစ်ကောင်စီတပ်သည် တရုတ်နှင့် အဓိက နယ်စပ်စခန်းများကိုသာမက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ရိဒ်ခေါဒါရ်ကိုပါ ထိန်းချုပ်မှု ဆုံးရှုံးသည်ဟု ယုံကြည်ရသည်။
မြန်မာစစ်ကောင်စီတပ်သည် တရုတ်နှင့် အဓိက နယ်စပ်စခန်းများကိုသာမက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ရိဒ်ခေါဒါရ်ကိုပါ ထိန်းချုပ်မှု ဆုံးရှုံးသည်ဟု ယုံကြည်ရသည်။
ခုခံတော်လှန်ရေး အင်အားစုများသည် ထိုင်းနှင့်နယ်စပ် ကယားပြည်နယ်၊ အိန္ဒိယနှင့် နယ်နိမိတ် ထိနေသည့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင်လည်း တိုက်ခိုက်နေကြသည်။
ထိုတိုက်ခိုက်မှုများကြောင့် စစ်သား ဒါဇင်ပေါင်းများစွာ အပါအဝင် မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာ မီဇိုရမ်ပြည်နယ်အတွင်း လွန်ခဲ့သော အပတ်က ဝင်ရောက်လာသည်။ စစ်သားများကို အခြား နယ်စပ်စခန်းသို့ လေကြောင်းမှ ပို့ဆောင်ပြီး မြန်မာသို့ ပြန်လည် စေလွှတ်ခဲ့သည်။
မြန်မာတွင် အကြမ်းဖက်မှုရပ်ရန် အိန္ဒိယက တောင်းဆိုထားသည်။ “မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းဖို့ ကျနော်တို့ ထပ်မံတောင်းဆိုထားပါတယ်” ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စတာ အရန်ဒမ် ဘက်ချီက သတင်းထောက်များကို ပြောသည်။
“အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါသာ တဖက်ကမ်း ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်က တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံသားတွေ အိန္ဒိယဘက်ကို ဝင်ရောက်လာတယ်။ ကျနော်တို့ နယ်စပ်အနီးမှာ ဒီလိုဖြစ်ရပ်တွေ ဖြစ်နေလို့ ကျနော်တို့ အလေးအနက် စိုးရိမ်တယ်” ဟု ၎င်းက ပြောသည်။
မီဇိုရမ်ပြည်နယ်သည် မြန်မာနှင့် ၃၁၇ မိုင် ရှည်သော မလုံခြုံသည့် နယ်စပ်ရှိနေသောကြောင့် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာလျှင် ပြဿနာရှိသည်ဟု ထိုအခြေအနေကို အနီးကပ် စောင့်ကြည့် နေသည့် ကျွမ်းကျင်သူများနှင့် ပညာရှင်များက ပြောသည်။
မီဇိုရမ်ပြည်နယ်သည် မြန်မာနှင့် ၃၁၇ မိုင် ရှည်သော မလုံခြုံသည့် နယ်စပ်ရှိနေသောကြောင့် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာလျှင် ပြဿနာရှိသည်ဟု ထိုအခြေအနေကို အနီးကပ် စောင့်ကြည့် နေသည့် ကျွမ်းကျင်သူများနှင့် ပညာရှင်များက ပြောသည်။
အိန္ဒိယ အာဏာပိုင်များသည် မြန်မာမှ ၎င်းတို့၏ ပိုမိုကျယ်ပြန့်သော အကျိုးစီးပွားများ ထိခိုက်မှုကို ရှောင်ရှားရန် စစ်ကောင်စီကို ဆက်လက်ထောက်ခံပြီး တချိန်တည်းတွင် နယ်စပ်ဖြတ်ကျော်မှု စစ်ဆေးခြင်း တိုးမြှင့်ကာ နှစ်ခွ ကာကွယ်ရေးမူဝါဒ ကျင့်သုံးနေသည်ဟု လန်ဒန်ရှိ အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေး တက္ကသိုလ်ကျောင်း (SOAS) တွင် သင်ကြားပို့ချနေသည့် ဒေါက်တာ အဗင်နက်ရှ် ပါလီဝယ်က ပြောသည်။
“မဏိပူရက အခြေအနေက မြန်မာနဲ့ တိုက်ရိုက်ဆက်စပ်နေပြီး ကာလတိုအတွင်း နယူးဒေလီ အနေနဲ့ မြန်မာနဲ့ပတ်သက်တဲ့ ချဉ်းကပ်ပုံမှာ သေနင်္ဂဗျူဟာ ပြင်ဆင်မှုလုပ်မယ့် အလားအလာ မရှိဘူး” ဟု အရှေ့တောင်အာရှ မဟာဗျူဟာရေးရာ အထူးပြုလေ့လာသူ ဒေါက်တာ ပါလီဝယ်က DW သို့ ပြောသည်။
“ခုခံတော်လှန်မှုဟာ စစ်ကောင်စီကို ဖြုတ်ချရာမှာ အောင်မြင်ရင် အိန္ဒိယအနေနဲ့ ခုခံတော်လှန်ရေး အင်အားစုတွေ သတ်မှတ်တဲ့ ပြဋ္ဌာန်းချက်အတိုင်း သူတို့နဲ့ တန်းတူညီမျှမှု တည်ဆောက်ဖို့ လိုလိမ့်မယ်။ လောလောဆယ်တော့ အဲဒီအခြေအနေ မရောက်သေးပါဘူး” ဟုလည်း ၎င်းကပြောသည်။
အိန္ဒိယ၏ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေး မစ္စတာ ဗစ်ခရမ် မီစရီသည် မြန်မာမှ အပစ်အခတ် ရပ်စဲရေး ၈ နှစ်ပြည့် အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် တက်ရောက်ခဲ့သည်။ တိုင်းရင်းသား ပဋိပက္ခကို ဖြေရှင်းရေးအတွက် ထိုအပစ်အခတ်ရပ်စဲရေး စာချုပ်ကို ခိုင်မာအောင်လုပ်ရန် တိုက်တွန်းသည်။
စစ်ကောင်စီနှင့် ဆက်ဆံရေး ဆက်ထိန်းထားမလား
၂၀၁၅ ခုနှစ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပျက်ပြယ်သွားသည်ဟု ဝေဖန်သူများက ပြောသည်။ စစ်အာဏာသိမ်းမှုကြောင့် အတိုက်အခံများကို သွေးချောင်းစီး ဖြိုခွဲမှုဖြစ်စေပြီး NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အချို့နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသည်။
သို့သော် နယူးဒေလီသည် ၂၀၂၁ ခုနှစ်တွင် ပဋိပက္ခ စတင်ပြီးနောက်တွင်လည်း စစ်ကောင်စီတပ်နှင့် ဆက်ဆံရေး ဆက်လက် ထိန်းသိမ်းထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် အိန္ဒိယ အစိုးရပိုင်နှင့် ပုဂ္ဂလိက လုပ်ငန်းများသည် မြန်မာစစ်တပ်သို့ လက်နက်များ၊ စစ်ဘက်အရပ်ဘက် နှစ်မျိုးသုံး ပစ္စည်းများနှင့် ကုန်ကြမ်းများ အမေရိကန်ဒေါ်လာ ၅၁ သန်းဖိုး ရောင်းချခဲ့ကြောင်း ပြီးခဲ့သည့် မေလက ထုတ်ပြန်သည့် ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ကျနော်တို့နဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ သူတို့ ကိစ္စအများအပြားမှာ ထိတွေ့ဆက်ဆံ ပူးပေါင်းဆောင်ရွက်မှုရှိတယ်။ လုပ်သမျှဟာလည်း ကျနော်တို့ အကျိုးစီးပွားကိစ္စတွေအတွက်ပဲ ဖြစ်ပါတယ်” ဟု မစ္စတာ ဘက်ချီက မြန်မာစစ်ကောင်စီသို့ လက်နက်ရောင်းချမှုနှင့် ပတ်သက်သည့် စုံစမ်းမေးမြန်းမှုတခုတွင် ပြောသည်။
အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနသည် မြန်မာစစ်ကောင်စီဘက်မှ ရပ်တည်သည့် မူဝါဒကို ပြန်လည် သုံးသပ်နေသည့်လက္ခဏာ မရှိကြောင်း လွတ်လပ်သော သုတေသနဖိုရမ် မန်ထရာယာကို တည်ထောင်သူ ဥက္ကဋ္ဌ မစ္စ ရှန်သီ မာရီယက် ဒီဆူဇာက ပြောသည်။
အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနသည် မြန်မာစစ်ကောင်စီဘက်မှ ရပ်တည်သည့် မူဝါဒကို ပြန်လည် သုံးသပ်နေသည့်လက္ခဏာ မရှိကြောင်း လွတ်လပ်သော သုတေသနဖိုရမ် မန်ထရာယာကို တည်ထောင်သူ ဥက္ကဋ္ဌ မစ္စ ရှန်သီ မာရီယက် ဒီဆူဇာက ပြောသည်။
“စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတာ၊ အတိတ်က လက်နက်နဲ့ အရာရှိတွေအတွက် သင်တန်း အထောက်အကူပေးတာ၊ စစ်ကောင်စီကျင်းပတဲ့ အခမ်းအနားတွေကို အဆင့်မြင့် အရာရှိတွေ ပုံမှန် စေလွှတ်တာ အပါအဝင် အိန္ဒိယရဲ့ လုပ်ရပ်တွေက ဆန့်ကျင်ဘက်ကိုပဲ ပြသနေတယ်” ဟု မစ္စ ဒီဆူဇာက DW သို့ ပြောသည်။
“စစ်ကောင်စီ ထောက်ခံတဲ့ သဘောထားပြောင်းလဲဖို့ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရက နယူးဒေလီကို အကြိမ်ကြိမ် တောင်းဆိုနေတာတောင်မှ ဒီအတိုင်းပဲ ဆက်လက် ရပ်တည်နေတယ်” ဟုလည်း ၎င်းကပြောသည်။
နှစ်ဘက်ခွပြီး စောင့်ကြည့်သော မူဝါဒအရ နယူးဒေလီက ခုခံတော်လှန်ရေးထိုးစစ်ကို ယာယီကိစ္စဟုသာ မြင်ပြီး နောက်ဆုံးတွင် စစ်ကောင်စီနိုင်မည်ဟု ဆက်လက် မျှော်လင့်နေကြောင်း မစ္စ ဒီဆူဇာက ထောက်ပြသည်။
“နယူးဒေလီက အရှေ့မြောက်ပြည်နယ်တွေထဲ ပဋိပက္ခ ကူးစက်လာမှာကို စိုးရိမ်တာ သေချာပေမယ့် စစ်ကောင်စီကသာ ဒီပဋိပက္ခ သေးငယ်သွားအောင် လုပ်နိုင်တယ်လို့ မျှော်လင့်ပြီး ခုခံတော်လှန်ရေးက လုပ်နိုင်မယ်လို့ မထင်ဘူးလို့ မြင်နေတယ်” ဟုလည်း ၎င်းကပြောသည်။
(DW ပါ Murali Krishnan ၏ Myanmar’s rebel offensive: How worried should India be? ကို ဘာသာပြန်သည်။)
You may also like these stories:
မိုဒီအစိုးရအတွက် ချင်းတောင်တန်းက အချက်ပေးသံ
အိန္ဒိယသည် အာဏာသိမ်းစစ်ကောင်စီကို ပူးနေသည်
စိတ်အနှောင့်အယှက်ဖြစ်စရာ မြန်မာစစ်ကောင်စီနှင့် အိန္ဒိယ၏ ဆက်ဆံရေး
မြန်မာစစ်ကောင်စီ၏ ကိုယ်ပျောက်မိတ်ဆွေ အိန္ဒိယ
ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်