ပြင်သစ်တို့က ဟနွိုင်းနှင့် ဆိုင်းဂုံကို ဆက်သွယ်သည့် Trans Indochinois ရထားလမ်း ဝန်ဆောင်မှုကို ပထမဆုံး စတင်ခဲ့သည့် ၁၉၃၆ ခုနှစ်တွင် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် တံဆိပ် ခေါင်းများ အလျှံအပယ်ရှိခဲ့သည်။ အားလုံးကို ဘုရင်ခံချုပ်နှင့် ဗီယက်နမ် ဧကရာဇ် Bao Dai တို့က ကြီးမှူးပြုလုပ်ခဲ့ ခြင်း ဖြစ်သည်။
ရထားကိုယ်တိုင်က ပြင်သစ်စတိုင်၏ အထွတ်အထိပ်ဖြစ်သည်။ ၁၇၃၀ ကီလိုမီတာ ခရီးကို နာရီ ၄၀ အတွင်းသွား နိုင်သည်။ အတန်း ၄ မျိုးရှိပြီး အိပ်စင်တွဲများနှင့် စားသောက်တွဲ တခုလည်းပါသည်။ ဝမ်းနည်းစရာကောင်းသည်မှာ ပြင်သစ်ပိုင် အင်ဒိုချိုင်းနားသို့ ဂျပန်တို့၏ ကျူးကျော်ဝင်ရောက်မှုနှင့် ဒုတိယ ကမ္ဘာစစ်တို့က ဝန်ဆောင်မှုများကို ၄ နှစ်အတွင်း အဆုံးသတ်စေခဲ့ပြီး အရှေ့တောင်အာရှတွင် အရှည်လျားဆုံးသော ပုံမှန်ရထားခရီးစဉ်နှင့်ပတ်သက်၍ အမှတ်တရ အဖြစ်နှင့်သာ ကျန်ရှိစေခဲ့သည်။
ယနေ့ အချိန်တွင် “ပြန်လည်ပေါင်းစည်းရေး အမြန်ရထား(Reunification Express)” ဟု အမည်တွင်သည့် ဝန်ဆောင်မှုက များစွာ ဆွဲဆောင်မှု ရှိချင်မှ ရှိပါလိမ့်မည်။ သို့သော်လည်း တနေ့လျှင် ၆ ကြိမ်ထွက်ခွာပေးနေပြီး (Ceritalah ၏ ရွေးချယ်မှု ဖြစ်သည့် အိပ်ယာအဖြစ် ပြောင်းလဲနိုင်သည့် ထိုင်ခံများ အပါအဝင်) အတန်း ၅ မျိုးနှင့် အတူ လေယာဉ်ခရီးစဉ် အကြိမ် ၆၀ ခန့် လွန်းပျံပြေးဆွဲပေးနေရသည့် ဗီယက်နမ်နိုင်ငံ၏ အချက်အချာနေရာ ၂ ခုကြားတွင် ပိုမို၍ ရင်ခုန်စရာ ကောင်းသော၊ ဇိမ်ကျသော အခြားရွေးချယ်စရာတခုကို ပေးသည်။
ခရီးကြာမြင့်ချိန် ၃၆ နာရီ ရှိပြီး မူလ ဝန်ဆောင်မှုထက်လည်း ၄ နာရီ ပို၍တိုသည်။
Ceritalah အဖွဲ့က မြို့တော်မှသည် မြူခိုးများဝေနေသည့် တောင်ပိုင်း စီးပွားရေး အချက်အချာသို့ တရက်ခွဲကြာ ခရီးတခု မကြာသေးမီက သွားရောက်ခဲ့သည်။ ဗီယက်နမ် လူ့အဖွဲ့အစည်း၏ သံစဉ်ကို အစအဆုံး တွေ့ကြုံခံစားခဲ့ရ သည်။ သီးသန့်ဖြစ်သော မြောက်ပိုင်းသားများ၊ အင်အားအပြည့်နှင့် တက်ကြွလှုပ်ရှားမှုများ၊ အလယ်ပိုင်းဒေသမှ ပိုမို၍ သက်တောင့်သက်သာရှိသော ဒေသခံများနှင့် တောင်ပိုင်း၏ နွေးထွေးတက်ကြွမှုတို့ ဖြစ်သည်။
အသက်ရှူမှားလောက်စရာ အခိုက်အတန့် မဟုတ်လျှင်ပင် စိတ်လှုပ်ရှားစရာ အကောင်းဆုံးမှာ ဟူးမြို့ Hue ၌ မနက် အစောကြီးတွင် ပင်လယ်ပြင်ဘေးတလျှောက်တွင် ရထားက ရုတ်တရက်ကြီး ထွက်ပေါ်လာသည့် အချိန်ဖြစ်သည်။
Ceritalah အဖွဲ့က အထက်ပိုင်းမှ အိပ်စင်များကို ကြိုတင်မှာကြားခဲ့သည်။ ၎င်းတို့၏ အမြင့်နှင့် အဆင့်များကို ကို့ယို့ ကားယား နေရာချထားမှုကြောင့် တွယ်ဖက်တက်ရန် အတော်ပင် မလွယ်ကူခဲ့ပါ။ ၎င်းတို့သည် အား ကစားသမားများ သို့မဟုတ် တောင်တက်သမားများနှင့် ပို၍ သင့်တော်ပေလိမ့်မည်။
သို့သော်လည်း သီးသန့် ပုဂ္ဂလိကဆန်မှု အတိုင်းအတာတခုနှင့်အတူ အဆိုပါတွဲများက ရိုးရိုးတန်းမှ မာကျောသော သစ်သားခုံများနှင့် စာလျှင် များစွာပို၍ သက်တောင့်သက်သာ ရှိမှုကို ပေးသည်။ ရိုးရိုးတန်းစီး ခရီးသည်များက ရထားတွဲ ကြမ်းပြင်ပေါ်တွင် ဖြန့်ခင်းအိပ်စက်ရန် အတွက် ဖျာများယူလာခြင်း အားဖြင့် ဖြေရှင်းကြသည်။
ရထားပေါ်မှ အစားအသောက်က စိတ်ပျက်ဖွယ်ရာ ဖြစ်သည်။ ခရီးသည်အများစုက ဟူးနှင့် ဒါနန်မြို့ ကဲ့သို့ ဘူတာ များတွင် အမြန်ရထားရပ်သည့်အခါ (ခေတ္တမျှပင် ဖြစ်သော်လည်း) ဘူတာပလက်ဖောင်းများတွင် ရှိသည့် အစားအသောက်ဆိုင်များတွင် သူတို့ ဝယ်ယူ ရနိုင်သမျှ တွဲဖက်စားသောက်နိုင်သည့် ခေါက်ဆွဲခွက် အမြောက်အများနှင့် အတူ သူတို့၏ ကိုယ်ပိုင် အစားအစာများ ယူဆောင်လာကြသည်။
ရထားခရီးစဉ်က ဗီယက်နမ် လူ့အဖွဲ့အစည်းကို အကျဉ်းချုပ် သရုပ်ဖော်ပြခြင်းနှင့် တူပါသည်။ ပြည်သူများက သေသေ သပ်သပ်ရှိကြပြီး တာဝန်ယူတတ်ကြသည်။ ကိုယ့်အမှိုက် ကိုယ်ရှင်းလင်းပေးကြသည်။ ပြေးလွှားဆော့ကစားနေသော ကလေးငယ်များကို စိုးရိမ်မျက်လုံးဖြင့် ကြည့်ကြသည်။ အလုပ်ကြိုးစား၍ စိတ်အားတက်ကြွသော နိုင်ငံသားများ ဖြစ် ကြသည်။ မိသားစုအပေါ် ခိုင်ခိုင်မာမာ ခံစားချက်ရှိကြသည်။
လက်ရှိ ဝန်ဆောင်မှုက ယခင်ပြင်သစ်တို့ထက် စတိုင်ကျမှု နည်းသော်လည်း မြောက်ပိုင်းမြို့တခု ဖြစ်သည့် ဟိုင်းဒုံ Hai Duong မှ အသက် ၆၀ အရွယ် အဖွား ဟန်း Hanh (အမည်ရင်း မဟုတ်ပါ) ကဲ့သို့သော ခရီးသည်အချို့ အတွက် ရထားခရီးစဉ်က သူ၏ ကလေးဘဝမှ အမှတ်တရများနှင့် ပြန်လည်ဆက်သွယ်သော နည်းလမ်းတခုသဖွယ်ပင်။
သူက အတိတ်အကြောင်းကို ဝမ်းနည်းစွာ ပြောပြသည်။ “အရမ်းကို ခက်ခဲခဲ့တဲ့ အချိန်တွေပေါ့” ဟု သူက မဲ့ပြုံးနှင့် ဆိုသည်။ “အဲဒီတုန်းက ကျမတို့ မြောက်ဗီယက်နမ် အတွင်းမှာပဲ ခရီးသွားနိုင်တယ်။ ရထားတွေက ညစ်ပတ်ပြီး လူအရမ်း ကျပ်တယ်။ အခုတော့ ဝန်ဆောင်မှုက အများကြီး ပိုကောင်းလာပါပြီ။”
ရထားဆိုသည်မှာ ကုန်းမြေမှာ သွားသည်လား၊ ရေပြင်တွင် သွားသည်လားဆိုသည်ကို ကလေးငယ်တယောက်အနေ ဖြင့် သိချင်မိခဲ့ကြောင်း သူမှတ်မိနေသည်။ ယခုအခါ သူက ခရီးစဉ် အသွားတကြောင်းကို အဆုံးထိသွားရန် ဆုံးဖြတ်ထားသည်။ တောင်ပိုင်းမှ သူ၏ ဆွေမျိုးများနှင့် အချိန်ဖြုန်းပြီးနောက် အိမ်ပြန်ရန် ဟနွိုင်းသို့ လေယာဉ်ဖြင့် ပြန်မည် ဖြစ်သည်။
ရထားခရီးစဉ်များက သူတို့၏ သဘာဝအရ လိုအပ်သည်ထက်ပို၍ အချိန်ကြာမြင့်သည်။ ကောင်းကင်ကို ကြည့်ရန်၊ စဉ်းစားတွေးတောရန်နှင့် ဗီယက်နမ် ကျေးလက်တွင် အောင်မြင် ကြီးပွားမှု တိုးလာနေသည်ကို သက်သေပြ ရှုခင်း (အဆုံးမဲ့ စပါးခင်းများ၊ ပြောင်းခင်းများ၊ ဟင်းသီးဟင်းရွက် ဥယျာဉ်များနှင့် ကြာကန်များ) ကို ကြည့်ရန် အချိန်များစွာ ရှိသည်။
ရထား အရှိန်တက်လာသည်နှင့် အမျှ ဆူဆူညံညံ အသံများလည်း ထွက်ပေါ်လာသည်။ ငြီးငွေ့ဖွယ်ရာ စည်းချက်က သင့်ကို ချော့သိပ်မည် ဖြစ်သည်။ သင်၏ သမာဓိ အားကို ထပ်၍ နက်ရှိုင်းစေမည့် အခြေအနေမျိုး ဖြစ်သည်။
၎င်းကို ဆန့်ကျင်နေစရာ အကြောင်းမရှိပါ။ သင့်ကို လွှမ်းမိုးခွင့်ပေးလိုက်ပါ။ သင့်စိတ်က အထက်သို့မြင့်တက်သွားပါ လိမ့်မည်။ အဖွား ဟန်းကဲ့သို့ သင်၏ မှတ်ဉာဏ်များကို ပြန်လည်ခံစားသုံးသပ်ခြင်းနှင့် ကလေးငယ်တယောက် ကစားနေသည်ကို စောင့်ကြည့်ရသကဲ့သို့ အနာဂတ်ကို မျှော်ကြည့်ခြင်းနှင့် အတိတ်ကို ပြန်သွားခြင်း ၂ မျိုးလုံး ဖြစ် နိုင်ပါသည်။
လေယာဉ်များပေါ်တွင် ကျနော် အများဆုံး အချိန်ဖြုန်းခဲ့ရသည်။ နေ့လည်စာစားပွဲများ၊ ညစာစားပွဲများနှင့် အစည်း အဝေးများအတွက် ဟိုဟိုဒီဒီ အပြေးအလွှား သွားနေခဲ့ရသည်။ ကျနော့်အတွက် ရထားခရီးစဉ်တခုက (တဆင့်ကြား အတွေ့ အကြုံတခုသည်ပင်လျှင်) ကြီးမားသော ဇိမ်ခံခြင်း ဖြစ်သည်။ အမြဲမပြတ် အလျှင်စလို လုပ်နေရခြင်း မတိုင် မီက အချိန်တခုကို၊ ကျနော်၏ နေ့စဉ်တည်ရှိမှုတွင် စိတ်အလိုအတိုင်း မလုပ်နိုင်သော အစီအစဉ်များဖြင့် ပြည့်ကျပ်နေသည့် ကာလတခု မတိုင်မီ အချိန်တခုကို ပြန်တွေးမိစေပါသည်။
ခရီးဆုံး ရောက်သည့် အချိန်တွင် တလမ်းလုံး ထိုင်လျက်နှင့် လျောင်းလျှက် နာရီပေါင်းများစွာ (အတိအကျဆိုရ သော် ၃၆ နာရီ) လိုက်ပါခဲ့ရသည့်အတွက် မသက်သာဖြစ်မှု အနည်းငယ် ခံစားရနိုင်ပါသည်။
သို့သော်လည်း အရသာရှိသော ဝေဒနာ ဖြစ်သည်။ (လိုင်းမငြိမ်ခြင်းကြောင့် သင်၏ ဟန်းဖုန်းနှင့် သီးခြားစီ ဖြစ်ခွင့် လည်း ရခဲ့သည်။) သင် ယားယံ ကိုက်ခဲပြီးလည်း ကျန်နေနိုင်ပါသည်။ သို့သော်လည်း သင်၏ အတွေးများနှင့်အတူ အချိန်ဖြုန်းခွင့်ရခဲ့ရခြင်းက စိတ်ကျေနပ်စရာဖြစ်ပါသည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန်
ဗီယက်နမ် စိတ်ဓာတ် မပျက်ယွင်းသေးတဲ့ ဒင်ဗျင်ဖူး
အမှိုက်ပုံများနှင့် ကျနော်တို့၏ ကမ္ဘာကြီး