ထိုင်းနိုင်ငံက အမေရိကန် ပို့ကုန်တွေရဲ့ ၉၀ ရာခိုင်နှုန်းကို အခွန် ကင်းလွတ်ခွင့်ပေးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
အရင် အဆိုပြုထားမှု ၆၀ ရာခိုင်နှုန်းထက် တိုးမြှင့်လာခြင်း ဖြစ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ၃၆ ရာခိုင်နှုန်း အခွန် စည်းကြပ်ဖို့ ခြိမ်းခြောက်မှုကို ပြောင်းလဲနိုင်ရေး ရည်ရွယ်တယ်လို့ ထိုင်းနိုင်ငံ စေ့စပ်ညှိနှိုင်းရေး အဖွဲ့ကို အကြံပေး နေတဲ့ စီးပွားရေးအုပ်စု တစုက ပြောဆိုပါတယ်။
ထိုင်းအစိုးရရဲ့ တတိယအကြိမ် အဆိုပြုချက်က အမေရိကန် ကုန်စည် အမျိုးအစား ၁၀၀၀၀ ခန့်ကို အခွန် စည်းမျဉ်းတွေ ဖယ်ရှား ပေးနိုင်ခြေ ရှိကြောင်း ထိုင်း ကုန်သည်ကြီးများ အသင်း (Thai Chamber of Commerce) ဒု ဥက္ကဌ Chanintr Chalisarapong က Bloomberg News နဲ့ ကြာသပတေးနေ့က အင်တာဗျူး တခုမှာ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံအပေါ် အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုက ၃၆ ရာခိုင်နှုန်းကနေ နောက်ဆုံးမှာ ၁၈ နဲ့ ၂၀ ရာခိုင်နှုန်းလောက် ကြား ဖြစ်သွားနိုင်တယ်လို့ မျှော်လင့်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။
ကမ်းလှမ်းမှုက အမေရိကန်နဲ့ ကုန်သွယ်မှုရဲ့ ပိုငွေ ဒေါ်လာ ၄၅ ဒသမ ၆ ဘီလီယံကို ၃ နှစ်အတွင်း ၇၀ ရာခိုင်နှုန်း လျှော့ချ နိုင်မှာ ဖြစ်ပြီး ၅ နှစ်အတွင်း မျှတတဲ့ ကုန်သွယ်မှု ဖြစ်လာစေမယ်လို့ Mr Chanintr က ဆိုပါသေးတယ်။
အဆိုပါ ပမာဏဟာ ကုန်စည်တွေရဲ့ ၆၀ ရာခိုင်နှုန်းကို အခွန် ကင်းလွတ်ခွင့်ပေးပြီး ကုန်သွယ်မှု ကွာဟချက်ကို ၇ နှစ်နဲ့ ၈ နှစ်ကြား အတွင်း ညီမျှစေမယ် ဆိုတဲ့ ဇူလိုင်လ ၆ ရက်နေ့က ကမ်းလှမ်းချက်ထက် ပိုကောင်းမွန်တယ်လို့ သိရပါတယ်။
“ကျနော်တို့ရဲ့ အဆို တင်သွင်းမှုက ခိုင်မာပြီး လက်တွေ့ကျဖို့ မျှော်လင့်ပါတယ်။ ကိန်းဂဏန်းတွေက အမေရိကန်ကို စိတ်ကျေနပ်စေသင့် ပါတယ်” လို့ ညှိနှိုင်းသူတွေကို အကြံပေးခဲ့သူ Mr Chanintr က ပြောဆိုပါတယ်။
သူက ဆက်လက်ပြီး“ကျနော်တို့ ကမ်းလှမ်းမှာက အင်ဒိုနီးရှားနဲ့ ဗီယက်နမ်ထက် ပိုများမှာပါ။ ကျနော်တို့ နိုင်ငံက ကုန်ထုတ်လုပ်ရေး နိုင်ငံ ဖြစ်တာကြောင့် အမေရိကန် ကုန်စည် အများကြီးကို အသုံးပြုနိုင်ခြေ ရှိပြီး တင်ပို့နိုင်မယ့် ထုတ်ကုန်တွေ အဖြစ် လုပ်ဆောင်နိုင်မှာပါ” လို့လည်း ပြောပါတယ်။
ထိုင်းနိုင်ငံဟာ အမေရိကန်နဲ့ ကုန်သွယ်ရေး စည်းမျဉ်းတွေ ညှိယူနိုင်ဖို့ ကြိုးစားနေတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေထဲက တနိုင်ငံလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်ပြီး မနှစ်က တင်ပို့မှု အားလုံးရဲ့ ၁၈ ရာခိုင်နှုန်း ရှိခဲ့တဲ့ အမေရိကန်နဲ့ အခွန် စည်းကြပ်မှု လျှော့ချဖို့ ကြိုးစားခြင်း မအောင်မြင်ခဲ့ဘူး ဆိုရင် ထုတ်ကုန်တင်ပို့မှု သိသိသာသာ ကျဆင်းသွားနိုင်ပြီး ထိုင်းနိုင်ငံ ရဲ့ ပို့ကုန် အခြေပြု စီးပွားရေး ဖွံ့ဖြိုးမှုကို ၁ ရာခိုင်နှုန်းအထိ လျော့ကျသွားစေနိုင်တယ်လို့လည်း သိရပါတယ်။
ထရမ့်ဟာ ဗီယက်နမ် ကုန်စည်တွေကို အခွန် ၂၀ ရာခိုင်နှုန်းနဲ့ အင်ဒိုနီးရှားကို အခွန် ၁၉ ရာခိုင်နှုန်း ကောက်ခံဖို့ ကြေညာ ထားပြီး ဖြတ်သန်း ကုန်စည်တွေ အတွက်တော့ ပိုမို မြင့်မားတဲ့ ပမာဏ ပေးဆောင်ရဖို့ ရှိနေကြောင်းလည်း ဆိုပါတယ်။
Ref : Bangkok Post













