အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တန်ဘရင့်ခ်သည် မြန်မာစစ်ကောင်စီ ရေတပ်မှ အဆင့်မြင့်အရာရှိတဦးကို လွန်ခဲ့သောအပတ်က ဗီယက်နမ်တွင် တွေ့ဆုံခဲ့ကြောင်း ထိုတွေ့ဆုံမှုကို သိသည့် သတင်းရင်းမြစ်တခုက ပြောသည်။
မစ္စတာ ခရစ်တန်ဘရင့်ခ်သည် နှစ်နိုင်ငံအကြား သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို နှစ်နိုင်ငံထောက်ခံမှုအတွက် ဇွန်လ ၂၁ နှင့် ၂၂ နေ့ရက်များတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းသို့ သွားရောက်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာက ဖော်ပြသည်။
ထိုခရီးစဉ်အတွင်း မစ္စတာ ခရစ်တန်ဘရင့်ခ်သည် မြန်မာစစ်ကောင်စီရေတပ် တပ်မှူးတဦးဖြစ်သူ ဗိုလ်မှူးချုပ် ကျော်လင်းဇော်နှင့် ဟနွိုင်းတွင် တွေ့ဆုံခဲ့သည်။ အခြား အမေရိကန်အရာရှိနှင့် မြန်မာမှ အမေရိကန်သံရုံး အဆင့်မြင့်အရာရှိဖြစ်သူ သံရုံးယာယီ တာဝန်ခံ ဆူဇန် စတီဗင်ဆင်လည်း ထိုအစည်းအဝေးသို့ တက်ရောက်ကြောင်း ဧရာဝတီက သိရသည်။ သို့သော် ထိုအစည်းအဝေး အစီအစဉ်ကို မသိရပေ။
ဧရာဝတီက ထိုကိစ္စကို မေးမြန်းစုံစမ်းသောအခါ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မငြင်းဆိုသလို အတည်ပြုခြင်းလည်း မရှိပေ။
အမေရိကန် ပြည်ထောင်စုသည် မြန်မာစစ်ကောင်စီ လမ်းကြောင်းပြောင်းရေး ဖိအားပေးရန် ရနိုင်သမျှ သံတမန်ရေး နည်းလမ်းအားလုံးကို အသုံးပြုနေကြောင်း၊ မြန်မာနှင့် ပတ်သက်သည့် အမေရိကန် မူဝါဒ မပြောင်းလဲကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောသည်။
“မြန်မာပြည်သူတွေကို အကြမ်းဖက်မှု ရပ်ဆိုင်းရမယ်၊ အငြင်းပွားဖွယ် မတရား ဖမ်းဆီးထားသူတွေကို လွှတ်ပေးရမယ်၊ အတားအဆီးမရှိ လူသားချင်းစာနာမှု အကူအညီ ပေးခွင့်ပြုရမယ်၊ တိုးတက်မှုလမ်းကြောင်းနဲ့ အားလုံးအကျုံးဝင် ကိုယ်စားပြု ဒီမိုကရေစီကို ပြန်သွားဖို့ ပြည်သူ့ဆန္ဒကို လေးစားရမယ်ဆိုတာ ကျနော်တို့က စစ်ကောင်စီကို အကန့်အသတ်ရှိတဲ့ ပုဂ္ဂလိက လမ်းကြောင်းတွေ အပါအဝင် အခြားလမ်းကြောင်းတွေကနေ ရှင်းရှင်းလင်းလင်း ပြောကြားထားပြီးဖြစ်တယ်” ဟု အထက်ပါ ပြောခွင့်ရသူက ပြောသည်။
၂၀၂၁ ခုနှစ် မြန်မာတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန် ပြည်ထောင်စုသည် စစ်ကောင်စီကို စီးပွားရေးနှင့် နိုင်ငံရေး ဖိအားမြှင့်တင်ပြီး စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အခြားနိုင်ငံရေး၊ လူမျိုးစုနှင့်ဘာသာရေးအရ သက်ဆိုင်သူများအပါအဝင် မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံသည်။
လွန်ခဲ့သောနှစ် ဇွန်လတွင် အမေရိကန် ပြည်ထောင်စုသည် မြန်မာ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ကောင်စီက လက်နက်နှင့် အခြားပစ္စည်းများကို နိုင်ငံခြားငွေဖြင့် ဝယ်ယူရန် သုံးသည့် မြန်မာဘဏ် နှစ်ခုဖြစ်သော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူပိတ်ဆို့မှု ချမှတ်သည်။
အမေရိကန် ပြည်ထောင်စုသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ မြန်မာအတွက် အချက် ၅ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကိုလည်း ထောက်ခံသည်။ သို့သော် စစ်ကောင်စီသည် မြန်မာတွင် အကြမ်းဖက်မှု ချက်ချင်းရပ်ဆိုင်းရေး တောင်းဆိုသည့် ထိုအစီအစဉ်ကို အကောင်အထည်ဖော်ခြင်း မပြုပေ။ စစ်ကောင်စီသည် လူ ၅,၃၀၀ ကျော်ကို သတ်ဖြတ်ပြီးဖြစ်သည်။
မေလက ဝါရှင်တန်တွင် ကျင်းပသည့် ၃၆ ကြိမ်မြောက် နှစ်စဉ် အာဆီယံ-အမေရိကန် ပြည်ထောင်စု ဆွေးနွေးပွဲတွင် ခရစ်တန်ဘရင့်ခ်က အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ်နှင့်အညီ အားလုံးပါဝင်သော မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို ထောက်ခံရန် အမေရိကန်နှင့် အာဆီယံအကြား အနီးကပ် ညှိနှိုင်းဆောင်ရွက်မှုကို အလေးထားပြောသည်။
ထိုဆွေးနွေးပွဲသို့ ဝါရှင်တန်ရှိ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဦးသက်ဝင်းလည်း တက်သည်။ မစ္စတာ ခရစ်တန်ဘရင့်ခ်က အကြမ်းဖက်မှုရပ်ရန်၊ မတရားဖမ်းဆီးထားသူများကို လွှတ်ပေးရန်နှင့် လိုအပ်နေသူများထံ လူသားချင်းစာနာမှု အကူအညီ အတားအဆီးမရှိ ပေးခွင့်ပြုရန် စစ်ကောင်စီကို ပြောသည်။
အမေရိကန် ပြည်ထောင်စုနှင့် NUG ထိတွေ့ဆက်ဆံမှု ရှိသော်လည်း မစ္စတာ ခရစ်တန်ဘရင့်ခ်နှင့် စစ်ကောင်စီအရာရှိ ဟနွိုင်းတွင် တွေ့သည့် သတင်းမရကြောင်း၊ အကြောင်းမကြားကြောင်း NUG ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။
ဇွန်လ ၂၂ ရက်နေ့က မစ္စတာ ခရစ်တန်ဘရင့်ခ် ဟနွိုင်းရောက်နေစဉ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမား ဗျူရိုမှ အဓိက ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရောဘတ် အက်စ် ဂျီးလ်ခရစ်သည် NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ ဦးမိုးဇော်ဦးတို့နှင့် တွေ့ဆုံခဲ့သည်။
ထိုအစည်းအဝေးအတွင်း ဝန်ကြီးများက စစ်ကောင်စီကို ပိုမိုအရေးယူရန်နှင့် မြန်မာပြည်သူများကို တိုက်ရိုက်ထိရောက်သော ထောက်ခံမှုပေးရန် တောင်းဆိုခဲ့သည်ဟု NUG က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Senior US Diplomat Reportedly Met Myanmar Junta Navy Officer in Hanoi ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီနှင့် ပတ်သက်မှု ဗီယက်နမ် လုပ်ငန်းများ လမ်းပျောက်နေ
ဗီယက်နမ်သမ္မတ ရာထူးမှ နုတ်ထွက်ပြီးနောက် အာဏာအပြောင်းအလဲ ဖြစ်လာ
မြန်မာရောက် ဗီယက်နမ် နိုင်ငံသားများအတွက် အကူအညီ တောင်းဆို














