မကြာခဏ ဆိုသလို နှင်းမိုးတွေ ရွာပြီး တိမ်ခိုးတွေ ထူထဲစွာရှိနေတဲ့ နာဂတောင်တန်းကြီးတွေရဲ့ ကျောက်သား နံရံတွေမှာ တွယ်ကပ်ပြီး ဆောက်ထားတဲ့ အိမ်တွေရှိနေတဲ့ နေရာကတော့ နာဂမျိုးနွယ်စု အများအပြား နေထိုင်တဲ့ လေရှီးမြို့ ဖြစ်ပါတယ်။
တောင်တန်းတွေ အထပ်ထပ်ရှိနေတဲ့ နာဂတောင်တန်းကြီးက အပြာရင့်ရောင် မှသည် အပြာနုရောင်ကို တဖြည်းဖြည်းပြောင်းလဲသွားတာကို တစိမ့်စိမ့်ကြည့်ရတာဟာ ပန်းချီကားတချပ် ကြည့်နေရသလိုပါပဲ။
လေရှီးမြို့ဟာ တိမ်ခိုးတိမ်ငွေ့တွေက တောင်တန်းကြီးကို ဝိုင်းပတ်ထားပြီး သစ်တောတွေ ဖုံးလွှမ်းကာ မိုးတိမ်တိုက်တွေ အမြဲ ဖုံးလွှမ်းထားတဲ့ ဒေသတခုလည်း ဖြစ်တယ်။
မြန်မာနိုင်ငံအနောက် မြောက်ဘက်ပိုင်းမှာရှိတဲ့ လေရှီးမြို့က စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသထဲမှာ ရှိပြီး ချင်းတွင်းမြစ် အနောက်ဖက် ၄၂ မိုင် အကွာ ပင်လယ်ရေမျက်နာပြင်အထက် အမြင့်ပေ ၄၄၄၃ မှာ တည်ရှိတယ်။
လေရှီးမြို့ရဲ့အရှေ့မှာ ခန္တီးမြို့၊ အနောက်ဘက်မှာ အိန္ဒိယနိုင်ငံ၊ တောင်ဘက်မှာ တမူးမြို့ နဲ့ မြောက်ဘက်မှာ လဟယ်မြို့ ရှိပါတယ်။ လဟယ်ကနေ ဆက်သွားလို့ရတဲ့ နန်းယွန်းဒေသက ကချင်ပြည်နယ် တနိုင်းနဲ့ နီးပါတယ်။
လေရှီးမြို့ရောက်တာနဲ့ ပထမဆုံး သတိထားမိတာက ဘယ်မြို့နယ်နဲ့မှ တဆက်ထဲ မရှိတာကြောင့် မျိုးနွယ်စု ရွာတွေကလွဲရင် အနီးအနား သွားရောက် လည်ပတ်စရာမရှိတဲ့အတွက် တကယ့်ကို အထီးကျန်ဆန်တဲ့ နေရာလို့ ထင်ရတဲ့ မြို့လေးပါ။ လေရှီးနဲ့အနီးဆုံးကတော့ အိန္ဒိယ Naga Land ဖြစ်ပြီး အဲဒီဘက်ကို ဆိုင်ကယ်နဲ့ ၂ နာရီခန့်သွားရင် ရောက်နိုင်ပါတယ်။
နာဂလူမျိုး တော်တော်များများက ပြောကြတာက လေရှီးမြို့က သူဌေးတွေ ဖြစ်တာကြောင့် သီးသန့်နေတာလို့ နေကြတာလို့ ရယ်မောစရာအဖြစ် ပြောကြတယ်။ သူက အိန္ဒိယနယ်စပ်နဲ့နီးတဲ့အတွက် အဲဒီဘက်ကို အသွားများပြီး ဗမာစကားထက် အင်္ဂလိပ်စကားကို အသုံးများပါတယ်။
နာဂရဲ့မြို့တော်တွေဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့စတဲ့မြို့တွေထဲမှာမှ လဟယ်ကို ခန္တီးကနေ ကားနဲ့ သွားနိုင်သလို နန်းယွန်း၊ ပန်းဆောင်စတဲ့ မြို့ငယ်လေးတွေဆီလည်း လမ်းကြုံ ဝင်သွားလို့ရပါတယ်။ လေရှီး မြို့ကတော့ ထမံသီတောရိုင်းထဲက ကျောက်ဆောင်ပေါ်မှာ သီးခြားတည်ရှိနေတဲ့ မြို့ငယ်လေးပါ။
လေရှီးမြို့မှာ မြို့မမြို့နယ်နဲ့ အမှုထမ်းမြို့နယ် ၂ ခုရှိပြီး ထိုမြို့နယ် ၂ ခုမှာ ရပ်ကွက် ၅ ခု၊ ကျေးရွာ အုပ်စု ၁၉စုနဲ့ ကျေးရွာပေါင်း ၇၂ ရွာရှိတယ်။ အိမ်ခြေစုစုပေါင်း ၅၀၀ လောက်သာရှိပါတယ်။ အမှုထမ်းရပ်ကွက်မှာ အစိုးရရုံး အများအပြားရှိတဲ့အတွက် လေရှီးမှာ ဗမာ အများဆုံးနေတဲ့ ရပ်ကွက်လို့ ပြောလို့ရပါတယ်။
လေရှီးမြို့မှာ နာဂလူမျိုးတွေရဲ့မျိုးနွယ်စု အများဆုံးရှိရာ နေရာဖြစ်ပြီး ဗမာနှင့် ရှမ်းလူမျိုးတွေကတော့ အနည်း ငယ် ရှိတာကိုလည်း တွေ့ရတယ်။ မြို့ငယ်တခု ဖြစ်တာမို့ တနေရာနဲ့ တနေရာကို ခြေကျင်သွားလာကြတာသာ များတယ်။
လေရှီးကို ဖြတ်သန်းပြီး ချင်းတွင်းမြစ်ထဲစီးဝင်သွားတဲ့ နန့်သလက်ချောင်း၊ နန့်ဝယ်ချောင်းနဲ့ နန်ခန်ချောင်းလေး တွေလည်း ရှိတယ်။
လေရှီးမှာတော့ ဟိုတယ် ၁ ခုသာ ရှိပြီး နိုင်ငံခြားသားတွေ အများဆုံး လာတည်းကြတယ်။ တည်းခိုစရိတ်က လည်း ၂၅၀၀၀ ကျပ်လောက်ပဲ ရှိတာကြောင့် ပွဲတော်ရက်တွေဆိုရင် အခန်းပြည့်တယ်လို့သိရပါတယ်။
ရန်ကုန်ကနေ လေရှီးကို ဘယ်လိုသွားမလဲ
ရန်ကုန်ကနေ လေရှီးမြို့ကို သွားမယ်ဆိုရင်တော့ အချိန် ၂ ရက်ကျော် ကြာပါတယ်။ အရင်ဆုံး ရန်ကုန်ကနေ မန္တလေးကို ညဘက် ထွက်တဲ့ကားစီးရင် မန္တလေးကို မနက် ၆ နာရီလောက် ရောက်မှာ ဖြစ်ပါတယ်။ အဲဒီက နေမှတဆင့် မန္တလေး – ခန္တီးလေယာဉ်စီးမယ် ဆိုပါက ညနေပိုင်း လေယာဉ်နဲ့ သွားရပြီး ခန္တီးမှာ တည အိပ်ရမှာပါ။
ခန္တီးကို ရောက်ပြီဆိုတာနဲ့ ရန်ကုန်ဘက်နဲ့ မတူတဲ့ အေးစိမ့်စိမ့်ရာသီဥတု ကို စတင် ခံစားနေရတော့မှာ ဖြစ်ပါတယ်။
မန္တလေး- ခန္တီး လေယာဉ်တွေက မြန်မာလေကြောင်းလိုင်း၊ ကမော္ဘဇနဲ့ သံလွင်လေကြောင်းလိုင်းတွေရှိပြီး သတိပြုရမယ့် အချက်က အပြန်အတွက် ကြိုတင် လက်မှတ် ယူထားဖို့ လိုပါတယ်။ ခန္တီးကနေ မန္တလေးကို အပြန်လက်မှတ်ရဖို့ ခက်ခဲပါတယ်။ လက်မှတ်ဈေးတွေကတော့ ၇၅၀၀၀ ကျပ် ဝန်းကျင်ရှိတယ်။
ကားဖြင့်သွားမယ် ဆိုရင်တော့ မန္တလေးကနေ ဟုမ္မလင်းကို ကားထပ်စီးပြီး အဲဒီမှာပဲ တညအိပ်ရပါမယ်။ နောက်တနေ့ မနက်အစောပိုင်း ချင်းတွင်းမြစ်ကြီးကို ဖြတ်ဖို့ စက်လှေ(အမြန်ယာဉ်) စီးရပါမယ်။ ခန္တီးကစီးရင် ၄နာရီ ခန့်ကြာနိုင်ပြီး ဟုမ္မလင်းက စီးရင် ၆နာရီခန့် ကြာနိုင်ပါတယ်။
ရေလမ်းကသွားရင်တော့ လမ်းတလျှောက် ရှုခင်းတွေကြည့်ချိန် ပိုပြီး ရနိုင်ပါတယ်။ စက်လှေစီးချိန်မှာတော့ ဆက်သွယ်ရေးလိုင်းတွေဟာ ဧရိယာ ပြင်ပ ဖြစ်နေတတ်ပါတယ်။ စက်လှေစီးခက အထူးတန်းဆိုရင် ၁ သောင်းကျပ် ပေးရပြီး ရိုးရိုးဆိုရင်တော့ ၅ ထောင် ပေးရပါတယ်။
အမြန်ယာဉ် စီးချိန်မှာတော့ ရန်ကုန်မှာ ဘတ်စ်ကား စီးရတာနဲ့ နှိုင်းယှဉ်ပြောရစတမ်းဆိုရင် အမြန်ယာဉ် ကိုလည်း လမ်းတလျှောက်မှာ ကမ်းကပ်ခိုင်းပြီး တားပြီး စီးလို့ရတာက စီးနေကျ မဟုတ်တဲ့သူတွေ အတွက် ထူးဆန်းတဲ့မြင်ကွင်းလို့ ဆိုရမှာပါ။
ဒေသခံတွေဟာ လှေနဲ့သွားလာ ဖြတ်သန်းရာ လမ်းတလျှောက်မှာ ရေလမ်းဈေးသည်တွေလည်း ရှိတာကြောင့် ဝယ်ယူ စားသောက်ကြတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် စားသောက်ပြီး ကျန်တဲ့ အမှိုက်နဲ့ စားကြွင်းစားကျန်တွေကို ချင်းတွင်း မြစ်ထဲ ပစ်ချတာတွေ မြင်တွေ့ရတာတော့ စိတ်မသက်သာစရာပါပဲ။
နောက်တခု သတိထားရမှာက နာဂဒေသကို သွားဖို့ စက်လှေစီးမယ်ဆိုရင် နိုဝင်ဘာ၊ ဒီဇင်ဘာလ တွေဟာ ရေခမ်းတဲ့အချိန် ဖြစ်တဲ့အတွက် စက်လှေရှိ၊ မရှိ စုံစမ်းပြီးမှ သွားဖို့လိုပါတယ်။ အဲဒီကာလဆိုရင် လေရှီးမြို့က ရေတွေ စခဲနေပါပြီ။
ရေလမ်းကြောင်းကို ဟုမ္မလင်းက လာလာ၊ ခန္တီးက လာလာ ထမံသီကို ရောက်မှာဖြစ်တယ်။ ထမံသီကို ရောက်တဲ့အချိန်က နေ့လည်ထမင်းစားချိန်လည်း ဖြစ်နိုင်တာကြောင့် ခေတ္တနားပြီးမှ လေရှီးမြို့ကို ခရီး ဆက်သင့်ပါတယ်။ တခုသတိထားစေချင်တာကတော့ လမ်းခရီး အလွန် ကြမ်းတမ်းတဲ့အတွက် ကားမူးတတ် သူတွေ အနေနဲ့ ဆေးတခွက် ကြိုတင် သောက်ပြီးမှ တက်သင့်ပါတယ်။
ထမံသီ – လေရှီးလမ်းက အကွေ့အကောက်တွေ များလွန်းပြီး အင်မတန် လမ်းကြမ်းတယ်။ တောတောင်ထူပြီး တောရိုင်းပန်းတွေ၊ သားငှက်တွေနဲ့ ကျောက်တောင်ကြားက ကျလာတဲ့ ချောင်းမြောင်းတွေကလည်း ငေးမော မဆုံးနိုင်အောင်ကို သဘာဝ အလှတွေနဲ့ ပြည့်စုံတယ်။
သစ်ပင်ကြီးတွေကြားမှာပေါက်နေတဲ့ သဘာဝတောရိုင်းပန်းလေးတွေဟာ ခရမ်းရောင်၊ အဖြူရောင်၊ အနီရောင် စတဲ့ အရောင်စုံတဲ့ ပန်တွေက ပုံသဏ္ဍန် မျိုးစုံနဲ့ သူ့ထက်ငါ အပြိုင်လှနေကြတယ်။ အမျိုးအမည် မသိနိုင်တဲ့ အရောင်စုံ ငှက်တွေလည်း တွေ့ရတယ်။
နာဂ ဒေသက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့ ပုဒ်မ၅၆(ခ) အတိုင်း သယံဇာတ မထွက်တဲ့ တိုင်းရင်း သား ဒေသတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတာကြောင့် နာဂဒေသက လက်ရှိမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တခု ဖြစ်နေပါတယ်။
လေရှီးမြို့ရောက် အတွေ့အကြုံ
လေရှီးမြို့ကို ရောက်တဲ့အခါမှာတော့ ဒေသခံတွေဟာ ကျမတို့ ကြည့်ဖူးနေကြ ရုပ်ရှင်တွေထဲက လူရိုင်းတွေလို ပုံစံ ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားမယ်လို့ ထင်ခဲ့ပေမယ့် သမာရိုးကျ မြန်မာအဝတ်အထည်ကို သာ ဝတ်ဆင်ကြတာ တွေ့ခဲ့ရပါတယ်။
ကျေးရွာတွေဘက်မှာတော့ ရိုးရာအိမ်၊ ရိုးရာဝတ်စုံတွေနဲ့ သူတို့ ဓလေ့အတိုင်း နေထိုင်နေကြဆဲဖြစ်တယ်လို့ လည်း မြို့ခံတွေ ရဲ့ အဆိုအရ သိရပါတယ်။
နာဂလူမျိုးတွေ ဆိုတာ
နာဂဆိုရင် ဘာလူမျိုးလဲလို့ မေးကြတာ ရှိသလို တချို့က ချင်းလူမျိုးတွေလို့ ပြောဆိုတဲ့အပေါ် နာဂလူမျိုးတွေက မကြိုက်ကြဘူး။ အဲဒါအပြင် နာဂလူမျိုးတွေက အရှက်ဖုံးရုံ ဝတ်စားကြတဲ့အတွက် သူတို့ကို ကျောက်ခေတ် လူသားတွေလို့ ပြောတာတွေရှိသလို လူသားစား လူရိုင်းတွေလို့ ပြောဆိုတာတွေလည်း တဆင့်စကားတွေအရ သိရတယ်။
အမှန်က နာဂလူမျိုးတွေက မရိုင်းပါဘူး။ အင်မတန် ယဉ်ကျေးပြီး ရိုးသားတဲ့လူမျိုး ဖြစ်ပြီး ဧည့်သည်လာရင် ပျော်ကြတဲ့ လူမျိုးတွေ ဖြစ်တယ်။
နာဂလူမျိုးတွေရဲ့ ထူးခြားတဲ့ နောက်တချက်က အကြမ်းဖက်ဆိုတဲ့ စကားလုံးပါပဲ။ တယောက်နဲ့ တယောက် အကြမ်းဖက်တာ မရှိဘူး။ ဒေါသနဲ့ ရန်ဖြစ်တာ အလွန်နည်းတယ်လို့သိရတယ်။
နာဂရှေးလူကြီး တဦးရဲ့ပြောပြချက်က ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ ပြောစကားတွေအရ နာဂဆိုတာက “တောင်ပေါ်ဒေသမှာ နေထိုင်ကြတဲ့ အဝတ်မပါတဲ့လူ”လို့ အဓိပ္ပာယ် ရတယ်လို့ သိရတယ်။
နာဂလူမျိုးဆိုတာ မြန်မာနိုင်ငံရဲ့ ၁၃၅ မျိုးသော တိုင်းရင်းသားတွေထဲက ရိုးရာဓလေ့ ထုံးတမ်းစဉ်လာတွေရှိတဲ့ လူမျိုးစုဖြစ်ပြီး မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံမှာ နေထိုင်တာ များပါတယ်။ အိန္ဒိယ Naga Landမှာ ငါးသန်းကျော် ရှိပြီး မြန်မာနိုင်ငံမှာတော့ ၁၀ ရာခိုင်နှုန်းသာရှိတယ်လို့ နာဂလူကြီးတဦးရဲ့ပြောစကားအရ သိရတယ်။
မြန်မာနိုင်ငံ အစိုးရက အသိအမှတ်ပြုထားတဲ့ နာဂမျိုးနွယ်စုတွေဖြစ်တဲ့ တန်ရှန်း၊ တောင်ကွန်၊ ကွန်ညှပ်၊ ခမ်မြူငမ်၊ လိုင်းနောင်၊ မကူရီ၊ ပါရာဆိုပြီး ၇ မျိုးရှိတယ်။ ဒီ ၇ ခုထဲမှာမှ ခွဲထွက်ထားတဲ့ မျိုးနွယ်စုပေါင်း ၅၀၊ ၆၀ လောက်ရှိပါတယ်။
တချို့သော နာဂလူကြီးတွေက နာဂလူမျိုးတွေက မွန်ဂိုလ်လီးယား လူမျိုးစုတွေကနေ ဆင်းသက်လာတာလို့ ပြောသလို တချို့က တိဗက်က လာတယ်လို့လည်း ဆိုကြတယ်။ လူမျိုးစုတခုရဲ့ သမိုင်းတွေကို တိတိကျကျ ပြန်ပြောနိုင်သူ မရှိတာကလည်း အင်မတန်ဝမ်းနည်းစရာ ကောင်းပါတယ်။
နာဂရဲ့ အထူးခြားဆုံးနေရာ ၂ ခု
နာဂမှာ အထူးခြားဆုံးနဲ့ နာမည်အကျော်ကြားဆုံး နေရာ ၂ ခု ရှိပါသေးတယ်။ ကမ္ဘာ့ အထူးခြားဆုံး ဟော်နန်းကို ပိုင်ဆိုင်တဲ့ နာဂစော်ဘွားကြီး တိုးညိုင်း ရှိပါတယ်။ တိုးညိုင်းစော်ဘွားရဲ့အိမ်ကတော့ မြန်မာ-အိန္ဒိယနယ်စပ် စည်းပေါ်၊ လဟယ်မြို့အနီးမှာ တည်ရှိတာပါ။ လဟယ်မြို့အနီး ကျေးရွာတွေမှာလည်း ထူးဆန်းတဲ့ ဓလေ့ တွေရှိတဲ့ ကျေးရွာတွေ အများကြီးရှိတယ်လို့ သိရတယ်။ သွားပြီး လေ့လာသင့်တဲ့နေရာပါပဲ။
နောက်ထပ် နာမည်ကျော် နေရာတခုကတော့ အမြင့်ဆုံးတောင်ဖြစ်တဲ့ စာရာမေရိတောင်( အမြင့်ပေ၁၂၅၅၂) တို့ ဖြစ်တယ်။
နာဂ နှစ်သစ်ကူးပွဲတော်
နှစ်စဉ် ဇန်နဝါရီလမှာ ကျင်းပမြဲဖြစ်တဲ့ နာဂနှစ်သစ်ကူးပွဲတော်ကို ၂၀၀၁ ခုနှစ်က စတင်ပြီး မြို့ ၃ မြို့မှာ အလှည့်ကျ ကျင်းပတယ်။ အရင်က နာဂဒေသရဲ့မြို့တော်တွေဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်ရဲ့ သွားလာရေးက ယခုထက်ပိုမို ခက်ခဲခဲ့ပါတယ်။ အခု လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့အချိန်မှာတော့ တခါတခေါက်တော့ ရောက်သင့်တဲ့ ဒေသဖြစ်တယ်။
တကယ်တော့ နာဂဒေသက အခြားဒေသကနေ သွားလာချင်ပေမယ့် နီးလျက်နဲ့ ဝေးနေရတဲ့ဒေသလို့ ပြောလို့ ရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ တည်ရှိနေပေမယ့် သွားလာရေး ခရီးစရိတ်ကြီးလွန်းသလို အချိန်ပေး ရတာကြောင့် လူ ၁၀ ဦးမှာ ၇ ဦးက မရောက်ဖြစ်ပါဘူး။ နာဂနှစ်သစ်ကူးပွဲတော်တွေကို ဆိုရင် ပြည်တွင်း ဧည့်သည်တွေထက် နိုင်ငံခြားသားတွေသာ အများဆုံး သွားရောက်ကြပါတယ်။
ရာသီဥတု
လေရှီးမြို့ရဲ့ ရာသီဥတုကတော့ တောတောင်ထူလွန်းတာကြောင့် နွေရာသီမှာတောင် အနွေးထည် ဝတ်ထား ရပါတယ်။ တချို့ပိုက်ဆံရှိတဲ့ အိမ်တွေမှာ အပူပေးစက်တွေ တပ်ဆင်ထားတာ တွေ့ရတယ်။ သုံးရေကတော့ ဘယ်အချိန်ဖြစ်ဖြစ် ရေခဲရေ တမျှ အေးလွန်းနေတာပါပဲ။
နာဂတွေရဲ့ထုံးစံက အိမ်တိုင်းမှာ မီးဖိုတခုရှိပြီး ဘယ်သူလာလာ မီးဖိုကို ဝိုင်း ထိုင် စကားပြော စားသောက် ကြတယ်။ ဒီလိုလုပ်တာက ရင်းနှီးမှုကို ပိုလေးနက်စေတယ်လို့ ဆိုကြတယ်။
သောက်ရေကတော့ ထမံသီကနေ ရေသန့် ဝယ်သောက်ရတာကြောင့် သောက်ရေ ရှားတယ်လို့ ပြောလို့ ရပါတယ်။
ပညာရေးနဲ့ အလုပ်အကိုင်
လေရှီးဒေသက ပညာနဲ့ပတ်သက်ရင် အားပေးပါတယ်။ ကလေးတွေကို ပညာတတ်အောင် သင်ပြီး ဝန်ထမ်း လုပ်စေတယ်။ စားဝတ်နေရေး အရမ်းခက်ခဲတဲ့အတွက် ခေါင်းနဲ့ထမ်းရတာ၊ လက်နဲ့လုပ်ရတာက ပင်ပန်း သလောက် အကျိုးမရှိတဲ့အတွက် ဝန်ထမ်းလုပ်တာ များတယ်။
ဝန်ထမ်းမလုပ်တဲ့သူဆိုရင်တော့ ဆောက်လုပ်ရေးကန်ထရိုက် အနေနဲ့ လုပ်ကြတာရှိတယ်။ နေ့စားအလုပ်တွေ ရှိပေမယ့်လည်း အလုပ်လက်မဲ့ လူငယ်တွေ အများကြီးရှိပါတယ်။ တချို့ကတော့ တောင်ယာလုပ်ကြတယ်။ ဒါပေမယ့် လေရှီးဒေသက လူငယ်တွေက ဘာသာ စကားအခက်အခဲကြောင့် ၁၀တန်းအောင်ဖို့ အရမ်း ခဲယဉ်းတယ် လို့ သိရပါတယ်။
ယခင်က လေရှီးမှာ ကျောင်းတွေ မရှိတဲ့အတွက် ဟုမ္မလင်းမှာ ကျောင်းသွားတက်ဖို့ လေရှီးကနေ ထမံသီကို ကားလမ်းမရှိတာကြောင့် လမ်းလျှောက်သွားပြီး စက်လှေနဲ့ကျောင်းတက်ကြရတယ်။
ကားနဲ့သွားရင် ၃ နာရီလောက်ကြာတဲ့ ခရီးကို လမ်းလျှောက် ကျောင်းတက်ရတဲ့အတွက် ပင်ပန်းလွန်းတာ ကြောင့် စာမေးပွဲဖြေဖို့ သွားရင် စာတောင်မေ့တယ်လို့ ပြောပါတယ်။ လက်ရှိမှာလည်း ၉ တန်းရောက်ရင် ခန္တီးတို့ ဟုမ္မလင်း တို့မှာ ကျောင်းအိပ်ကျောင်းစားထားကြတာ များတယ်လို့ သိရပါတယ်။
နောက်ပြီး လေရှီးမှာ ဆယ်တန်းမအောင်ပေမယ့် ဗမာစကားနဲ့ စာအခြေခံ သင်ပေးနိုင်ရင် ဆရာမလုပ်လို့ ရတဲ့ အတွက် သင်တန်းပေးထားတဲ့ ဆွဲခန့်ဆရာမ အလုပ် လုပ်နေသူ ၁၅၀ ဦးခန့်ရှိတယ်။ အဲဒီအပြင့်် ရဲမေ အဖြစ် အလုပ်လုပ်နေတဲ့ နာဂအမျိုးသမီး (ယခုအပတ်စဉ်)မှာတင် ၃၇ ယောက်ရှိတယ်။ သူတို့တွေဟာ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခြင်းတော့ မရှိသေးဘူးလို့လည်း သိရပါတယ်။
ယခင်က လေရှီးမှာရှိတဲ့ နာဂလူမျိုးတွေထဲမှာ အိန္ဒိယဘက်ခြမ်းမှာ ကျောင်းသွားပြီး တက်သူတွေ ရှိတယ်။ မြို့ပေါ်မှာ အထက်တန်းကျောင်း ၁ ကျောင်းနဲ့ မူလတန်းကျောင်းက ၃ ကျောင်းရှိပြီး ဘုန်းတော်ကြီးသင် ပညာကျောင်းလည်း ရှိပါတယ်။
မလေးရှားတို့၊ စကာင်္ပူတို့မှာ အလုပ်သွားလုပ်တဲ့သူလည်း အယောက် ၂၀ လောက်ရှိတယ်လို့ သိရတယ်။
နာဂအမျိုးသမီးတွေက သူတို့သားသမီးတွေ ကျောင်းစရိတ်ရဖို့ တောထဲမှာ ဟင်းသီးဟင်းရွက်ရှာပြီး ၇ မိုင် လောက် ဝေးတဲ့နေရာကနေ ပစ္စည်းထမ်းပြီး လမ်းလျှောက် ဈေးလာရောင်းတဲ့ သူတွေ ရှိတယ်။
အဲဒီလို ရောင်းချသူတွေရဲ့ တနေ့တာ ဝင်ငွေက ၄၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်လောက်သာ ရတယ်လို့ သိရပါတယ်။
နာဂလူမျိုးတွေရဲ့ စာပေနဲ့ ယဉ်ကျေးမှု
နာဂမှာက စကားသာရှိပြီး စာမရှိတဲ့အတွက် သမိုင်းကြောင်း အတိအကျသိဖို့ ခဲယဉ်းပါတယ်။ နောက်ပြီး နာဂ လူမျိုးတွေမှာက တဦးနဲ့ တဦး ဆက်သွယ်ဖို့ ဘုံအနေနဲ့ တိုင်းရင်းသားစကားလည်း မရှိတာကြောင့် ဘုံစကား တခုရဖို့ ကြိုးစားနေတယ်လို့ သိရတယ်။
လက်ရှိမှာတော့ အိန္ဒိယ Naga Landမှာသုံးတဲ့ Nagamis စကားကို အဓိက ဘုံစကား အနေနဲ့ သတ်မှတ် ထားပါတယ်။ အဲဒီ အတွက် ဖတ်စာ၊ သင်ရိုးညွန်းတမ်းတွေ လုပ်ဆောင်နေတယ်လို့ နာဂစာပေနဲ့ ယဉ်ကျေးမှု ထံမှ သိရတယ်။
မျိုးနွယ်စုတွေ အချင်းချင်းတွေ့ရင် သူတို့ဘာသာစကားနဲ့ ပြောလို့ရပေမယ့် မတူတဲ့မျိုးနွယ်စု ၂ စု တွေ့ရင် ပြောဖို့ခက်တဲ့အတွက် ဗမာစကားနဲ့သာ ပြောကြတယ်။ သို့ပေမယ့် နာဂလူမျိုးတွေက ဗမာစကားကို ရေလည် အောင် မပြောတတ်ကြပေမယ့် အင်္ဂလိပ်စကားကိုတော့ တော်တော်များများ သုံးစွဲပြောဆိုတာလည်း တွေ့ရတယ်။
နာဂတွေရဲ့ တောင်ယာပွဲ
နာဂလူမျိုး အများစုက တောင်ယာကို အဓိကထား လုပ်ကိုင်ကြတယ်။ နာဂတောင်တန်းက ကျောက်စိုင် ကျောက်တုံးတွေ ဖြစ်တာကြောင့် စီးပွားဖြစ် စိုက်ပျိုးဖို့ မြေနေရာ အခက်အခဲ ရှိပါတယ်။ အဲဒါကြောင့် မိသားစု စားဖို့လောက်သာ တပိုင်တနိုင် စိုက်ကြပါတယ်။ တောင်ပေါ်ဒေသဖြစ်တဲ့အတွက်ကြောင့် သား၊ ငါးရှားပါးပြီး အသီးအရွက်များကိုလည်း ကိုယ်တိုင်စိုက်ပျိုးကာ စားသုံးကြတယ် လို့ သိရတယ်။
ပီလောပီနံဥ၊ မျောက်ဥ၊ သခွားသီး၊ ဂျင်း၊ မုန်ညှင်း၊ ဂေါ်ရခါးသီး တွေက အစ ယာခင်းထဲမှာ အလေ့ကျပေါက် ပင်တွေ ရှိသလို စိုက်ပျိုးထားတဲ့ အပင်တွေလည်း ရှိပါတယ်။ အဲဒါ အပြင် သစ်တော်သီး၊ ထောပတ်သီး၊ လိမ္မော်သီး တွေကို အဓိကစိုက်ပျိုးကြပြီး စပါးက တောင်ယာစပါးအပြင် လယ်စပါးလည်း စိုက်တယ်။
တောင်ယာနဲ့ ပတ်သက်တဲ့ ဓလေ့တခုကိုလည်း လေ့လာခွင့်ရခဲ့ပါသေးတယ်။ အဲဒါကတော့ နာဂလူမျိုးတွေဟာ တောင်ယာအသစ် လုပ်တဲ့အခါ နွားနောက်ကို သတ်ပြီး ဂျိုကို တောင်ယာအသစ် မှာ ပူဇော်ပသတာမျိုး တွေလည်း လုပ်တာရှိတယ်။
မိသားစု အလိုက် တောင်ယာနတ်ကို ပူဇော် ပသ သလို တစ်ရွာလုံး စုပေါင်းပြီး ပသတဲ့ နတ်ပွဲလည်းရှိတယ်။ မျိုးနွယ်စုတွေ မတူတဲ့အတွက် လုပ်ဆောင်တာလည်း မတူကြဘူးလို့ သိရတယ်။
ပူဇော်မှု အတွက် သတ်လိုက်တဲ့ နွားနောက်သား တချို့ကိုတော့ မိသားစုစားဖို့ ချန်ပြီး ကျန်တာ အားလုံးကို ရောင်းပါတယ်။ နွားနောက်ဟာ ရှားတာကြောင့် အဲဒီလိုနွားနောက်သား ရတဲ့အခါ အလုအယက် ဝယ်ကြရတယ်။
မျိုးနွယ်စုတိုင်းမှာ သူ့ရိုးရာနဲ့သူ ကောက်သစ်စားပွဲ လုပ်တာရှိတယ်။ အဲဒါက စပါးများများထွက်အောင် စောင့်ရှောက်ပေးတဲ့ တောင်ယာနတ်ကို ပူဇော်တဲ့ပွဲဖြစ်တယ်။ စုပေါင်းလုပ်တာ မဟုတ်ဘဲ ကိုယ့်မိသားစုထဲ မှာပဲ သီးခြားလုပ်ကြတာပါ။ ပြီးရင်တော့ အဲဒီလို နတ်ပူဇော်ထားတဲ့ မုန့်တွေကို အရပ်ထဲမှာ လိုက်ဝေပါတယ်။
ကောက်သစ်စားပွဲတွေမှာ တောကောင်တွေနဲ့ ပူဇော်ပသတာကလည်း တောကောင်တွေက သန့်ရှင်းတဲ့အတွက်ကြောင့် ပူဇော်ကြတာဖြစ်တယ်လို့ သူတို့ ယုံကြည်မှုကို ပြောပြပါသေးတယ်။
နာဂလူမျိုးတွေထဲမှာ ၈၀ ရာခိုင်နှုန်းက ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြတဲ့အတွက် ခရစ္စမတ်ကို အိမ်မှာပဲ လုပ်လေ့ရှိကြတယ်။ ရန်ကုန်မှာလို ပွဲတော်ကြီးတခုလိုမျိုး ကျင်းပပြုလုပ်တာ မရှိပါဘူးဘူးလို့ သိရတယ်။
နာဂတွေရဲ့ ထမင်းဝိုင်း
နာဂလူမျိုးတွေရဲ့ တောင်ယာဟင်းက ချက်ပြုတ်ရ လွယ်ကူသလို ဆီမပါ၊ ဟင်းချိုမှုန့် မပါဘဲ စားသောက် ကြတယ်။ အသား၊ငါး စတာတွေကို ကြာရှည်ခံအောင် ကျပ်ကင်ထားပါတယ်။
သူတို့ ချက်တဲ့ ဟင်းတမျိုးကို လေ့လာကြည့်တဲ့အခါမှာတော့ ကျပ်ကင်ထားတဲ့ အသားကို လက်နဲ့ဖဲ့၊ ငါးဆိုရင် မညှက်တညှက် ထောင်းတယ်။ အဲဒါတွေကို ပွက်ပွက်ဆူနေတဲ့ ရေထဲကို ပစ်ထည့်ပြီး စိုက်ထားတဲ့ ယာခင်း ထဲက အသီးတခုခု ဒါမှမဟုတ် အရွက်တမျိုးမျိုး ဒါမှမဟုတ် အသီးအရွက် ၃ မျိုးလောက်ကို ခူးပြီး ထည့်ပါတယ်။ အရသာအတွက် အိမ်မှာသိပ်ထားတဲ့ ပဲငပိနဲ့ ရွှေလှံဘိုငရုတ်သီးကို ထောင်းထည့်ပြီး အပေါ့အငန်အတွက် ဆား အနည်းငယ်သာ သုံးပါတယ်။
သူတို့ဒေသက သုံးတဲ့ ခရမ်းချဉ်သီးက မြေပြန့်ကလို နီရဲမနေဘဲ အဝါရောင် ခါးသက်သက် အရသာရှိတယ်။ အခါးအရသာက အသီးတိုင်းမှာ ပါပါတယ်။
နာဂလူမျိုးတွေ သုံးတဲ့၊ အမြဲစားတဲ့ ရွှေလှံဘိုလို့ ခေါ်တဲ့ ငရုတ်သီးက အရမ်းကို စပ်ပါတယ်။ ရွှေလှံဘိုငရုတ်ကို ဗမာတွေက ကုလားအော်သီးလို့ ခေါ်တဲ့အသီးနဲ့ တူပါတယ်။ ဒါပေမယ့် အရသာနဲ့ စပ်ပုံစပ်နည်းခြင်းက မတူညီပါဘူး။ နာဂလူမျိုးတွေက ရွှေလှံဘိုငရုတ်သီးကို မီးကင်ပြီး သုံးကြတဲ့ အတွက် ဗိုက်နာတာ၊ ရင်ပူတာမျိုး မရှိပါဘူး။
ချက်ပြုတ်ရင်လည်း လျှပ်စစ်မီးကို သုံးတာနည်းပြီး ထင်းကိုသာ ဦးစားပေးသုံးတာ တွေ့ရတယ်။ အဲဒီလို ထင်းရဖို့အတွက် တောထဲကို နေ့စဉ် ၁ နာရီနီးပါးလောက် လမ်းလျှောက်ပြီး ထင်းကောက်ကြတယ်။ ကလေးတွေဟာလည်း မိဘကို ကူတဲ့အနေနဲ့ ထင်းခြောက် ကောက်ရာမှာ ကူညီကြတယ်။
လေရှီးမြို့ရဲ့ လမ်းဘေးတွေမှာ စည်းကမ်းမဲ့ ပစ်ချထားတဲ့ အမှိုက်သရိုက် အလွန်နည်းတယ်။ ပစ္စည်းတွေကို ထုတ်ပိုးရာမှာလည်း ဖက်ရွက်သာ သုံးကြတယ်။
ကျန်းမာရေး
လေရှီးဒေသမှာတော့ ငှက်ဖျားနဲ့တီဘီရောဂါကတော့ တခြား ဒေသတွေထက် စာရင် အဖြစ် အများဆုံးပါ။ ငှက်ဖျားကတော့ ဒီရာသီဥတု အနေအထားအရ တောတောင်ထူထပ်တဲ့ ဒေသဖြစ်တာမို့ အဖြစ်များတယ်။ တိုင်းရင်းဆေး အနေနဲ့ ငှက်ဖျားပေါင်းဆေးတွေလည်း ရှိတယ်လို့ ကြေငြာထားတာတွေ့ပါတယ်။ နာဂလူမျိုးတွေ အနေနဲ့ တောတောင်တွေမှာ အလုပ်လုပ်ရတော့ အမြစ်ပြတ်ကုဖို့ကလည်း မလွယ်တော့ ရောဂါသက်သာလိုက် ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေတယ်လို့ ဆိုကြတယ်။
တီဘီရောဂါကတော့ အဓိကက လူနေမှုပုံစံနဲ့ တကိုယ်ရေသန့်ရှင်းမှုကြောင့်လို့ ဆိုရမှာပါ။ နေအိမ်တွေမှာ အထူးသဖြင့် နာဂရွာတွေက လူနေအိမ်တွေက ပြတင်းပေါက်မရှိဘူး။ အလုံပိတ်တဲအိမ်ထဲမှာ မီးဖိုပြီး နေတာကြောင့် မီးခိုးငွေ့တွေ ရှူမိပြီး တီဘီဖြစ်ကြတာရှိတယ်။တချို့ကတော့ မိသားစုထဲမှာ တီဘီဖြစ်တဲ့ သူကနေ တဆင့် ကူးစက်ခံရတာကြောင့် ဖြစ်တယ်။
နာဂလူမျိုးတွေက မျိုးဆက်ပြတ်မှာစိုးတဲ့အတွက် သားသမီး အများကြီးယူတဲ့ အစဉ်အလာရှိတယ်။ မိသားစု တခုမှာ သားသမီး အနည်းဆုံး ၅ ယောက် ရှိပါတယ်။ အရင်က ၁၀ ယောက်ကျော်အထိ ကလေးယူ ကြတယ်။ အခုနောက်ပိုင်းမှာ မီးဖွားရင်း သေတာတွေ ရှိတာကြောင့် အရင်လို ကလေးအများကြီး မယူကြတော့ဘူးလို့ သိရပါတယ်။
တောလိုက်တဲ့ ဓလေ့
နာဂလူမျိုးတွေက တောလိုက်ရင် သေနတ်အပြင် ဓားကိုလည်း မပါမဖြစ် ယူသွားလေ့ရှိတယ်။ အဲဒီဓားကို မိဘဘိုးဘွား အစဉ်အဆက် အမွေအဖြစ် တရိုတသေ ထားပါတယ်။
ရှေးယခင် ဂျပန်ခေတ်က နာဂလူမျိုးတွေကို နယ်မြေသတ်မှတ်ပေးပြီး သေနတ်တလက်ပေးကာ သူကြီးလုပ် အုပ်ချုပ်ခိုင်းတယ်လို့ သူကြီးလုပ်ခဲ့ဖူးတဲ့ နာဂလူကြီးက ပြောပါတယ်။ လက်ရှိမှာတော့ နာဂလူမျိုးတွေက တောင်ယာ လုပ်ကြတဲ့အတွက် တောကောင်တွေလာရင် ခြောက်လှန့်ဖို့ သေနတ် ကိုင်ဆောင်ခွင့် ပေးထား တယ်။
အဲဒီသေနတ်တွေက လက်လုပ်သေနတ်တွေဖြစ်ပြီး လိုင်စင်နဲ့ကိုင်တာ ဖြစ်တယ်။နောက်ပြီး သူတို့တွေက တော ကောင်တွေကို စီးပွားဖြစ် သတ်တာ မရှိပါဘူး။ သူတို့စားဖို့အတွက်ပဲ တောကောင်ဖမ်းတာရှိတယ်။ တချို့ဆို တောက်ချောက်ဆင်ပြီး ဖမ်းကြတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။
နာဂဒေသက တောနက်တာကြောင့် တောကောင် အများအပြား ရှိတယ်။ ရှေးယခင်က လေရှီးမြို့ရဲ့ တောင်အောက်က ချိုင့်ဝှမ်းက ဝက်ဝံတွေ ကျက်စားတဲ့နေရာလို့ သိရတယ်။ အခုနောက်ပိုင်း တောကောင် လည်း ရှားလာတဲ့အတွက် အရင်လို တောလိုက်မုဆိုးတွေတောင် သိပ်ပြီး မရှိကြတော့ဘူးလို့ သိရတယ်။
နာဂတောင်တန်းမှာ အများဆုံးရှိတဲ့ တောကောင်တွေက ပြောင်၊ တောဝက်၊ ဂျီ၊ ဆတ်နဲ့ မျောက်တွေ အများ အပြား တွေ့နိုင်သေးတယ်လို့ ဆိုတယ်။ တောလိုက်တဲ့သူတွေကတော့ နေ့စဉ်သွားတာ မဟုတ်ဘဲ တပတ်မှာ တရက်လောက်သာ တောလိုက်ကြတယ်။
နာဂတောင်တန်းမှာရှိတဲ့ ပြောင်၊ အောက်ချင်း၊ မျောက်လွှဲကျော်၊ အောင်လံ၊ ဇာမဏီ၊ ရေကြောင်လို့ ခေါ်တဲ့ ဖျံအမျိုးအစား အမျိုးမျိုးလည်း ရှိတယ်။ တောတောင်နဲ့ ရှားပါးသားငှက် တိရိစာ္ဆန် အများဆုံးရှိရာ ဒေသလို့ ပြောလို့ရတယ်။
လေရှီးမြို့က မုဆိုးတဦးကတော့ “တောကောင်တွေကို မသတ်ဖို့ အစိုးရက မသတ်မှတ်ပါဘူး။ ကျနော်တို့ ရိုးရာ အရသာ ထိန်းသိမ်းခဲ့ကြတာပါ။ သားပေါက်ရာသီတွေမှာ တောကောင်လည်း မပစ်ဘူး။ ကိုယ့်အသိစိတ်နဲ့ကိုယ် ထိန်းသိမ်း ကြတာဖြစ်တယ်။”လို့ ပြောပြတယ်။
နောက်ပြီး နာဂလူမျိုးတွေရဲ့အယူအဆက ဆင်တွေကို လုံးဝမသတ်ဘူး။ သူများ လာသတ်လို့လည်း မရဘူး။ ဘာလို့လဲဆိုတော့ ဆင်က တောရိုင်းတိရိစာ္ဆန်တွေထဲမှာ အကြီးဆုံးသတ္တဝါဖြစ်ပြီး ဆင်သတ်ရင် ခိုက်တတ် တယ်ဆိုတဲ့ အယူရှိတာကြောင့် ဆင်မသတ်ကြဘူး။ ခိုးပြီး လာသတ်တာတွေတော့ ရှိတယ်လို့ ပြောကြတယ်။
နာဂလူမျိုးတွေရဲ့အိမ်တွေမှာ သားကောင်တွေရဲ့ဂျိုတွေကို အိမ်အပြင်မှာရော၊ အိမ်ထဲမှာပါ အလှဆင်ပစ္စည်း အနေနဲ့ ချိတ်ဆွဲကြတယ်။ အရင်ကတုန်းက နာဂမှာ ရိုးရာပွဲတော်တွေ အများကြီး ရှိပါတယ်။ တောလိုက်တဲ့ အချိန်မှာ မိလာတဲ့ အကောင်တွေ သတ်စားပြီး ဂျိုတွေကို အမှတ်တရ သိမ်းထားတယ်။
မင်္ဂလာဆောင်လိုမျိုး၊ အလှူပွဲတွေ စတာတွေမှာ ငွေကြေးအခြေအနေပေါ် မူတည်ပြီး အကောင်အကြီး အသေး မူတည်ကာ သတ်စားပြီး နောင်လာနောင်သားတွေ သူတို့သတ်ခဲ့တဲ့ အကြောင်း သိအောင် အဲဒီအကောင်တွေရဲ့ ဂျိုတွေကို ချိတ်ထားကြတာပါ။ သူတို့က ဂုဏ်ယူဖို့အတွက် ချိတ်ဆွဲကြတာဖြစ်တယ်။
ဆက်သွယ်ရေး
လေရှီးဒေသက တောင်ပေါ်ဖြစ်ပေမယ့် ရေ၊ မီးရပါတယ်။ မီးကတော့ ရေအားလျှပ်စစ် ရှိတဲ့အတွက် မပျက် ပါဘူး။ အင်တာနက် ဆက်သွယ်မှုအနေနဲ့ကတော့ တောင်ပေါ်မှာဆိုတော့ အလွန်အားနည်းပါတယ်။ တခါတရံ စကားပြောနေရင်း လိုင်းပျောက်သွားတာ။ တနေကုန် လိုင်းပျောက်နေတာတွေ မကြာခဏ ဖြစ်ပါတယ်။ ဆက်သွယ်ရေးလိုင်း အနေနဲ့က MPT ဖုန်း တခုထဲသာ ရပါတယ်။
နာဂဒေသဟာ တသက်မှာ တခါတော့ ရောက်အောင် သွားသင့်တဲ့ ဒေသတခုလို့ ညွှန်းချင်ပါတယ်။
သဘာဝ အလှအပ၊ တိုင်းရင်းသား လူမျိုးစု တခုရဲ့ ရိုးရာ၊ ဓလေ့တွေကိုလည်း လေ့လာ မှတ်သားနိုင်မှာ ဖြစ်တယ်။
တော်ရုံ တွေ့ရခဲတဲ့ တောတောင်တွေ၊ စမ်းချောင်းတွေ၊ တိမ်စိုင် တိမ်လိပ်တွေ၊ ရေခဲကုန်းလို့ ခေါ်တဲ့ ဒီဇင်ဘာ ရေခဲချိန်မှာတွေ့ရတဲ့ စမ်းချောင်းတွေ၊ သားငှက်တိရိစာ္ဆန်တွေ၊ အလေ့ကျပေါက်တဲ့ စားပင်သီးပင်တွေ အဲဒါတွေကို ကြည့်နေရတာနဲ့ သွားရတာ တန်တဲ့ ခရီးတခုလို့ ဆိုရမှာပါ။
မြို့ကြီးပြကြီးတွေလို လူသံဆူညံပြီး ကား၊ ဆိုင်ကယ်တွေရဲ့ အငွေ့အသက်တွေက ကင်းဝေးမယ်။ တောတောင် အလှကို ခံစားမယ်လို့ တွေးပြီး အပန်းခြေမယ်ဆိုရင်တော့ လေရှီးမြို့ဟာ သွားလာဖို့ အကောင်းဆုံး နေရာတခုပါပဲ။
သေချာတာကတော့ နာဂဒေသဟာ လည်ပတ်သူတိုင်းအတွက် တောင်တန်းတွေ၊ တိမ်တိုက်တွေရဲ့ ဆွဲဆောင်မှုတွေနဲ့ နွေပူပူမှာရွာတဲ့ နှင်းမိုးတွေကြောင့် ခရီးသွားတွေ၊ အပန်းဖြေလိုသူတွေအတွက် စိတ်ကျေနပ်မှု ရမယ့် ဒေသတခု ဖြစ်နေကတော့ အသေအချာပါပဲ။
You may also like these stories:
ကလောမြို့မှာ တန်ဆောင်တိုင်အချိန် ကျင်းပလေ့ရှိတဲ့ မီးရှော်တိုင်ပွဲတော်
အင်ဒိုနီးရှား အစိုးရပိုင် Nggapulu ပင်လယ်ကူးသင်္ဘောစီးခြင်း