ဆောင်းပါး

အာဏာရှင်စနစ်အောက်က အမျိုးသမီးသတင်းထောက်များ ဘဝ

“နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ရက်ဆိုတာ မရှိခဲ့ဘူး” ဟု ဖွင့်ဟပြောဆိုလာသူက အသက် ၂၃ နှစ်အရွယ် အမျိုးသမီး သတင်းတင်ဆက်သူ ဂျာမုန်း ဖြစ်သည်။

စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီး အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းမှ စတင်ပြီး ဂျာမုန်း အပါအဝင် အမျိုးသမီး သတင်းထောက်များ၏ ဘဝ၊ နေထိုင်မှုပုံစံများ လုံးဝ ပြောင်းလဲသွားခဲ့ပြီး စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ကြရသည်။

အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ဒီမိုကရေစီရေး လိုလားသည့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ စစ်အာ ဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများအား အကြမ်းဖက်ပစ်သတ် ဖမ်းဆီးခဲ့သလို အဆိုပါ သတင်းများ ဖော်ပြခြင်းအား ဖိနှိပ် ရန် အားထုတ်မှု အနေဖြင့်လည်း သတင်းသမားများကို ပစ်မှတ်ထားလာသည်။

သတင်းဌာနများကို ထုတ်ဝေခွင့် ပိတ်ခြင်း၊ သတင်းတိုက်များကို ဝင်ရောက်စီးနင်း အပါအဝင် သတင်းသမားများအား ဖမ်း ဆီးခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်သည်။

အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားသည့် သတင်းထောက် မသူဇာ

အစောပိုင်းတွင် စစ်ကောင်စီသည် ဆန္ဒပြပွဲများ၌ သတင်းယူနေသော သတင်းသမားများကို ဖမ်းဆီးခဲ့သော်လည်း နောက် ပိုင်းတွင်မူ နေထိုင်ရာ၊ တိမ်းရှောင်ရာ နေရာများထိ လိုက်လံရှာဖွေ ဖမ်းဆီးခြင်းများ၊ သတင်းသမားဟောင်းများကိုပါ ဖမ်း ဆီးမှုများ ပြုလုပ်လာသည်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်တွင် သတင်းရယူခြင်း၊ ထုတ်လွှင့် တင်ဆက်ခြင်း စသည့် သတင်းထောက်များ၏ ပုံမှန်လုပ်ငန်းများသည် ပြစ်မှုသဖွယ်၊ ရာဇဝတ်မှုသဖွယ် ဖြစ်လာပြီး မြို့ပေါ်သတင်းသမားများသည် ပုန်းလျှိုးကွယ်လျှိုးဖြင့် ၎င်းတို့၏ တာဝန်ကို စိတ်မလုံခြုံစွာ ဆောင်ရွက်နေရသည်။

ထိုအထဲတွင် ဂျာမုန်းတယောက်လည်း အပါအဝင် ဖြစ်သည်။ ဂျာမုန်းသည် မဇ္ဈိမသတင်းဌာနမှ သတင်းတင်ဆက်သူ တဦး ဖြစ်ပြီး ရန်ကုန်မြို့တွင် နေထိုင်စဉ်က 7Day TV တွင် သတင်းတင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း 7Day TV ရပ်နားသွားချိန်တွင် မဇ္ဈိမသတင်းဌာနသို့ ပြောင်းရွှေ့ပြီး သတင်းတင်ဆက်သူ အဖြစ်ပင် ဆက်လက် လုပ်ကိုင်ခဲ့သည်။

သို့သော် မျက်နှာဖော်ပြပြီး နေ့စဉ် သတင်းတင်ဆက်နေရသူ တဦးအနေဖြင့် မည်သည့်အချိန်တွင် ဖမ်းဆီးခံရမည်လဲ ဟူ သည့် စိတ်မလုံခြုံမှုက သူ့ကို အမြဲနှိပ်စက်နေခဲ့သည်။

“အိမ်ပေါ်က ဆင်းပြီး ပုန်းရှောင်ရင်း လုပ်ရတာဆိုတော့ စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှုတွေလည်း ရှိတယ်။ ဖမ်းခံရမှာစိုးတဲ့ မလုံခြုံမှုတွေလည်း ခံစားရတယ်။ လာဖမ်းရင် အချိန်မရွေး ပြေးနိုင်အောင် အသင့်ပြင်ထားရသေးတယ်” ဟု သူ ကြုံတွေ့ ခံစားခဲ့ရသည်များကို ပြန်လည်ပြောပြသည်။

လက်ရှိ အချိန်တွင် သူ့အနေဖြင့် ရန်ကုန်မြို့ကို စွန့်ခွာပြီး လွတ်မြောက်နယ်မြေဟု ခေါ်ကြသော တောတွင်းတနေရာကနေ သတင်းများကို ဆက်လက် တင်ဆက်နေပြီ ဖြစ်သော်လည်း သူ့မအတွက် မတူညီသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ် နေရဆဲ ဖြစ်သည်။

ထို့အတူ ထိုင်းနိုင်ငံ တနေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် အမျိုးသမီး သတင်းထောက်တဦးဖြစ်သူ မခင်ခင်အောင် (အမည်လွှဲ) ကလည်း ၎င်း၏ ကြုံတွေ့ခဲ့ရသည်များကို ပြန်လည် ပြောပြသည်။

၎င်းက “ဘာသတင်းမှ မရဘဲ စစ်သားတွေ အလုံးအရင်းနဲ့ ဝင်လာတော့ ကျမနဲ့ ကလေးတွေ ရုန်းရင်းဆန်ခတ်နဲ့ နောက်ဖေးပေါက် ကနေ ကလေးနှစ်ယောက်ကို လက်ဆွဲပြီးတော့ ပြေးရတယ်။ အဲဒီကတည်းက အိမ်ကို မပြန်ရဲတော့ဘူး” ဟု ဆိုသည်။

အခက်အခဲများကြားမှ သတင်းများ တင်ဆက်နေသည့် Mizzima သတင်းထောက် မဂျာမုန်း

သူ၏ နေအိမ်ကို စစ်ကောင်စီတပ်များက ၂ ကြိမ်တိုင်တိုင် လာရောက်ရှာဖွေခဲ့ပြီး ပထမအကြိမ်က ကြိုတင်သတင်းရ၍ တိမ်းရှောင်နိုင်ခဲ့သော်လည်း ဒုတိယအကြိမ်တွင် ရုတ်တရက် ဝင်ရောက်ဖမ်းဆီးသဖြင့် ဝရုန်းသုန်းကား ထွက်ပြေးခဲ့ရသည်။

၆ နှစ်အရွယ်နှင့် ၃ နှစ်အရွယ် ကလေး ၂ ဦး၏ မိခင်လည်း ဖြစ်သည့် သူ့အနေဖြင့် စစ်ကောင်စီ လက်အောက်တွင် မည်သို့ မျှ လုံခြုံမှု မရှိတော့သည်ဖြစ်ရာ ကလေးငယ်များအတွက်လည်း ထည့်သွင်းစဉ်းစားရင်း မိခင်နိုင်ငံကို စွန့်ခွာရန် ဆုံးဖြတ် ခဲ့တော့သည်။

“ဘယ်လိုမှ နေလို့မရတော့ဘူး ဆိုပြီးတော့ ဒီဘက်ကမ်းကို ကူးမယ်ဆိုပြီး ဆုံးဖြတ်ချက်ချပြီးတော့ ကူးလာတယ်။ ကလေး နှစ်ယောက် လက်ဆွဲပြီးတော့ ကျမတို့ ဒီဘက်ကို ကူးလာခဲ့တယ်” ဟု မခင်ခင်အောင်က ရှင်းပြသည်။
သို့သော်လည်း တဖက်နိုင်ငံတွင် တရားမဝင် နေထိုင်နေရသည့် သူမနှင့် ကလေးများအတွက် လုံခြုံရေး ပြဿနာအပြင် စိန်ခေါ်မှုများစွာက ရှိနေပြန်သည်။

ထိုသို့ လုံခြုံရေး အခြေအနေကြောင့် စစ်ကောင်စီ ကင်းလွတ်ရာ နယ်မြေများသို့ အရဲစွန့်ပြီး ထွက်ခွာသွားရသူများ ရှိသလို ရန်ကုန်ကဲ့သို့သော မြို့ပြတွင် နေထိုင်ရင်း သတင်းသမားအလုပ်ကို ဆက်လက် လုပ်ကိုင်နေကြသည့် အမျိုးသမီး သတင်းထောက်များလည်း ရှိနေသေးသည်။

မကြာသေးခင်ရက်ပိုင်းကမှ ဖြစ်ပျက်သွားသည့် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း ဖြစ်ရပ်တွင် စစ်ကောင်စီ က ကားဖြင့် အရှိန်ပြင်းစွာ ဝင်တိုက်ခဲ့သူများအနက် Myanmar Pressphoto Agency (MPA) မှ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းနှင့် ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့လည်း ပါဝင်ခဲ့သည်။

လူငယ်တစု၏ စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြမှုကို သတင်းမှတ်တမ်းတင်ရန် ရောက်ရှိနေသည့် မမှူးရတ နာခက်မို့မို့ထွန်းသည် တရှိန်ထိုးဝင်လာသော စစ်ကားဖြင့် တိုက်ခံရမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး အသက်ဆက် ရှင်ရေးအတွက် သေမင်းနှင့် နပမ်းလုံးနေရသည်။

အမျိုးသမီး သတင်းထောက်များ အနေဖြင့် နေ့အချိန်တွင် လုံခြုံရေး တင်းကျပ်ထားသည့် အခြေအနေများကြားမှ စွန့်စွန့် စားစား သတင်းများ ရယူနေရသလို ညအချိန်တွင်လည်း စိတ်မလုံခြုံမှုများဖြင့် ရှင်သန်ဖြတ်သန်းနေကြရသည်။

ရန်ကုန်မြို့မှ အမျိုးသမီး သတင်းထောက်တဦးဖြစ်သူ မနှင်းနှင်း (အမည်လွှဲ) က “ကိုယ့်အိမ်ကို ဘယ်တော့ တံခါးလာခေါက် မလဲ ဆိုတဲ့စိတ်က ညတိုင်း အိပ်မပျော်ဘူး။ မနက် ၄ နာရီလောက်မှ အိပ်ပျော်တဲ့ရက်တွေ မနည်းတော့ဘူး။ အဓိက စိတ် မလုံခြုံမှု ဖြစ်တာပေါ့” ဟု ပြောပြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီး သတင်းထောက်များ အပါအဝင် သတင်းသမား ၁၀၀ ခန့် အဖမ်းခံရပြီး ၎င်းတို့ အနက် အများအပြားမှာ ကိုယ့်အလုပ် ကိုယ်လုပ်ခြင်း ဖြစ်သော်လည်း ဆူပူအောင်လှုံ့ဆော်မှု၊ မတရားအသင်းဆက်သွယ်မှု၊ အကြမ်းဖက်မှု တို့ဖြင့် စွပ်စွဲပြီး တရားစွဲဆိုခံကြရသည်။

သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ယခုနှစ် ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံ သည် အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားများကို ဖမ်းဆီးထောင်ချသည့် နိုင်ငံများအနက် အဆိုးရွားဆုံး နိုင်ငံများ စာရင်းတွင် ဒုတိယအများဆုံးနိုင်ငံ ဖြစ်လာပြီး မြန်မာနိုင်ငံအထက်တွင် တရုတ်နိုင်ငံသာ ရှိတော့သည်။

စစ်ကောင်စီ၏ မီဒီယာအပေါ် ဖိနှိပ်မှုကြောင့် လွတ်လပ်သော သတင်းသမား အားလုံးနီးပါး ပုန်းအောင်းနေရပြီး ကျန် သတင်းသမားများသည်လည်း စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို မှတ်တမ်းတင်ရင်း လူမသိအောင် သိုသိုသိပ် သိပ် နေကြရသည်။

ကြည့်မြင်တိုင် ဆန္ဒပြပွဲ သတင်းယူစဉ် ကားဖြင့် တိုက်အဖမ်းခံခဲ့ရသည့် MPA သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း

မမှူးရတနာခက်မို့မို့ထွန်းနှင့် မနှင်းနှင်းတို့ကဲ့သို့ မြို့ပြတွင် နေထိုင်ပြီး သတင်းအလုပ် ဆက်လုပ်နေသည့် အမျိုးသမီးများ အတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုသာမက အခြားသော စိန်ခေါ်မှုပေါင်း များစွာကလည်း ရှိနေသည်။

မိမိလုံခြုံရေးအတွက် အပြင်ထွက် သွားလာချိန်တွင် ဂရုစိုက်နေရသည်သာမက နေရာတခုတည်း၌ အချိန်ကြာမြင့်စွာ နေ ထိုင်ရန် အဆင်မပြေသောကြောင့် မကြာခဏ ပြောင်းရွှေ့ပြီး နေထိုင်ရသောကြောင့် ကုန်ကျစရိတ်များ ပိုမိုများပြားလာ သည်။

ထို့ပြင် ပုန်းအောင်ကာ အလုပ်လုပ်ကိုင်ရသဖြင့် မိသားစုနှင့် ခွဲခွာနေထိုင်ရသလို ထွက်ပေါက်မရှိဘဲ စိတ်မွန်းကျပ်ခြင်း၊ စိတ်ဓာတ်ကျခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုလည်း တွေ့ကြုံခံစားကြရသည်။

“ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့ အဝေးကြီးမှာ နေရတယ်။ အရင်က ညနေရုံးဆင်းရင် သူငယ်ချင်းတွေနဲ့ မုန့်စား၊ စကားပြော ရင်ဖွင့်ဖြစ်ကြတယ်။ အခုဆိုရင် အရင်က ထိုင်ခဲ့တဲ့ ဆိုင်တွေရှေ့ကနေ ဖြတ်သွားနေရတာပဲ။ ဒါပေမဲ့ ဘေးနားမှာ ကိုယ့်သူ ငယ်ချင်းတွေ မရှိတော့ဘူး။ အဆင်မပြေမှုတွေက အများကြီးပဲ။ ဆုံးရှုံးမှုကတော့ အကုန်လုံး ဆုံးရှုံးသွားတယ်။ တစစီ လိုက်ကောက်လို့ မရတော့လောက်အောင်ပဲ” ဟု မနှင်းနှင်းက ဆိုသည်။

ထိုသို့သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို စစ်ကောင်စီ လက်အောက်မှ တိမ်းရှောင်လာသည့် ဂျာမုန်း၊ မခင်ခင်အောင် တို့လို တောထဲရောက်နေသူတွေ၊ တဖက်နိုင်ငံထဲ ရောက်နေသူတွေမှာလည်း ထပ်တူထပ်မျှ ခံစားကြရသည်။

ထို့ပြင် အနေအထိုင်၊ အစားအသောက်ကစလို့ မိမိနေထိုင်ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်နှင့် ကွဲပြားနေသည့် နေရာဒေသတွင် လူမှုဘဝ အခက်အခဲများကိုသာမက လုပ်ငန်းပိုင်းဆိုင်ရာ အဟန့်အတားများကိုလည်း ကျော်ဖြတ်နေရသလို တိုက်ပွဲရှောင် ရန်လည်း နားစွင့်နေရသည်။

“စိတ်အေးလက်အေးနဲ့ အိပ်ပျော်ပြီး နွေးထွေးတဲ့ ပတ်ဝန်းကျင်လေးမှာ ပြန်နေရဖို့ပဲ မျှော်လင့်တယ်” ဟု ဂျာမုန်းက သူ့ မျှော်လင့်ချက်ကို ရိုးရိုးရှင်းရှင်းသာ ဖွင့်ဟသည်။

မခင်ခင်အောင်ကလည်း “ဒီဘက်ရောက်လာတဲ့ ခံစားချက်က ငါ့မှာ အိမ်လည်း မရှိတော့ဘူး။ ပြန်စရာအိမ် မရှိတော့ဘူး ဆိုတဲ့ ခံစားချက်။ သူများနေရာကို ရောက်လာပြီးတော့ တရားမဝင်လည်း နေရတယ်ဆိုတဲ့စိတ်နဲ့ နေရတယ်” ဟု ဖွင့်ဟပြောဆိုသည်။

လက်ရှိတွင် ၎င်းတို့အတွက် အနာဂတ်ဟူသည်ကား ဝေဝါးပျောက်ဆုံးနေပြီး မှောင်မဲနေသည့် ကွင်းပြင်ကျယ်ကြီးထဲ ရှေ့ကို ဘာမှမမြင်ရဘဲ စမ်းတဝါးဝါးဖြင့် လမ်းလျှောက်နေရသလို ဖြစ်နေသော်လည်း သတင်းထောက်အလုပ်ကို စွန့်လွှတ်ရန် အစီ အစဉ် မရှိသေးကြောင်း တူညီစွာ ပြောဆိုကြသည်။

ဂျာမုန်းက “ဒီအကြမ်းဖက် စစ်အာဏာရှင်ကို အမြစ်ပြတ်စေချင်တဲ့စိတ်ပဲ ရှိတယ်။ တခြားဘာမှ ကြီးကြီးကျယ်ကျယ် မျှော် လင့်ထားတာ၊ ဖြစ်ချင်တာ မရှိသလို ဘာမှလည်း ထူးပြီးမလိုချင်ဘူး” ဟု ဆိုသည်။ ။

Loading