“စစ်ကြီးပြီးရင် အချစ်သီချင်းလေးတွေပဲ နားထောင်ကြမယ်။ ချစ်သူများသာ အဓွန့်ရှည်ပါစေ” ဆိုတဲ့ ခေတ်ပေါ် မြန်မာ ကဗျာဆရာ ကြည်ဇော်အေးဟာ သူချစ်မြတ်နိုးတဲ့ ကဗျာတွေကို ထားရစ်ခဲ့ပြီး စစ်ကြီးမပြီးခင်မှာပဲ လူ့လောကထဲကနေ အပြီးအပိုင် နှုတ်ဆက် ထွက်ခွာသွားခဲ့ပါပြီ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက် နံနက်ပိုင်းက ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့အာရုံကြောဌာနမှာ ဦးနှောက်သွေးကြော ပေါက်တာကို ကုသရင်း ကဗျာဆရာ ကြည်ဇော်အေး ကွယ်လွန်သွားခဲ့ပါတယ်။ သူ ကွယ်လွန်ချိန်မှာ အသက် ၄၅ နှစ် ရှိပါပြီ။
ကဗျာဆရာ ကြည်ဇော်အေးရဲ့ ဈာပနအခမ်းအနားကို ယနေ့ (အောက်တိုဘာ ၅ ရက်) ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့ နယ် ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပြီး မိသားစုဝင်တွေ၊ မိတ်ဆွေကဗျာဆရာတွေ၊ အပေါင်းအသင်းတွေနဲ့ စာပေအသိုင်း အဝိုင်းကသူတွေက လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။
၁၉၇၇ ခုနှစ် အောက်တိုဘာ ၄ ရက်ဖွား ကဗျာဆရာ ကြည်ဇော်အေး (အမည်ရင်း ဇော်ဝင်းထွန်း) ဟာ စစ်ကိုင်းတိုင်း၊ မုံရွာဇာတိဖြစ်ပြီး ၄၅ နှစ်ပြည့်မယ့် မွေးနေ့မတိုင်ခင် ၁ ရက်အလိုမှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
သူ မကွယ်လွန်ခင်အထိ ကဗျာရေးသားခဲ့ပြီး နိုင်ငံရေး အငွှေ့အသက်ပါတဲ့ ကဗျာတွေကိုလည်း ရေးခဲ့ပါသေးတယ်။ နောက်ဆုံး လူမှုကွန်ရက်စာမျက်နှာမှာ ပို့စ်တင်ရေးသားခဲ့တာကတော့ “လာမယ့် ဆောင်းရာသီ” ဆိုတဲ့ကဗျာပဲ ဖြစ်ပါတယ်။
အဲဒီကဗျာဟာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35 တွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ကလေးငယ်တွေ သေဆုံးခဲ့ပြီး ၂ ပတ်အကြာမှာ ရေးတင်ခဲ့တာဖြစ်ပါတယ်။
“လာမယ့် ဆောင်းရာသီ”
မလုံခြုံမှုမီးခိုးများဟာ
အူနေတယ်
လေထု ပွန်းပဲ့
ရဟတ်များလည်ပတ်လျက်
ခြောက်ကပ်လယ်ယာမြေပေါ်
စိုစွတ်နေတဲ့သွေးစ
အသားစ
အရိုးစ
အပူချိန်ဟာ
အိမ်ခေါင်မိုးတွေဆီကနေ
ဖြာကျ
တခါတခါ
ကလေးတယောက်ရဲ့ငိုသံ
တခါတခါ
အမယ်အိုတယောက်ရဲ့ညည်းသံ
“စစ်ဖြစ်နေမှတော့
အချစ်စစ်နဲ့လည်းဘယ်တွေ့နိုင်ပါ့မလဲ”
လူငယ်တယောက်က အံကြိတ်ပြီးပြောတယ်
“ခွေးမသားတွေ
ခွေးကျွေးတောင်မစားဘူး” တဲ့
အဖိုးအိုတယောက်က
တောက်ခေါက်တယ်
ဆေးမရှိတဲ့ရောဂါနဲ့တူတဲ့
လမ်းကမှားနေတယ်
ဆောင်းဝင်တော့မယ်
အချစ်ထက်ပိုပြီး
ဘယ်မီးဖိုက နွေးပါ့မလဲ
နာကျင်မှုကိုသာ
လှုံကြ။
သူနဲ့ နှစ်ပေါင်း ၂၀ ကျော်လောက် ခင်မင်ရင်းနှီးခဲ့တဲ့ ကဗျာဆရာလှသန်းရဲ့ ဇနီးဖြစ်သူ မချောက “သူနဲ့က ကဗျာ ကြောင့် မိသားစုလို ခင်ကြတယ်။ သူ့ရဲ့ အသွေးအသားထဲမှာဖြစ်တဲ့ဆန္ဒကို ဖော်ထုတ်ဖို့ ရန်ကုန် ရောက်လာတယ်။ ရန်ကုန်ဆိုတာတော့ သိတဲ့အတိုင်းပဲ နယူးယောက်တို့၊ ပဲရစ်တို့လိုပဲ အနုပညာကို ဖော်ထုတ်ရမယ့် နေရာတခု ဆိုတော့ သူက ရန်ကုန် တက်လာတယ်။ ရန်ကုန်ဆိုတာ အဲဒီခေတ်က နယူးယောက်လို၊ ပဲရစ်လိုပဲ။ သူ့မှာပါနေတဲ့ အသွေးအသားကတော့ ကဗျာပဲ။ သူက ကဗျာဆရာတယောက် ဖြစ်ဖို့အတွက် မွေးဖွားလာတဲ့ လူတယောက်ပဲ” လို့ ပြောပြပါ တယ်။
ကဗျာဆရာ ကြည်ဇော်အေးရဲ့ စိတ်နေစိတ်ထား၊ ပုံပန်းသဏ္ဍာန်နဲ့ ပတ်သက်လို့လည်း မချောက “လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်။ အဲဒီတုန်းက သူ့အသက် ၂၀ ကျော်လေးပဲ ရှိသေးတယ်။ သူ့ကို ပုဂ္ဂိုလ်ရေးအရ ပြောရရင် ရိုးသားတယ်။ သူ့ ခေါင်းထဲမှာ ကဗျာပဲ ရှိတယ်။ စကားအပြောအဆိုကလည်း ကဗျာဆန်ဆန်။ ဂျစ်ကန်ကန် ကောင်လေးပေါ့။ ပရိယာယ် မရှိဘူး” လို့ ဆိုပါတယ်။
ကဗျာအရေးကောင်းသူ၊ လက်စွမ်းအထက်ဆုံး ကဗျာဆရာတယောက်၊ သူ့ကဗျာတွေကို မျိုးဆက်သစ်လူငယ်တွေပါ ကြိုက်နှစ်သက်ကြပြီး အခုလို စောစောစီးစီး ဆုံးပါးသွားတဲ့အတွက် နှမျောတသ ဖြစ်ရတယ်လို့ သူ့ရဲ့ ကဗျာတွေကို စဉ်ဆက်မပြတ် ဖတ်ရှုလေ့ရှိတဲ့ လူငယ်တဦးကလည်း ဝမ်းနည်းစွာ ဆိုပါတယ်။
ကြည်ဇော်အေး အမည်နဲ့ ၂၀၀၀ ပြည့်နှစ်မှ စတင်ပြီး ချယ်ရီမဂ္ဂဇင်းကတဆင့် စာပေလောက၊ ကဗျာလောကထဲကို ရောက်ခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး ကဗျာစာအုပ်က “ရိုးရိုးသားသားသစ်သီး” ဆိုတဲ့ ကဗျာစာအုပ် ဖြစ်ပြီး သူ့ ကဗျာ တချို့ကို အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန် ဘာသာတွေနဲ့ ဘာသာပြန် ထုတ်ဝေတာတွေလည်း ရှိခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာလည်း ကြည်ဇော်အေး ကဗျာတွေဟာ လူငယ်ပရိသတ်ကြား ရေပန်းစားပြီး တန်ဖိုးထား လူကြိုက်များ ထင်ရှားတဲ့ ကဗျာဆရာအဖြစ် အသိမှတ်ပြုခံရသူ ဖြစ်ပါတယ်။
သူရဲ့ သူငယ်ချင်းဖြစ်သူ ကဗျာဆရာတဦးကတော့ “သူနဲ့ခင်တာ နှစ် ၂၀ လောက် ရှိပါပြီ။
အဓိကကတော့ သူဟာ အနေအထိုင် ရိုးရှင်းတယ်။ စကားပြောရင် ဘုဆတ်ဆတ် ပြောတတ်တယ်။ ဒါပေမဲ့ သူ့ရဲ့ စိတ်အရင်းခံကတော့ ရိုးသားတယ်။ ဖြူစင်တယ်။ ကဗျာအရာနဲ့ ပတ်သက်ရင် အစော်ကားမခံဘူး။ အနုပညာနဲ့ ပတ်သက်ရင် အထိပါးမခံ ဘူး။ ဒါဆိုရင် ကြည်ဇော်အေးဟာ လုံလောက်ပါပြီ” လို့ ဆိုပါတယ်။
ကဗျာဆရာ ကြည်ဇော်အေးဟာ ၁၉၉၀ ခုနှစ်မျိုးဆက် ကဗျာဆရာတဦးဖြစ်ပြီး ခေတ်ပြိုင်တွေ အနေနဲ့ ခင်ဇော်မြင့်၊ စံငြိမ်းဦး၊ အောင်ခိုင်မြတ်၊ ခက်သီ၊ ဝိုင်ချို၊ တိုးနှောင်မိုး စသူတို့ ဖြစ်ပါတယ်။
ကဗျာချစ်သူလူငယ်များ ကဗျာဆု၊ မောင်ချောနွယ် ကဗျာဆု (ပြည်မြို့)၊ ရှားပါးသတ္တဝါကဗျာနဲ့ ရသကမ်းခြေကဗျာဆု (လပွတ္တာမြို့)၊ အလယ်ရိုးမကဗျာဆု (ပျဉ်းမနား) တို့ကိုလည်း ရရှိခဲ့ပါတယ်။
အခုလို ကွယ်လွန်သွားတဲ့အပေါ် သူ့ရဲ့ မိတ်ဆွေတဦးကလည်း “ပတ်ဝန်းကျင်နဲ့ အပေါင်းအသင်းတွေ ထဲမှာတော့ ၅၀၊ ၅၀ ပဲ။ လူချစ်တာ ၅၀ ဆို၊ လူမုန်းတာ ၅၀ ပဲ။ အဲဒီလို ရှိတယ်။ ကြေကွဲရတယ်။ နှမျောတယ်။ သူလို လူတယောက်က ဒီလောက်စောစော မသွားသင့်သေးတဲ့ အခြေအနေမျိုးမှာ ထွက်ခွာသွားရတယ်ဆိုတော့ ယူကျုံးမရ ဖြစ်ရတယ်” လို့ ပြောပါတယ်။
သူဟာ ငွေကြေးရလိုမှုတခုတည်းနဲ့ သူ့အနုပညာကို ချမနင်းခဲ့ဘူးဆိုတာ ခိုင်ခိုင်မာမာ ယုံယုံကြည် ပြောလို့ရပါတယ် ဟုလည်း သူ့ရဲ့ မိတ်ဆွေ ကဗျာဆရာတဦးက ဆိုပါတယ်။
ရိုးရိုးသားသားသစ်သီး၊ စစ်ပြီးခေတ်ဒစ်ဂျစ်တယ်ရေဒီယို၊ အရူးရှယ်လီ၊ မြ၊ လူငယ်တယောက်ရဲ့ မှတ်စုများ၊ တောလမ်း ကလေး၊ ပထဝီအနေအထား၊ နှစ်ငါးဆယ် လက်ရွေးစင်ကဗျာများ၊ ဖန်ပြွန်သန္ဓေသား၊ လူငယ်တယောက်၏မှတ်စုများ၊ အသက်ကယ်အင်္ကျီ၊ ဘုရားလောင်းခေတ်ကချစ်သူများ၊ ရောမစာမျက်နှာ၊ ကော်ဖီခံစားမှု တွေဟာ ကဗျာဆရာ ကြည် ဇော်အေး ဖန်တီးခဲ့တဲ့ လက်ရာတွေ ဖြစ်ပြီး ကော်ဖီခံစားမှုကတော့ နောက်ဆုံး ထုတ်ဝေခဲ့တဲ့စာအုပ် ဖြစ်ပါတယ်။
ဆရာ ကြည်ဇော်အေးရဲ့ ဖန်တီးမှုတွေအနက် “တော်လှန်ရေးသမားတယောက်ရဲ့ အတ္ထုပတ္တိ” ဟာ လူကြိုက်များ ထင် ရှားပြီး သူ့ကို နိုင်ငံရေး အငွေ့အသက်တွေကို ထင်ဟပ်စေတဲ့ ကဗျာတွေရေးတဲ့ ကဗျာဆရာတယောက် အဖြစ်လည်း အသိအမှတ် ပြုကြပါတယ်။
မချောက “ကြည်ဇော်အေး အမေက နာရေးမှာ ဘာပြောလဲဆိုရင် သူ ကြည်ဇော်အေးရဲ့ ကဗျာတွေဘာတွေလည်း မသိပါဘူးတဲ့။ ကြည်ဇော်အေး ဆုံးတာကို ဝမ်းနည်းနေကြတာ ကြည့်ပြီး ဂုဏ်ယူတယ်တဲ့။ ဆရာဝန်လည်းမဟုတ်၊ အင်ဂျင် နီယာလည်း မဟုတ်ခဲ့ဘူး။ ခေတ်ပေါ် ကဗျာဆရာပဲ လုပ်ခဲ့တယ်။ သူ့အမေ ရိုးသားတဲ့ အညာသူအမျိုးသမီးက ဂုဏ်ယူ တယ်ဆိုပြီး ပြောတာတော့ အမှတ်တရ အဖြစ်ဆုံးပါပဲ” လို့လည်း ပြန်လည် ပြောပြပါတယ်။
သူ့ရဲ့ ကဗျာ့ပရိသတ်တွေကတော့ “ဘယ်အစိုးရတက်တက် ချစ်သူမျက်ရည်တစက်ကျရင် တော်လှန်ဖို့ အဆင်သင့်ပဲ” ပါပဲဆိုတဲ့ ကဗျာဆရာ ကြည်ဇော်အေးအတွက် ဘယ်အစိုးရတက်တက် ချစ်တဲ့သူတွေ မျက်ရည်မကျစေမယ့် နိုင်ငံမျိုး မှာ ပြန်လည် ရှင်သန်နိုင်ပါစေလို့ တောင်းဆုပြုရင်း ဝမ်းနည်းစွာ နှုတ်ဆက်စကားဆိုကြပါတယ်။ ။