တရုတ်ပြည်ကို မြစ်ဖျားခံကာ ဆင်းသက် တိုးဝင်လာပြီး မြန်ပြည်တွင်း၌ ဇီဝိန် ကြွေသွားရရှာသည့် ဒေါသကြီးသော၊ ရိုင်းစိုင်း ကြမ်းကြုတ်သော၊ အစဉ်းစား အဆင်ခြင်ဉာဏ် ကင်းမဲ့သော၊ ကောက်ကျစ် စဉ်းလဲသော မြစ်သံလွင်။
မှန်ပါသည်။ မော်လမြိုင် ဘေးမှ ကျေးကျွန်သဖွယ် ခေါင်းငုံ့ ဝပ်တွား စီးဆင်းကာ မုတ္တမ ပင်လယ်ကွေ့ အတွင်း၌ သူ့ဘဝကို အဆုံးသတ်ရပါသည်။
သူသည် ဒေါသကြီးသူလို ရေစီးသန်၏။ ရိုင်းစိုင်း ကြမ်းကြုတ်သူလို ကျောက်ဆောင် ထူထပ်၏။ အစဉ်းစား အဆင်ခြင်ဉာဏ် ကင်းမဲ့သူလို ရေတိမ် ရေနက်တို့ ပြွမ်း၏။ ကောက်ကျစ် စဉ်းလဲသူလို အကွေ့အကောက် အတွန့်အလိမ် ပေါများ၏။
ယင်းကဲ့သို့သော မြစ်သံလွင်က ကျနော်တို့ကို သူ့ဘဝ အတွေ့အကြုံများ ပြန်ပြောင်း ဇာတ်ကြောင်းလှန်ပါသည်။
စိတ်သောက ရောက်ဖွယ်၊ တုန်လှုပ် ချောက်ချားဖွယ် သတင်းများကို အနံ့ခံလိုက်ရင်းဖြင့် ဘားအံ၊ ရွှေဂွန်း၊ ကမမောင်း နယ်တဝိုက်မှာ ကျနော်တို့ ရက်အတန် ညောင်းခဲ့ရပါသည်။
သို့ကလို ရက်အတန်ကြာညောင်းရာမှ သူ့ဘဝ အတွေ့အကြုံများကို ကျနော်တို့ ကြားခွင့် သိခွင့် ကြုံရခြင်း ဖြစ်ပါသည်။
ထိုနယ်များ၏ ခရီးလမ်းပန်း အဆက်အသွယ်သည် အဓိက အားဖြင့် သူ့ကိုသာ အားကိုးနေရသည်။
သို့သော်လည်း သူ၏ ကျောက်ဆောင် ထူထပ်မှု၊ ရေကြောင်း တိမ်မှုများကြောင့် ပရသဖ သင်္ဘောများသည် ရွှေဂွန်းထက် ပိုပြီး ဆန်မတက်နိုင်ချေ။ မော်လမြိုင်မှ တက်လာသည့် သင်္ဘောသည် ရွှေဂွန်းမှာ မိုးချုပ်သွားသည်။ ရွှေဂွန်းမှာပင် ညအိပ် လိုက်ရသည်။ နောက်တနေ့ နံနက်တွင်မူ မော်လမြိုင်သို့ပင် ပြန်ဆင်းရပြန်သည်။
ရွှေဂွန်း အထက် ကမမောင်း နယ်များသို့ သွားလိုသည့် လုပ်သားပြည်သူများသည် ရွှေဂွန်းမှာပင် ဖြစ်သလို တည နားနေ အိပ်စက်ကြရသည်။
အသိအကျွမ်း ရှိသူများက အသိအကျွမ်းများသို့ သွားရောက် နားနေ အိပ်စက်သဖြင့် မထောင်းတာလှ သော်လည်း၊ အသိအကျွမ်း မရှိသူများ အဖို့မူ ဖြစ်သလို အိပ်စက်ကြရသည်။
သံလွင်မြစ်တွင်းမှာ ဆိုက်ကပ်ထားသည့် သင်္ဘောများ၊ မော်တော်များ၏ ဝမ်းဗိုက်များ အတွင်းမှာသော်လည်းကောင်း၊ သံလွင်မြစ်ကမ်းပေါ်ရှိ ဖြစ်သလို တည်ဆောက်ထားသော ဈေးဆိုင်ကန္နားများမှာ သော်လည်းကောင်း မလုံမခြုံ ဆင်းတောင့် ဆင်းရဲ အိပ်စက်ကြရသည်။
သို့ကလို ဖြစ်သလိုအိပ် ဖြစ်သလိုစားကြရင်းဖြင့် ရေတိမ်နစ်သွားကြရရှာသော အမျိုးသမီးများ၏ ငရဲညများကို သံလွင်မြစ်သည် မမြင်ချင် အဆုံး၊ မကြားချင် အဆုံး ကြုံခဲ့ရသည်။
ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင် စားသောက်နောကြသည့် မိကောင်းဖခင် သားသမီးများ ဘဝမှ မကောင်းရောင်း မကောင်းဝယ် လုပ်ကိုင် စားသောက်ရသည့် ဘဝသို့ အရှင်လတ်လတ် ရောက်သွားရသူများ၏ ရင်နင့်ဖွယ် အဖြစ်ဆိုးဆိုး များကိုလည်း သူအကြိမ်ကြိမ် တွေ့ခဲ့ရပြီ။
သူတွေ့ရကြုံရသလို နယ်မြေ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ပုဂ္ဂိုလ်တို့ကလည်း တွေ့ရကြုံရပါသည်။
ထို့ကြောင့် လွန်ခဲ့သည့် လအနည်းငယ်ခန့်က အစီအစဉ်တခု လုပ်သည်။ ဘားအံနှင့် ကမမောင်းကို တိုက်ရိုက် ပြေးဆွဲသည့် သင်္ဘော ခရီးစဉ်သစ် တခု ဖွင့်လှစ်ခြင်း ဖြစ်သည်။
အစိုးရ သင်္ဘောကြီးများ သွားလာ ခုတ်မောင်းနိုင်သည့် ရေကြောင်း မဟုတ်သောကြောင့် ပုဂ္ဂလိက မော်တော်များကို တိုက်ရိုက် ပြေးဆွဲစေသည်။
ဘားအံမှ ကမမောင်းသို့ သွားလိုသည့် ခရီးသည်သည် အစိုးရ သင်္ဘောကို စီးပြီး ရွှေဂွန်းမှာ တည အိပ်ရန် မလိုတော့။ ကမမောင်း မော်တော်ကို တိုက်ရိုက်စီးပြီး တိုက်ရိုက် သွားလာနိုင်သည်။
မလုံမခြုံ အိပ်ရသဖြင့် ရေတိမ်နစ်သွားရသည့် အမျိုးသမီးများ၏ ဇာတ်လမ်းများကို သံလွင်မြစ် အနေဖြင့် မှတ်တမ်း တင်ခွင့် မရတော့ပါ။
ကောင်းရောင်း ကောင်းဝယ် လုပ်လိုသည့် မိကောင်းဖခင် သားသမီးများသည်လည်း မကောင်းရောင်း မကောင်းဝယ်များ မလုပ်နိုင်တော့ပါ။ ထိုမျှသာ မက ကမမောင်း နယ်မြေ တလွှားမှာ ကုန်ဈေးနှုန်းများ ဇောက်ထိုး မိုးမျှော် ကျဆင်းကုန်သည်။
စောစောပိုင်းက တပိဿာလျှင် ၁၂ ကျပ်ဈေး ရှိသော ကြက်ဈေးသည် ၈ ကျပ်ဈေးသို့ မြင်မကောင်း ရှုမကောင်း ကျသွားသည်။ စောစောပိုင်းက ၁၀ ကျပ်ဈေးမှ ၁၅ ကျပ်ဈေးအထိ ရှိသော ငါး၊ ပုစွန်၊ ဝက်၊ ဘဲ ဈေးတို့သည် ၇ ကျပ်မှ ၁၀ ကျပ် ဈေးသို့ ရုပ်ပျက် ဆင်းပျက် ကျဆင်းသွားသည်။
ကြက်၊ ဝက်၊ ဘဲ၊ သားငါး ပုစွန် ဈေးကျပြီ ဆိုတော့ အခြားအခြားသော ကုန်ဈေးနှုန်းများလည်း အချိုးကျ ကျဆင်း ကုန်သည်။ ဘောဂဗေဒ သဘောအရ သဘာဝ ကျပါသည်။
ထိုသို့ ကုန်ဈေးနှုန်းများ တလကျော်ခန့် ဆောက်တည်ရာမရ ဖြစ်သောအခါ သံလွင်မြစ်သည် သူ၏ ဇာတ်လမ်း မှတ်တမ်း စာအုပ်ကြီးကို ပြန်ဖွင့်ကာ မထူးဆန်းသည့် ဇာတ်လမ်း အသစ်များကို မှတ်တမ်းတင်ရန် အကြောင်း ပြန်ဆိုက် လာတော့သည်။
ဘားအံနှင့် ကမမောင်း တိုက်ရိုက် ပြေးဆွဲသောကြောင့် ဘားအံနှင့် ရွှေဂွန်း အကြား၊ ပရသဖ သင်္ဘော ဝင်ငွေ လျော့နည်း ရသည်ဟု အကြောင်းပြသူတို့က ပြလာကြသည်။
အစိုးရမှာ ဝင်ငွေ လျော့နည်းရသည့် အတွက် ဘားအံ ကမမောင်း တိုက်ရိုက် ပြေးဆွဲသည့် ပုဂ္ဂလိက ပိုင် မော်တော် ခရီးစဉ်ကို ဖျက်သိမ်းရန် လိုသည်ဟု တောင်းဆိုသူတို့က တောင်းဆိုကြသည်။
သူတို့၏ တောင်းဆိုချက်များ ပြင်းထန်လာသော အခါ ခရီးစဉ်သစ် ဖွင့်အပြီး တလကျော် အကြာ၌ ခရီးစဉ် အသစ်ကြီး နိဌိတံပါလေတော့သည်။
ကမမောင်း တဝိုက်မှ ကုန်ဈေးနှုန်းများသည် မူလဈေးသို့ ရောက်သည်အထိ အိုးစည် ဗုံမောင်းများဖြင့် တပျော်တပါးကြီး ပြန်တက် သွားကြသည်။
ရေတိမ် နစ်သော မိန်းကလေးများ၏ ဇာတ်လမ်းများကို သံလွင်မြစ်ကြီးက စိတ်မချမ်းသာစွာဖြင့် ဆက်လက် မှတ်တမ်း တင်နေရပြန်သည်။
ငိုရှိုက်သံများ၊ မျက်ရည်များ၊ နာကြည်းချက်များသည် သံလွင်မြစ် အတွင်းမှာ ပြန်လည် ကွန့်မြူးလာပြန်သည်။
ဘာကြောင့် ထိုသို့ ဖြစ်ရသနည်း။
သံလွင်မြစ်ကိုပင် ကျနော်တို့ မေးပါသည်။
အစိုးရ သင်္ဘော ဝင်ငွေ လျော့ချင် လျော့မည်။ ထိုသို့ ဝင်ငွေလျော့သည့် အရှုံးနှင့် နယ်သူနယ်သားများ သက်သာမှုတွင် မည်သည်က အကျိုးများသနည်း။
နယ်သူနယ်သားတို့ အစစ သက်သာမှု အတွက် အစိုးရအဖို့ ဝင်ငွေ အလျော့ခံသင့် ခံရမည်ပင် မဟုတ်လော။ အစိုးရ ဝင်ငွေ မလျော့ရေး အတွက် နယ်သူနယ်သား လုပ်သားပြည်သူများ အတိဒုက္ခ ရောက်စေခြင်းသည် မှန်ကန်သော လမ်းစဉ် ဖြစ်သည်ဟု ဆုံးဖြတ်ရမည်လော။
ကျနော်တို့ မဖြေတတ်ပါ။
သံလွင်မြစ်ကလည်း ကျနော်တို့၏ မေးခွန်းများကို အဖြေမပေးဘဲ တုံဏှိဘာဝေ ဆိတ်ဆိတ်နေပါသည်။ သို့သော်လည်း ကျနော်တို့ မလျှောက်ရဲသည့် လမ်းစတခုကိုတော့ ဖော်ပေးလိုက်ပါသည်။
ကုန်ဈေးနှုန်း ထိုးကျသွားသဖြင့် အတိဒုက္ခ ရောက်သူတို့မှာ အမြတ်ကြီးစား ကုန်သည်များသာ ဖြစ်ပါသည်။ အတိဒုက္ခ ရောက်သည် ဆိုသော်လည်း ၁၀၀ မြတ်မည့် နေရာတွင် ၅၀ မြတ်ခြင်းကိုသာ ဆိုလိုပါသည်။
ထို့ကြောင့် သယ်ယူ ပို့ဆောင်ရေး ညှိနှိုင်းမှု ကော်မတီနှင့် အမြတ်ကြီးစား ကုန်သည်များ ကြားတွင် မည်သို့သော ဆက်သွယ်မှုများ ရှိနေသည်ကို ဆက်လက် စုံစမ်းလေ့လာကြပါ။
မြစ်သံလွင် ဖော်ပေးသည့် လမ်းကြောင်းကို ကျနော်တို့ မလျှောက်ဝံ့ပါ။ ထိုသတင်းများကို စုံစမ်းရဲသည့် သတ္တိလည်း ကျနော်တို့တွင် မရှိပါ။ ကျနော်တို့ ဝေးဝေးက နေပါမည်။ ထမင်းကြမ်းကိုသာ ယပ်ခတ် စားလိုပါသည်။
ဇာတ်လမ်းများကို မှတ်တမ်း တင်ရေးသည် သံလွင်မြစ်၏ တာဝန်သာ ဖြစ်ပါသည်။
ဆိုင်ရာကြီးများနှင့် အလွမ်းသင့်ရေးသည် အခွင့်အရေးသမားများ၏ တာဝန်သာ ဖြစ်ပါသည်။
ကိုယ့်အိမ်ကိုယ် ပြန်ပြီး တိတ်တိတ် နေရေးသည် ကျနော်တို့၏ တာဝန်သာ ဖြစ်ပါသည်။
ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ထမ်းဆောင်ကြစတမ်းပါ ခင်ဗျား။ ။
၂၈၊ ၈၊ ၁၉၇၁၊ သတင်းဂျာနယ်
မှတ်ချက်။ ။ ပရသဖ – (မဆလ ခေတ်က ပြည်တွင်းရေကြောင်း သယ်ယူ့ပို့ဆောင်ရေး အဖွဲ့)
(သတင်းစာဆရာကြီး အထောက်တော် လှအောင် ရေးသားခဲ့သည့် ဤဆောင်းပါးကို ပုဂံ စာပေတိုက်က ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “ကျွန်တော်နှင့် သတင်း” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၂ ခုနှစ် ဧပြီလ ၇ ရက် အသက် ၅၆ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














