အကျဉ်းစံ ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူစိမ်းသဖွယ်ဖြစ်နေသော အကိုတော်စပ်သူ ဦးအောင်ဆန်းဦး အကြား ခါးသီးသော ဆက်ဆံရေးသည် ရန်ကုန်ရှိ ၎င်းတို့ မိသားစုနေအိမ်ကို တရားရုံးအမိန့်ဖြင့် မတ်လ ၂၀ ရက်နေ့တွင် လေလံတင်ပြီး ဝယ်ယူမည့်သူ မရှိသောအခါ ဖြေရှင်းရခက်သည့်ကိစ္စသစ် ဖြစ်လာသည်။
၁၉၈၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း စုစုပေါင်း ၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ် သုံးကြိမ်မှ လွတ်မြောက်ပြီးနောက် အားမာန်ပြည့်ဝသော မိန့်ခွန်းများပြောခဲ့သောကြောင့် ကမ္ဘာတွင် ကျော်ကြားသည့် သံချွန်တပ် ဂိတ်တံခါးများမှ နံနက် ၁၀ နာရီတွင် အရာရှိများ ထွက်လာကြသည်။
အရာရှိများသည် ခေါင်းလောင်းများ တီးသော်လည်း ဝယ်ယူမည့်သူမတွေ့ဘဲ လျှို့ဝှက်ရဲများက စံလုပ်ထုံးလုပ်နည်းအရ ဓာတ်ပုံရိုက်ယူခြင်းခံရသည့် သတင်းထောက်များကိုသာ တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် ဆယ်ကျော်သက်အရွယ် အင်္ဂလိပ် မက်သဒစ် အထက်တန်းကျောင်း ကျောင်းနေဖက်တဦး မျှော်လင့်ထားသည့် စစ်ခရိုနီ ဝယ်ယူသူများလည်း ရောက်မလာကြပေ။
“လှပတဲ့ အဆောက်အအုံတခုပဲ။ သစ်သားလက်ရာတွေ အရမ်းကောင်းတယ်။ အခိုင်အမာ ကျွန်းသစ်တွေ။ ဒါပေမယ့် အရေးကြီးဆုံးကတော့ မြေပဲ။ ဟိုတယ်ဖြစ်ဖြစ် တခြားတခုခုဖြစ်ဖြစ် သူတို့ဆောက်ချင် ဆောက်နိုင်တယ်” ဟု Nikkei Asia သို့ ၎င်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယသား ကင်မ်အဲရစ် (ခ) ကိုထိန်လင်းသည် ထိုအိမ်တွင် တနှစ်ကျော်ခန့် နေထိုင်ခဲ့ဖူးပြီး မိခင်နှင့်အတူ ထိုအိမ်တွင် ရှားရှားပါးပါး နေထိုင်ခဲ့ရသည့် အမှတ်တရများကို တန်ဖိုးထားသည်။ ထိုသို့ လေလံတင်ရောင်းချမှု မအောင်မြင်ခြင်းကို သူက ကြိုဆိုသည်။
“လေလံတင်တာကို နောက်လည်း ဘယ်သူမှ လာဝယ်မှာ မဟုတ်ဘူး၊ အမေ ရည်ရွယ်တဲ့အတိုင်း အဘွားအမည်နဲ့ တည်ထောင်ထားတဲ့ ပရဟိတဌာနအဖြစ် အနာဂတ်မှာ အသုံးပြုလို့ ရမယ်လို့ ကျနော်မျှော်လင့်တယ်။ အမှတ် ၅၄ တက္ကသိုလ် ရိပ်သာလမ်းကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရဲ့ အစိတ်အပိုင်းအဖြစ် အမေသုံးချင်တယ်ဆိုတာ ကျနော်သိတယ်” ဟု လန်ဒန်ရှိသူ၏နေအိမ်မှ Nikkei Asia သို့ ပြောသည်။
“မွေးချင်းတွေအကြားမှာ ဒီလိုကိစ္စမျိုးတွေဖြစ်ရတာ ဝမ်းနည်းစရာကောင်းတယ်။ ဒါပေမယ့် ဒီကိစ္စရဲ့နောက်မှာ စစ်တပ်က အကြီးအကျယ်ရှိနေပြီး အမေ့ဘဝ ခက်ခဲအောင် ကြိုးစားလုပ်ဖို့ ကျနော့် ဦးလေးကို အားပေးနေတယ်လို့ ကျနော် အမြဲတမ်း သံသယရှိတယ်” ဟုလည်း သူပြောသည်။
“လေလံတင်တာကို နောက်လည်း ဘယ်သူမှ လာဝယ်မှာ မဟုတ်ဘူး၊ အမေ ရည်ရွယ်တဲ့အတိုင်း အဘွားအမည်နဲ့ တည်ထောင်ထားတဲ့ ပရဟိတဌာနအဖြစ် အနာဂတ်မှာ အသုံးပြုလို့ ရမယ်လို့ ကျနော်မျှော်လင့်တယ်။ အမှတ် ၅၄ တက္ကသိုလ် ရိပ်သာလမ်းကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရဲ့ အစိတ်အပိုင်းအဖြစ် အမေသုံးချင်တယ်ဆိုတာ ကျနော်သိတယ်”
ဦးအောင်ဆန်းဦးနှင့် ကိုယ်တိုင်ဆုံဖူးသည်ဟု အဲရစ် မှတ်မိခြင်း မရှိသော်လည်း သူ့ဦးလေး၏ သံသယဖြစ်ဖွယ် ပူးပေါင်းကြံစည်မှုသည် ဒုဗိုလ်ချုပ်ကြီး ခင်ညွန့်ခေတ် ၁၉၉၀ ပြည့်နှစ်များကပင် စတင်ခဲ့သည်။ ထိုစစ်ထောက်လှမ်းရေး အကြီးအကဲသည် ၂၀၀၃ ခုနှစ်တွင် တနှစ်ကြာမျှ ဝန်ကြီးချုပ် ဖြစ်လာပြီး အသက် ၈၄ နှစ်အရွယ်တွင် မှတ်ဉာဏ်လျော့ပါးသည့် ရောဂါခံစားနေရသည်ဟု သတင်းများတွင် ဖော်ပြကြသည်။
စစ်တပ်နှင့် ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို မကောင်းကြံသည့် ဦးအောင်ဆန်းဦးနှင့် သူ၏ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်းတို့၏ အကြံအစည်ကို မြန်မာလူမှုကွန်ရက်တွင် ကျယ်ပြန့်စွာ တွေ့ရသည်။ ထိုအချက်ကို ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေးဟောင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး အကျဉ်းသားဖြစ်ခဲ့သူ ဒေါက်တာ ရှောင်တာနဲလ်ကလည်း ထပ်မံ အတည်ပြုသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး အကိုဖြစ်သူဟာ စစ်အုပ်စုအဆက်ဆက်ရဲ့ အသုံးချခံတခု ဖြစ်နေတယ်။ ပြဿနာကို ပိုမိုရှုပ်ထွေးအောင် လုပ်တာသက်သက်ပဲ” ဟု ဒေါက်တာ တာနဲလ်က Nikkei Asia သို့ ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းသည့် အချိန်မှစတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဌာနချုပ် နေပြည်တော် အနောက်တောင်ဘက် အစွန်းရှိ ကြွက်ပေါသော ထောင်တွင် တဦးတည်း ချုပ်နှောင်ထားပြီး နိုင်ငံရေး မလုပ်နိုင်အောင် လုပ်ထားသည်။
သူ့ကို မည်သည့် ဧည့်သည်မှ တွေ့ခွင့်မရသလို ရှေ့နေများနှင့်လည်း တွေ့ခွင့်မပေးပေ။ သူ့အတွက် ထိုအခြေအနေမှ ကင်းလွတ်ခွင့်ရသည့် တိုတောင်းသော အချိန်မှာ လွန်ခဲ့သောနှစ်က ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စတာ ဒွန်ပရာမွတ်ဝီနိုင်းနှင့် တွေ့ဆုံချိန်ဖြစ်ပြီး သူ့ကို ချထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လျှော့ချလိုက်သည်။ အသက် ၇၈ ရှိပြီးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အတွက် အသေးအဖွဲမျှသာ ဖြစ်သည်။
သူ့ကိုလွှတ်ပေးလျှင် သူသည် အိုးမဲ့အိမ်မဲ့လည်း ဖြစ်ဦးမည်။ အာဏာမသိမ်းမီက ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့၏ အမည်မခံသော ခေါင်းဆောင်အဖြစ် နေပြည်တော်တွင်သာ အနေများပြီး အစိုးရက စီစဉ်သည့် နေရာထိုင်ခင်းတွင် နေထိုင်သည်။
၁ ဒသမ ၉ ဧက ကျယ်သော ထိုမြေကွက်ကို မောင်နှမ နှစ်ယောက်ခွဲယူပြီး နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ပိုင်ဆိုင်ရန် ရန်ကုန်မှ တရားရုံးတခုက ၂၀၁၆ ခုနှစ်တွင် ဆုံးဖြတ်သည်။ သို့သော် ဇန်နဝါရီလတွင် မြန်မာတရားရုံးချုပ်သည် ခြောက်နှစ်ကြာသည့်တိုင် မဆုံးဖြတ်နိုင်သည့်အမှုကို စဉ်းစားသုံးသပ်မှုများ ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည် လိုလားသော အောက်တရားရုံး ဆုံးဖြတ်ချက်အား ပြန်လည်သုံးသပ်ကာ ထိုသမိုင်းဝင်ခြံကို လေလံတင်ရမည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုခြံဝင်း၏ ကြမ်းခင်းဈေးမှာ ကျပ် ၃၁၅ ဘီလီယံ (ကျပ်သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်း) ဖြစ်ပြီး ထိုစဉ်က အပြိုင်ပေါ်နေသည့် ငွေလဲနှုန်း ဈေးကွက်ပေါက်ဈေးအရ အမေရိကန် ဒေါ်လာ သန်း ၉၀ တန်သည်။ ထိုပြင်ပငွေလဲနှုန်း ဈေးကွက်သည် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ပေါ်လာသည့် ဈေးကွက်ဖြစ်သည်။ ထို့နောက် လေလံတင်မည့်နေ့ အသိပေးအကြောင်းကြားစာကို အိမ်ပြင်ပတွင် ကပ်ထားသည်။

“စစ်တပ်ကိုယ်တိုင်နဲ့ သူတို့ရဲ့ ခရိုနီတချို့ကလွဲပြီး တခြားတယောက်ယောက် ဒီအိမ်ကို လာဝယ်မှာ မဟုတ်သလို ဘယ်သူမဆို လက်ရှောင်မှာပဲ” ဟု မအောင်မြင်သော လေလံပွဲမတိုင်မီ အချိန်အနည်းငယ်အလိုတွင် ကင်မ် အဲရစ်က Nikkei Asia သို့ ပြောသည်။
ဦးအောင်ဆန်းဦးနှင့် ဆက်ဆံရေး အဆင်မပြေခြင်းသည် ၁၉၇၂ ခုနှစ်ကပင် ဖြစ်လောက်သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဘာသာအကြောင်းကို အလေးအနက် စိတ်ဝင်စားသည့် ဗြိတိန်ပညာရှင် မိုက်ကယ်အဲရစ်နှင့် အိမ်ထောင်ပြုသည်။ လန်ဒန်မှ မင်္ဂလာဆောင် အခမ်းအနားသို့ ဦးအောင်ဆန်းဦး တက်ရောက်ခြင်း မရှိဘဲ မြန်မာလူ့အဖွဲ့အစည်းအတွင်း နိုင်ငံခြားသားနှင့် လက်ထပ်ခြင်း၊ အထူးသဖြင့် မြန်မာကို ၁၉၄၈ ခုနှစ်အထိ ကိုလိုနီပြုထားသည့် ဗြိတိန်နိုင်ငံသားနှင့် လက်ထပ်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် မလိုလားသည့် သဘောထားကို ထင်ဟပ်ခြင်း ဖြစ်နိုင်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်သည်လည်း မင်္ဂလာဆောင် အခမ်းအနား တက်ရောက်ခြင်း မရှိသော်သည့်တိုင် နှစ်များကြာလာသောအခါ ဗြိတိန်နိုင်ငံသား သားမက်ကို လက်ခံလာပြီး သူ၏မြေးများဖြစ်သော အလက်ဇန္ဒားနှင့် ကင်မ်ကို အလွန်ချစ်သည်။
ဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ်၊ ဇူလိုင်လတွင် လေဖြတ်ပြီးနောက် ဒီဇင်ဘာလ၌ ထိုအိမ်တွင်ပင် ကွယ်လွန်သည်။ ထိုသို့ လေဖြတ်သောကြောင့် အိန္ဒိယ၊ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု၊ ဘူတန်နှင့် ဂျပန်တို့တွင် ၂၈ နှစ်ကြာနေခဲ့သော ဒေါ်အောင်ဆန်းစုကြည် မြန်မာသို့ အမြဲတမ်း ပြန်လာရန် အကြောင်းဖန်ခဲ့သည်။
ဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ်၊ ဇူလိုင်လတွင် လေဖြတ်ပြီးနောက် ဒီဇင်ဘာလ၌ ထိုအိမ်တွင်ပင် ကွယ်လွန်သည်။ ထိုသို့ လေဖြတ်သောကြောင့် အိန္ဒိယ၊ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု၊ ဘူတန်နှင့် ဂျပန်တို့တွင် ၂၈ နှစ်ကြာနေခဲ့သော ဒေါ်အောင်ဆန်းစုကြည် မြန်မာသို့ အမြဲတမ်း ပြန်လာရန် အကြောင်းဖန်ခဲ့သည်။
ထိုနှစ်များက သူ၏ ရန်သူ အာဏာရှင် ဗိုလ်ချုပ် နေဝင်း၏ ခြံဝင်းနှင့် မဝေးသည့် အင်းလျားကန်စောင်းမှ နေအိမ်တွင် မိခင်ကို ပြုစုရင်း ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ အစောပိုင်းမှ စတင်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်က သွေးချောင်းစီး နှိမ်နင်းသည့် ဒီမိုကရေစီလှုပ်ရှားမှုတွင် မျောပါသွားသည်။ တနိုင်ငံလုံး အုံကြွမှုတွင် လူအနည်းဆုံး ၃,၀၀၀ သေဆုံးပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် မြို့တော်တွင် နောက်ထပ် လူ ၅၀၀ သေဆုံးသည်။ အများစုမှာ ကလေးများ အပါအဝင် လုယက်သူများ ဖြစ်သည်။
ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး တင်ဦးတို့သည် တက္ကသိုလ် ရိပ်သာလမ်း နေအိမ်စာကြည့်ခန်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို တည်ထောင်စဉ် ဒေါ်ခင်ကြည်သည် အနီးအောက်ထပ်ရှိ အခန်းတခုတွင် အားအင်ချိနဲ့လာနေပြီ ဖြစ်သည်။ ထို့နောက် NLD ဌာနချုပ်ကို အမှတ် ၄၄ တက္ကသိုလ်ရိပ်သာလမ်းသို့ ရွှေ့ပြောင်းသည်။
သို့သော် သံသယ ဖြစ်စရာမလိုသောကိစ္စမှာ မူလ ဗမာ့တပ်မတော်ကို တည်ထောင်ခဲ့ပြီး အခြား လှုပ်ရှားမှုများအပြင် ဗြိတိန်ထံမှ လွတ်လပ်ရေးရရန် ဦးဆောင်ခဲ့သော လွတ်လပ်ရေး အမျိုးသားသူရဲကောင်း ဗိုလ်ချုပ် အောင်ဆန်း၏ ကျန်ရစ်သူ ဇနီးနှင့် မိသားစု၏ ပရိဘောဂနည်းသော နေအိမ် အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း၏ သမိုင်းအရ အရေးပါမှုဖြစ်သည်။

ရန်ကုန်မှ ကိုလိုနီအမွေအနှစ်များနှင့် ရင်းနှီးကျွမ်းဝင်သည့် မြန်မာရင်းမြစ်တခု၏ ပြောကြားချက်အရ စည်းမျဉ်းစည်းကမ်းများသည် တစုံတရာ ရှင်းလင်းမှု မရှိသော်လည်း ထိုဒုတိယကမ္ဘာစစ် မတိုင်မီက နှစ်ထပ်အဆောက်အအုံ ဗြိတိန်ကိုလိုနီခေတ် ဗီလာကို ဝန်ကြီးချုပ် ဦးနု၏ အစိုးရက ဒေါ်ခင်ကြည်အား ၁၉၅၃ ခုနှစ်တွင် ပေးခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် လူလားမြောက်လာသည့် ခုနစ်နှစ်တာ ကာလအတွင်း ထိုအိမ်တွင် နေထိုင်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ် အသက် ၁၅ နှစ်အရွယ်တွင် မိခင်နှင့်အတူ အိန္ဒိယသို့ လိုက်ပါသွားသည်။ ဒေါ်ခင်ကြည်သည် ထိုစဉ်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်အပ်ခံရသည်။
၁၉၅၃ ခုနှစ်တွင် နေအိမ်ပြောင်းရွှေ့ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အထူးရင်နှီးသည့် အခြားအကိုဖြစ်သူ အောင်ဆန်းလင်း ရေနစ်သေဆုံးခြင်းနှင့် ဆက်စပ်နေသည်။ ထိုစိတ်ထိခိုက်စရာဖြစ်ရပ်မှာ ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံမခံရမီနေခဲ့သည့် တာဝါလိန်းလမ်းမှ မိသားစုနေအိမ်တွင် ဖြစ်ပွားသည်။
ဗိုလ်ချုပ် အောင်ဆန်းသည် ၁၉၄၇ ခုနှစ်၌ နိုင်ငံရေးပြိုင်ဘက်တဦးကြောင့် ကိုလိုနီ အုပ်ချုပ်ရေးအဆောက်အအုံ ဖြစ်သည့် အတွင်းဝန်ရုံးတွင် လုပ်ကြံသတ်ဖြတ်ခံရသည်။ ထိုသို့ ဆိုးရွားသောသမိုင်းကြောင့် ထိုအဆောက်အအုံကို ပြုပြင်တည်ဆောက်ရေးသမားများက ရှောင်ကျဉ်ကြသည်။
အခြားအလှည့်အပြောင်းတခုမှာ ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးလုံးတွင် အရေးပါသော နိုင်ငံသားပြဿနာ ရှိနေသည်။ ၁၉၇၈ ခုနှစ်က ဥပဒေတခုအရ နိုင်ငံခြားသားများအနေဖြင့် မရွေ့ပြောင်းနိုင်သော ပစ္စည်းကို မည်သည့်နည်းလမ်းဖြင့်မဆို ရယူပိုင်ဆိုင်ခြင်းကို တားမြစ်ထားသည်။
အခြားအလှည့်အပြောင်းတခုမှာ ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးလုံးတွင် အရေးပါသော နိုင်ငံသားပြဿနာ ရှိနေသည်။ ၁၉၇၈ ခုနှစ်က ဥပဒေတခုအရ နိုင်ငံခြားသားများအနေဖြင့် မရွေ့ပြောင်းနိုင်သော ပစ္စည်းကို မည်သည့်နည်းလမ်းဖြင့်မဆို ရယူပိုင်ဆိုင်ခြင်းကို တားမြစ်ထားသည်။
အသက် ၈၀ ရှိပြီဖြစ်သော ဦးအောင်ဆန်းဦးသည် အောင်မြင်သော အင်ဂျင်နီယာတဦးဖြစ်ပြီး ကယ်လီဖိုးနီးယားတွင် နေထိုင်ကာ အမေရိကန်နိုင်ငံသား ခံယူထားသည်။ သူသည် ဗြိတိန်မှ လန်ဒန်တွင် ဂုဏ်သိက္ခာကြီးမြင့်သည့် Imperial College မှ ဘွဲ့ရသည်။ မြန်မာတွင် အခြား အိမ်ခြံမြေများ ပိုင်ဆိုင်သည်ဟု ယူဆရသော်လည်း နိုင်ငံခြားသား ခံယူထားသောကြောင့် ထိုအိမ်ခြံမြေများ ကိုယ်တိုင်ပိုင်ဆိုင်ခြင်းကို ပိတ်ပင်ထားသင့်သည်။
သို့သော် ၁၉၉၉ ခုနှစ်တွင် ကျန်ရစ်သူ မုဆိုးမ ဖြစ်သွားသော်လည်း နိုင်ငံခြားသားတဦးနှင့် အိမ်ထောင်ပြုသောကြောင့် နိုင်ငံသားပြဿနာသည် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒုက္ခပေးသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံကူးလက်မှတ် ရရှိနိုင်သည့် မည်သည့် အခွင့်အရေးကိုမဆို ကြိုးပမ်းခြင်းရှိ၊ မရှိ သူ၏ ရန်သူများက မေးခွန်းထုတ်ကြသည်။
နောက်ဆုံးတွင် ထို ရှည်လျားလှသော မိသားစုသမိုင်းကြောင်းအရ မည်မျှ အရေးပါသည်ဖြစ်စေ မြန်မာတွင် တရားမျှတမှုအတွက် ပေးဆပ်ရသည့် တန်ဖိုးကြီးမားခြင်းကို သတိပေးသည့် ဇာတ်လမ်းတပုဒ် ဖြစ်သည်။
(Nikkei Asia ပါ Dominic Faulder ၏ Myanmar’s failed auction of Suu Kyi’s home creates conundrum ကို ဘာသာပြန်သည်။)
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်အိမ် ဝယ်သူမရှိဘဲ လေလံပျက်
ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ရှိ NLD ဆိုင်းဘုတ် ဖြုတ်ချခံရ
ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ
အာဏာရှင်အသစ်၊ ကစားကွက်အဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်














