ကမ္ဘာ့ ပျမ်းမျှ လေထုနှင့် သမုဒ္ဒရာ အပူချိန်များ တိုးမြင့်လာမှု၊ နှင်း နှင့် ရေခဲများ ကျယ်ပြန့်စွာ အရည်ပျော်လာမှု၊ ကမ္ဘာ့ ပင်လယ် ရေမျက်နှာပြင်များ မြင့်တက်လာမှု တို့ကို လေ့လာ ကြည့်လျှင် အထင်အရှား သိနိုင်လာသဖြင့် ရာသီဥတုများ ပြောင်းလဲမှုက မြင်သာလာသည်။
အရေးပေါ် ပူးပါင်း ဖြေရှင်းမှုများ မရှိလျှင် ကျွန်ုပ်တို့ ရှောင်မလွတ်နိုင်သည့် ကိစ္စရပ်ကြီး ၅ ခု ပေါ်ပေါက်လာမည် ဖြစ်သည်။
(က) ကမ္ဘာ့ ကမ်းရိုးတန်းတွေဟာ ပြင်းထန်တဲ့ မုန်တိုင်းတွေ၊ ဆိုက်ကလုန်းတွေနဲ့ ရေကြီးမှုတွေ တိုးပွားလာမှုကို ရင်ဆိုင် နေရပြီး ကမ်းရိုးတန်း ဒေသတွေဟာ ရေလွှမ်းမိုးမှုကြောင့် လူသန်းပေါင်း များစွာ နေရာ ရွှေ့ပြောင်းနေရမည်။
(ခ) ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာခြင်းမှ ပင်လယ် ရေငန်များ ကျူးကျော် ဝင်ရောက်ခြင်းကြောင့် ရေချို ရရှိနိုင်မှုနှင့် အရည်အသွေးကို ထိခိုက်စေနိုင်ပြီး ကမ္ဘာကြီးတွင် လက်ရှိ ရင်ဆိုင်နေရသော အခက်အခဲများကို ပိုမို ဆိုးရွားစေမည်။
(ဂ) ပိုမို ပူနွေးသည့် အခြေအနေက သစ်တောများ၊ ရေတိမ် ဒေသများနှင့် စားကျက်များကို ပြောင်းလဲစေပြီး၊ ကမ္ဘာ့ ဂေဟ စနစ် ပျက်စီးမှုကို ပိုမို ဆိုးရွားစေနိုင်ပြီး နောက်ဆယ်စုနှစ်များ အတွင်း နို့တိုက် သတ္တဝါ ၂၅ ရာခိုင်နှုန်း နှင့် ငှက် ၁၂ ရာခိုင်နှုန်းခန့် မျိုးတုန်း ပျောက်ကွယ် သွားနိုင်သည်။
(ဃ) စိုက်ပျိုးမြေများ နေရာ ရွှေ့ပြောင်းခြင်း နှင့် ကန္တာရ ဖြစ်ထွန်းလာမှုတို့ကြောင့် မြေဧက များစွာသည် သီးနှံများ စိုက်ရန်နှင့် စားကျက်များ အတွက် အဆင်မပြေ ဖြစ်လာမည်။
(င) ပိုမို ပူနွေး စိုစွတ်လာသော အခြေအနေများက ငှက်ဖျား ရောဂါနှင့် အသားဝါ ရောဂါတို့ ကဲ့သို့ ရောဂါမျိုးသစ်ပေါင်း များစွာ ပျံ့နှံ့မှု အရှိန် မြင့်တက်လာနိုင်သည်။
ကမ္ဘာကြီးအနေနှင့် ရာသီဥတု ပြောင်းလဲမှု ပြဿနာကို နည်းလမ်း နှစ်ခုဖြင့် ကိုင်တွယ်နိုင်ပါမည်။
(၁) အန္တရာယ်များသော ရာသီဥတု ပြောင်းလဲမှုများကို ရှောင်ရှားနိုင်ရန် အပူငွေ့များ လျှော့ချခြင်းဖြင့် ကျွန်ုပ်တို့၏ နည်းလမ်းများကို ပြောင်းလဲရမည် ဖြစ်သည်။ ဒါကို Climate Change Mitigation လို့ ခေါ်ပါသည်။
(၂) ကျွန်ုပ်တို့ ကိုယ်တိုင်နှင့် ပိုင်ဆိုင်မှုများကို ရာသီဥတု ပြောင်းလဲခြင်း အန္တရာယ်မှ ကာကွယ်ရမည် ဖြစ်သည်။ ယခု အချိန်တွင် အချို့ ရာသီဥတု ပြောင်းလဲမှုများမှာ ရှောင်လွှဲ၍ မရနိုင်တော့ပေ။
ထိုအရာကို Climate Change Adaptation ဟု ခေါ်သည်။
သက်သာအောင် ပြုလုပ်ခြင်းတွင် ကျွန်ုပ်တို့သည် အခြား ပျက်စီး ဆုံးရှုံးမှုများကို ရှောင်ရှားရန် စွမ်းအင် အသုံးပြုပုံ နည်းလမ်းကို ပြောင်းလဲရမည် ဖြစ်သည်။
လိုက်လျော ညီထွေ ဖြစ်အောင် ပြုလုပ်ခြင်း၌ ကျွန်ုပ်တို့တွင် ဖြစ်ပွားခဲ့ပြီးသော အပျက်အစီးများမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမည် ဖြစ်သည်။
ဥပမာ သစ်တော ပြုန်းတီးခြင်းကို ရပ်တန့်ရန် ဖြစ်သည်။ ကျွန်ုပ်တို့၏ သစ်တောများမှာ ကာဗွန်ဒိုင် အောက်ဆိုဒ် (CO2) ထုတ်လွှတ်မှုကို ထိန်းပေးထားသဖြင့် အဖိုး မဖြတ်နိုင်ပေ။
ကံမကောင်းခြင်းက ဖန်လုံအိမ် ဓာတ်ငွေ့များ ဖြစ်ပေါ်စေသော ကမ္ဘာ့ ကာဗွန် ဖြစ်တည်မှု၏ ၂၀ ရာခိုင်နှုန်း အထိသည် သစ်တော ပျက်စီး ပြုန်းတီးမှုကြောင့် ဖြစ်ပေသည်။
ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ (FAO) ၏ ခန့်မှန်းချက်အရ ကမ္ဘာလုံး အနှံ့ သစ်တော ဆုံးရှုံးမှု ပမာဏ နှစ်စဉ် ဟက်တာ ၁၃ သန်းခန့် ရှိနေပြီး ယင်းပမာဏသည် အကြမ်းအားဖြင့် ဆွစ်ဇာလန် နိုင်ငံ၏ ပမာဏလောက် ရှိကာ နှစ်စဉ် CO2 မက်ထရစ်တန် သန်းပေါင်း ၁၆၅၀ ခန့် ထုတ်လွှတ်လျက် ရှိသည်။ ။
(ဤစာစုကို စိမ်းရောင်စို စာပေက ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “ကမ္ဘာမြေ ချစ်သူ ဆရာကြီး ဦးအုန်း” ပထမအကြိမ် စာအုပ်တွင် ပါရှိသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဆရာကြီး ဦးအုန်း ပြုစုထားသော “ကမ္ဘာလုံး ဆိုင်ရာ ပူနွေးမှု၊ ရာသီဥတု ပြောင်းလဲမှု နှင့် မြန်မာနိုင်ငံ လုပ်ဆောင်ရမည့် ကဏ္ဍ” စာတမ်းမှ ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက် အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ ပါသည်။)