ရိုးသား ဖြောင့်မတ်ခြင်း တန်ဖိုးကို မဖြတ်တတ်သော နိုင်ငံသည် ကြီးပွားတိုးတက်သော နိုင်ငံ ဖြစ်ဖို့ရာ ဝေးသေးသည်။
ဤလောက လူ့ဘောင်ကို တည်ဆောက်ရာ၌ လူတိုင်းလူတိုင်း အေးချမ်းသာယာစွာဖြင့် မိမိအလုပ်ကို မိမိ အနှောင့်အယှက် မရှိ လုပ်ကိုင်၍ နေထိုင် စားသောက်ရန် အလိုရှိကြသည်။
ဤအလိုကို ပြည့်ဝအောင် ရိုးသား ဖြောင့်မတ်ခြင်းကို အခြေခံရမည် ဖြစ်သည်။
သို့သော် ယနေ့ ကမ္ဘာသူ ကမ္ဘာသားတို့၏ လုပ်ပုံ ကိုင်ပုံကို ကြည့်လျှင် လွတ်လပ်ခြင်း၊ တရား မျှတခြင်း တည်းဟူသော စကားတို့ကို တဖွဖွ ပြောနေကြသော်လည်း ရိုးသား ဖြောင့်မတ်သည့် စေတနာ ချို့တဲ့ခြင်းကြောင့် လွတ်လပ်ခြင်းနှင့် တရား မျှတခြင်း တို့သည် အဘယ်အရပ်၌ ချောင်ခိုနေကြသည်ကိုပင် ကျွန်ုပ်တို့ မသိရှိနိုင် ရှိချေသည်။
ရိုးသား ဖြောင့်မတ်ခြင်း လမ်းစဉ်သည်သာလျှင် အောင်မြင်ကြောင်း လမ်းစဉ် ဖြစ်သည်။
ရှေးခေတ်က ကျွန်ုပ်တို့သည် လွတ်လပ်ရေး ကြိုးပမ်းမှု အမျိုးမျိုးတို့ကို ဆောင်ရွက်ခဲ့ကြသည်။ မြန်မာတို့သည် လွတ်လပ်မှုကို အလွန် ကြိုက်နှစ်သက်သော လူမျိုးဖြစ်သည်။
ထို့ကြောင့် ရှေးခေတ် လွတ်လပ်ရေး ကြိုးပမ်းမှု၌ “တို့ မြန်မာတွေ လွတ်လပ်ဖို့ဟေ့” ဟု ညာသံ ပေးလိုက်လျှင် လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် ဝိုင်း၍ လာကြသည်။ မြန်မာ့ စည်းလုံး ညီညွတ်မှုသည် တခဲနက် ဖြစ်လာကြသည်။
သို့သော် စည်းလုံး ညီညွတ်မှု အင်အား အထွတ်အထိပ်သို့ ရောက်လာသော အခါ စည်းဖောက်လာကြသည်။ ထိုအင်အားကို ယူ၍ ဆက်ကြေး ဘုံးသောသူ၊ ကုမ္ပဏီ အစုရှယ်ယာ အပျောက်ရိုက်သူ၊ ရာထူး ရအောင် ကြံဆောင်သူ၊ လူစုပြီးလျှင် အခွင့်အရေး ရှာသူတို့ ပေါ်ပေါက်လာခဲ့သည်။ လွတ်လပ်ရေး ကြိုးပမ်းရန် စည်းရုံးသူတို့သည် တကိုယ်ကောင်းသမားများကို မတော်လှန်နိုင်ကြချေ။
ထို့ကြောင့် ၎င်းတို့လည်း လုံးပါးပါးလာပြီးလျှင် အများတကာနှင့် ရောနှော၍ ဆက်ကြေးစားလာကြသည်။ ကုမ္ပဏီ ဖွဲ့ကာ အစုရှယ်ယာ အပျောက်ရိုက်ကြသည်။ ရာထူးရာခံ ရဖို့ကိုသာ ရည်ရွယ်လာကြသည်။ အခွင့်အရေးတို့ကို လူစု၍ ဝိုင်းအုပ် ကြသည်။ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကို ပြန်ကြည့်လျှင် ဤအခြင်းအရာတို့ကြောင့် မြန်မာ တမျိုးလုံးသည် နယ်ချဲ့ ပရိယာယ်ထဲသို့ သက်ဆင်း ခဲ့ကြရသည်ချည်းပင် ဖြစ်သည်။
အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲမှု ပေါ်ပေါက်လာသော အခါ ဟုမ္မရူး၊ ဒိုမီနီယန်၊ ကိုယ်ပိုင် အုပ်ချုပ်ရေး အစရှိသဖြင့် အပြောကြီးခဲ့ သူတို့သည် ဒိုင်အာခီ ခေါ် ဒွိ သန္တက အုပ်ချုပ်ရေး အမြစ်တွယ်အောင် နယ်ချဲ့အား အထောက်အပံ့ ပြုခဲ့ကြသည်။ မြန်မာနိုင်ငံ အတွက် အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲမှုများ ပေါ်လာသော အခါ ၉၁ ဌာန အုပ်ချုပ်ရေးကိုပင်လျှင် နယ်ချဲ့ အကြိုက် ထောက်ခံလာကြရသည်။ လွတ်လပ်ရေး ကြိုးပမ်းမှု သဘောကို မျက်ခြည် ပြတ်လာကြသည်။

ဤသည်တွင် မရိုး မဖြောင့်သော နိုင်ငံရေးသည် မြန်မာ့ လူ့ဘောင်ကို လှိုက်၍ လှိုက်၍ စားလာလေသတည်း။
ထိုကဲ့သို့သော အချိန်အခါမျိုးတွင် ရွေးကောက်ပွဲတခု လုပ်တော့မည်ဟု ဆိုလျှင် ရပ်ထဲရွာထဲတွင် ပိုက်ဆံကြောင့် လူရာ ဝင်နေသောသူ၊ ကာလသားခေါင်း လုပ်နေ၍ အများက ကြောက်ရွံ့နေရသူ၊ စွာကျယ် စွာကျယ် လုပ်တတ်၍ လူတွင်ကျယ် ဖြစ်ရသောသူ၊ မင်းကပ် စိုးမြှောင် လုပ်၍ ထမင်းစားနေရသောသူ၊ ဤသူ ထိုသူ တည်းဟူသော လူ့ဗာလ၊ လူ့ အန္ဓ၊ လူ့ သုည တို့သည် လူထုကို ဒလိန့်ခေါက်ကွေး လိမ့်အောင် လှိမ့်ကြသည်။
အချို့က တိုင်းပြည် အတွက် မည်မျှလောက် ချစ်ပါသည်ဟု ဆို၍ ငိုပြကြသည်။ လူထုသည် နိုင်ငံရေး ဇာတ်သမား အလွမ်းသယ်သည်ကို အဟုတ်မှတ်၍ လွမ်းကြသည်။ အချို့က တိုင်းပြည် အတွက် မည်မျှလောက် ချစ်ပါသည်ဟု ဆို၍ လက်သီးလက်မောင်း တန်းကာ နယ်ချဲ့ကို ဆဲဆို ကြိမ်းမောင်းသည်။
လူထုသည် နိုင်ငံရေး ဝဿက ပုဏ္ဏားကို အာဇာနည်ဟု ထင်မှတ်၍ ရောယောင်ကာ ရေရွတ် ဆဲရေးကြသည်။ နောက်ဆုံး၌ အလွမ်းသယ်မိသော လူထုသည် နိုင်ငံရေး ဇာတ်သမားက အုပ်စားသွားသောကြောင့် တကယ်ပင် ငိုရသော ကိန်းသို့ ဆိုက်ခဲ့သည်။
နိုင်ငံရေး ဝဿက ပုဏ္ဏား မြှောက်ပင့်ပေးသည်ကို လိုက်၍ လုပ်မိသော လူထုသည် နယ်ချဲ့သမား နံပါတ် တုတ်ကြောင့် ထိပ်ပေါက် ခေါင်းကွဲ ဖြစ်ရပြီးလျှင် ဆေးရုံကိုမျှပင်လျှင် မတက်နိုင်သောကြောင့် ထုံး၊ နနွင်းနှင့် အနာကို သိပ်ပြီး ကျိတ်ကု ရသည်။
ငိုပြသော ခေါင်းဆောင်နှင့် ဖိန့်ဖိန့်တုန်အောင် ကြိမ်းမောင်းသော ခေါင်းဆောင်တို့ကား နယ်ချဲ့ထံပါးတွင် ပြားပြားဝပ်ကာ လခကို ယူကြသည်။ ဤကဲ့သို့ မရိုးမဖြောင့်သောသူတို့ နိုင်ငံရေး နယ်ပယ်ထဲတွင် လူတွင်ကျယ် လုပ်လာခြင်းတို့ကြောင့် မြန်မာ လူ့ဘောင် လောကထဲတွင် အလုပ်သမား၊ လယ်သမား ပြဿနာ တို့သည် ထွင်း၍ ထွင်း၍ စားလာသည်။
ကိုယ်ပိုင် အုပ်ချုပ်ရေးကို တစတစ ရအောင် တိုက်ပွဲဆင်မည်ဟု အသံဗလံ ပေးနေချိန်တွင် ချစ်တီးတို့သည် မြန်မာ့ လယ်ယာ ချောင်းမြောင်းတို့ကို တခုပြီးတခု သိမ်းနေသည်။ ဗြိတိသျှ အရင်းရှင်တို့သည် မြန်မာ့ သယံဇာတ ပစ္စည်းများကို တခုပြီးတခု ထုတ်နုတ်ယူနေသည်။
ထို့ကြောင့် လယ်ခွန်တော် မပေးရေး၊ လူမျိုးရေး အဓိကရုဏ်း၊ အလုပ်သမား သပိတ်၊ တောင်သူ လယ်သမား သူပုန် ဟူ၍ တခုပြီးတခု ပေါ်ပေါက်လာသည်။ ဤသို့ ပေါ်ပေါက်လာရပါသော်လည်း အုပ်ချုပ်သူ ဗြိတိသျှတို့သည် နယ်ချဲ့အတွက် မသာခေါင်းလောင်း ထိုးသံကို မကြားမိချေ။
ကြက်မကြီးသည် ကြက်ကလေးကို လှည့်စားဘိသကဲ့သို့ မရိုးမဖြောင့်သူတို့၏ အကြားဝယ် လှည့်စားခြင်းကို သာလျှင် ဖိ၍ လုပ်နေသည်။ ဤအခြေတွင် နိုင်ငံရေး ရေစုန် မျောလာပြီကို သိရှိသော ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် နိုင်ငံချစ် လူငယ်တသိုက် ပေါ်ထွန်းလာခဲ့သည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံတွင် ကိုယ်ထိ လက်ရောက် ဆောင်ရွက်ရသော တော်လှန်ရေးကြီးသည် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။
ဗိုလ်ချုပ် ကိုယ်ထိ လက်ရောက် လုပ်ခဲ့သော တော်လှန်ရေးသည် အောင်မြင်ခဲ့သည်။ ယနေ့ ကျွန်ုပ်တို့သည် ဗိုလ်ချုပ်၏ အောင်မြင်မှုကို အရင်းအနှီးပြု၍ စားသောက်နေကြသည် မဟုတ်လော။
ဗိုလ်ချုပ်သည် တော်လှန်ရေးမှ ထွက်သော အမြတ်တို့ကို တပြားတချပ်မှ မခံစားခဲ့ရ၊ မခံစားရသည့် အပြင် လူ့ဗာလ တို့၏ လုပ်ကြံခြင်းကိုပင် ခံလိုက်ရသေးသည်။ သို့သော် ကျန်ရစ်ခဲ့သော ကျွန်ုပ်တို့သည် ဗိုလ်ချုပ် မစားဘဲ စွန့်သွားသော အရာတို့ကို ရေရှည်၌ ဝဝလင်လင် စားနိုင်ဖို့ရာ ဗိုလ်ချုပ်၏ လုပ်ပုံ လုပ်နည်းတို့ကို နားလည်အောင် လေ့လာသင့်သည်။
ဗိုလ်ချုပ်၏ တော်လှန်ရေးသည် အထမြောက်ခဲ့သည်။ အဘယ့်ကြောင့် အထမြောက်ခဲ့သနည်း။
ဗိုလ်ချုပ်သည် လူထုက အလွမ်းကြိုက်သောအခါ လူထု လွမ်းရအောင် ငိုပြခြင်းကြောင့် အောင်မြင်ခဲ့သလော။ လူထုက အကြမ်းကြိုက်သည့် အခါ နိုင်ငံရေး ပတ်ကြမ်းတိုက်၍ ပြခြင်းကြောင့် အောင်မြင်ခဲ့သလော။
ရှေးက နာမည်ကျော် နိုင်ငံရေး ခေါင်းဆောင်တို့ အများပင် ထွန်းကားခဲ့၏။
ထိုခေါင်းဆောင်တို့သည် လူထုကို ငိုအောင်၊ ရယ်အောင်၊ လက်သီး လက်မောင်း တန်းအောင်၊ ပုဏ္ဏက တိုက်အောင် အမျိုးမျိုး ဖန်တီးနိုင်သော အရည်အချင်း ရှိ၏။ ဖွင့်ပြော၍ မကောင်းသောကြောင့်သာ ကျနော် မပြောလို။ ကျနော် ငယ်စဉ်က လူထုကို တထိုင်တည်း ငိုအောင် ရယ်အောင် လုပ်ခဲ့သော နိုင်ငံရေး ခေါင်းဆောင်ကြီး တဦးကို တွေ့ဖူးသည်။
ထိုခေါင်းဆောင်ကြီးသည် မီးရထားတွဲတခုတွင် သူ၏ နောက်လိုက် နောက်ပါ ကပ္ပားယပ်စား တိူ့နှင့်အတူ စားလား သောက်လား ပျော်ပျော်ရွှင်ရွှင် ခရီးသွားနေစဉ် မီးရထားသည် သူ၏ မဲဆန္ဒရှင် လူထုရှိရာ ဘူတာသို့ ဆိုက်ရောက် လာသည်။
ထိုအခါ တဟားဟား နှင့် ရယ်မောနေသော ခေါင်းဆောင်ကြီးအား လက်ပါးစေ တဦးက ခေါင်းဆောင်ကြီး၏ မဲဆန္ဒနယ်ထဲ သို့ ရောက်လာပါပြီ သတိပေးသည်။
ထိုခေါင်းဆောင်ကြီးသည် ရယ်မောနေရာမှ ရုတ်တရက် ရပ်၍ မီးရထားထဲမှ ခေါင်းပြူ ထွက်ပြီးလျှင် ၎င်း၏ မဲဆန္ဒရှင် များအား သူ၏ လွတ်လပ်ရေး ကြိုးပမ်းမှု ခရီး ကြမ်းတမ်းလှသည်နှင့် မျက်ရည် ကျမိကြောင်း ဟောပြောရင်း နှုတ်ဆက်သည်။
ခေါင်းဆောင်ကြီး၏ မျက်စိထဲမှ မျက်ရည်တို့သည် ပုလင်းထဲမှ လက်ကျန် ဝီစကီ တောက်တောက် တောက်တောက် ကျဆင်းဘိ သကဲ့သို့ ကျဆင်းလာလေ၏။ ဤနည်းဖြင့်လျှင် ခေါင်းဆောင်ကြီးသည် ရွေးကောက်ပွဲ၌ အောင်မြင်မှုကို ရခဲ့သည်။
တော်လှန်ရေး၌ ဗိုလ်ချုပ် အောင်မြင်သည်မှာ ဤသမားရိုးကျ နည်းဖြင့် ရခဲ့ပါသလော။
စင်စစ် ကျနော်သည် တက္ကနယဖြင့် ဗိုလ်ချုပ်၏ လုပ်ငန်းကို ဆန်းစစ်နေခြင်း ဖြစ်၍ ဤသို့ မေးရခြင်း ဖြစ်၏။
ယခု ကျနော် ဤသို့ မေးလိုက်သည်ကိုပင် ဗိုလ်ချုပ်အား ချစ်မြတ်နိုးသူတို့က ကျနော်သည် ဤကဲ့သို့ မနှိုင်းယှဉ်အပ်သော နှိုင်းယှဉ်ချက်တို့ဖြင့် ဤစာကို ရေးနေရသလောဟု စိတ်ဆိုးမိကြပေလိမ့်မည်။
ဗိုလ်ချုပ်၏ တော်လှန်ရေး အောင်မြင်သည်မှာ အခြားကြောင့် မဟုတ်။ ဗိုလ်ချုပ်သည် လူထုအား လှည့်ဖြားသော မရိုးမဖြောင့်သည့် ဆောင်ရွက်ပုံ ဆောင်ရွက်နည်းတို့ကို တော်လှန်နိုင်ခြင်းကြောင့် ဖြစ်သည်။
ဗိုလ်ချုပ်သည် ဗြိတိသျှကို ဂျပန်ဖြင့် တော်လှန်၏။ ဂျပန်ကို ဗြိတိသျှဖြင့် တော်လှန်၏။
ဤသည်ကို အချို့က ဂျပန်အား ပင့်ဖိတ် ခေါ်ဆောင်လာခြင်းကြောင့် ဗိုလ်ချုပ် မှားသည်ဟု ဆိုသည်။ ဗြိတိသျှ ဗိုလ်ချုပ်ကို သစ္စာဖောက်ဟူ၍ပင် ရေရွတ်ကြသေးသည်။ ဗိုလ်ချုပ် သစ္စာဖောက်သည်ဟု ဆိုရအောင် ဗိုလ်ချုပ်သည် အဘယ်မည်သော ဗြိတိသျှကို သစ္စာခံခဲ့ပါသနည်း။ အဘယ်မည်သော ဂျပန်ကို သစ္စာ ခံခဲ့ပါသနည်း။ ဗိုလ်ချုပ် သစ္စာခံသည်မှာ ကျွန်ုပ်တို့၏ မြန်မာနိုင်ငံကိုသာ ဖြစ်သည်။
ထို့ကြောင့် ဗိုလ်ချုပ်တို့၏ လုပ်နည်း လုပ်ဟန်ကို အပြစ် ဆိုဖွယ်ရာ မမြင်။ နယ်ချဲ့အောက်မှ လွတ်မြောက်အောင် တော်လှန်သည့် အရာတွင် အဘယ်မည်သော နယ်ချဲ့ကို သစ္စာစောင့်ရပါမည်နည်း။
သို့သော် ဤနေရာ၌ ကျနော်သည် စွဲချက်တို့ကို ခွန်းထောက်ခံ၍ ဖြေရှင်းဖို့ရာ ရည်ရွယ်ရင်း မဟုတ်။
ဗိုလ်ချုပ်ကို မှားသည်ဟု ဆိုဆို၊ မှန်သည်ဟု ဆိုဆို၊ ဆိုချင်ရာ ဆိုကြစေ။ သို့သော် ဗိုလ်ချုပ်သည် သူ့အမှားတို့ကို ဖုံးကွယ်ရန် လည်းကောင်း၊ သူ့ အမှန်တို့ကို ပုံကြီးချဲ့ကြစေရန် လည်းကောင်း၊ လူထုကို လှည့်ဖြား၍၊ မရိုးမဖြောင့်သော နိုင်ငံရေး အလုပ်ကို မလုပ်ခဲ့သည်မှာ အများသိပင် ဖြစ်သည်။
ဗိုလ်ချုပ်သည် ဂျပန်ကို ခေါ်ထုတ်လာသော အခါ သူခေါ်ထုတ်နိုင်ရန် အလို့ငှာ လူထုအား လှည့်ပတ် ဖြားယောင်းခြင်း မပြု။ ရိုးရိုးပင် ယုံယုံကြည်ကြည်နှင့် ခေါ်ဆောင်လာသည်။
ထို့ကြောင့်လည်း တော်လှန်ရေးကို ယုံကြည်သော မြန်မာ တမျိုးသားလုံးက ဗိုလ်ချုပ် ဂျပန်ကို ပင့်လာသဖြင့် ငါတို့ ဆွေမျိုးတတွေ ပစ္စည်း ဆုံးပါးရပါသည်၊ အသက်သေရပါသည် ဟူ၍ မပြောကြချေ။
လွတ်လပ်ရေး အလို့ငှာ တော်လှန်ရေး ယဇ်ပလ္လင်၌ ဗိုလ်ချုပ်ကိုပင် အမှူးထား၍ အသက်သွေးခဲတို့ကို ပူဇော်ခဲ့ကြသည်။ တစုံတရာမျှ မညည်းတွားခဲ့၊ တစုံတရာမျှ မတုန်လှုပ်ခဲ့။
ထို့နောက် ဗိုလ်ချုပ်သည် သူခေါ်ဆောင်လာသော ဂျပန် ဖက်ဆစ်တို့သည် မြန်မာ့အပေါ် သစ္စာ မဲ့လာသည်ကို တွေ့ခဲ့သည်။
ထိုအခါ၌လည်း ဗိုလ်ချုပ်သည် သူကြီးပွား တိုးတက်၍ ကျော်ဇောကိတ္တိ ရှိပါစေ ဟူသော စေတနာနှင့် သူ့အမှားကို လူထုက လက်ခံလာအောင် ပရိယာယ် မဆင်ခဲ့ချေ၊ မလှည့်ဖြားခဲ့ချေ၊ ပတ္တီး မရိုက်ခဲ့ချေ။

“ကိုယ့်လူတို့ ဂျပန် ဖက်ဆစ်ကတော့ ငါတို့ တနိုင်ငံလုံးကို ပါးရိုက်လာပြီ။ ငါတို့ ဂျပန်ကို တော်လှန်မှ ဖြစ်မယ်” ဟု ရိုးရိုး ဖြောင့်ဖြောင့် ပြော၍ ဂျပန် ဖက်ဆစ်ကို တော်လှန်ခဲ့သည်။
ဂျပန် ဖက်ဆစ်ကို တော်လှန်နေစဉ် ဗြိတိသျှ နယ်ချဲ့ကိုလည်း တော်လှန်မှ ဖြစ်မည်ဟု နှလုံးသွင်း ရှိရင်းအတိုင်း ဗြိတိသျှ တော်လှန်ရေးကိုလည်း ယုံယုံကြည်ကြည် ရိုးရိုးဖြောင့်ဖြောင့်နှင့် လုပ်ခဲ့၏။
သူ့အလုပ်ကို သူ ရိုးရိုးဖြောင့်ဖြောင့် လုပ်ခဲ့ခြင်းကြောင့်လည်း တော်လှန်ရေး ပြီးသွားသောအခါ ဂျပန် အမျိုးသားတို့က လည်းကောင်း၊ ဗြိတိသျှ အမျိုးသားတို့က လည်းကောင်း သူ့ကို လေးစားကြသည်။
ဂျပန် ဖက်ဆစ်နှင့် ဗြိတိသျှ နယ်ချဲ့ တို့သည် ရန်သူ ဖြစ်သော ဗိုလ်ချုပ် အောင်ဆန်းကို အမှန်ပင် အစိမ်းလိုက် ဝါး၍ စားလိုကြသည်။
သို့သော် ရိုးဖြောင့်မှုကို တန်ဖိုးထားတတ်သော ဂျပန် အမျိုးသား တို့နှင့် ဗြိတိသျှ အမျိုးသားတို့သည် ဗိုလ်ချုပ်ကို မည်သည့် နည်းနှင့်မျှ အထင်မသေးကြချေ။
ဗိုလ်ချုပ်သည် တော်လှန်ရေး လုပ်ငန်းအတွက် မြန်မာ တမျိုးလုံးအား ရာထူးနှင့် လည်းကောင်း၊ အခွင့်အရေးနှင့် လည်းကောင်း၊ အမတော်ကြေးနှင့် လည်းကောင်း၊ ပြည်တော်သာနှင့် လည်းကောင်း၊ သွင်းကုန် လိုင်စင်နှင့် လည်းကောင်း ဖြားယောင်းခြင်းကို မပြုချေ။
ဗိုလ်ချုပ် လုပ်ခဲ့သမျှ မှန်သည်လည်း ရှိ၏။ မှားသည်လည်း ရှိ၏။
သို့သော် မှန်သည့်အခါ ဗိုလ်ချုပ်သည် “ငါ့ကြောင့်” ဟု ဝင့်ဝါခြင်း မပြု။ မှားသည့်အခါ “ငါ့ကြောင့် မှားတာ မဟုတ်ဘူး၊ ဘယ်သူ့ကြောင့်ပဲ၊ ဘယ်ဝါ့ကြောင့်ပဲ” လှီးလွှဲ၍ မပြော။
မှားသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ တော်လှန်ရေး လမ်းကြောင်းကို ဖြောင့်ဖြောင့်မတ်မတ် လျှောက်သည်။ စကားကိုလည်း ကွေ့လည် ချောင်းပတ် မပြော။ အလုပ်ကိုလည်း လိမ်လည် လှည့်ဖြား၍ မလုပ်။
ထို့ကြောင့်လည်း ဗိုလ်ချုပ်ကို လူထုက အသည်းစွဲခြင်း ဖြစ်၏။
ထို့ကြောင့်လည်း ဗိုလ်ချုပ်၏ ထံပါးဝယ် ကြီးစွာသော အဆောက်အအုံ ရှိသည်။ လူထု စည်းရုံးခြင်းသည် မတ်မတ်မားမား ရတည်နိုင်ခြင်းပင် ဖြစ်သည်။
လူထုကို တခါ လိမ်သော် ရကောင်း၏။ နှစ်ခါ လိမ်သော် ရကောင်း၏။ သို့သော် လူထုသည် ကြိမ်ဖန်များစွာ လိမ်သော သူကို ပြန်၍ ဒဏ်ခတ်လေ့ ရှိသည်။
ယနေ့အဖို့ လူထုသည် နိုင်ငံရေး လိမ်ကောက်မှု ဟူသမျှတို့ကို ဒဏ်ခတ်ရန် အရိပ်အကဲကို ကြည့်နေကြသည်။
သို့သော် ဗိုလ်ချုပ်၏ တော်လှန်ရေး အမြတ်ကို စား၍နေကြသော ခေါင်းဆောင် အခေါ်ခံသူ အချို့တို့သည် ဗိုလ်ချုပ်၏ လုပ်နည်း လုပ်ဟန်တို့ကို မေ့လျော့၍ နေကြပြီ။
၎င်းတို့ လူထု ခေါင်းဆောင် ဖြစ်လာရသည်မှာ ဘုန်းကြောင့် ကံကြောင့်ဟု အောက်မေ့လာကြပြီးလျှင် လူထုအား ဤကွေ့ကျလျှင် ဤတက်နှင့် လှော်ရန်၊ ထိုကွေ့ကျလျှင် ထိုတက်နှင့် လှော်ရန် သညာပေးနေကြသည်။
အလုပ်ကို ရိုးရိုးဖြောင့်ဖြောင့် လုပ်သွားရန် မတွေးကြသေးချေ။ မိမိတို့ ရာထူးနှင့် အခွင့်အရေး၊ မြဲမြံစွာ ရနေဖို့ရာ လူထုကို လှည့်ဖြားသော နိုင်ငံရေး စည်းရုံးမှု၌သာ မွေ့လျော်ရန် ရည်သန်နေကြသည်။
နိုင်ငံရေး လုပ်ငန်းစဉ် သဘောကို ပြောရလျှင် ကျွန်ုပ်တို့သည် ပြည်သူပိုင်ဟု ဆိုလျှင် ပြည်သူပိုင် စနစ်ကို ရိုးရိုးဖြောင့်ဖြောင့် လုပ်သွားလျှင် မအောင်မြင်စရာ မရှိ။ ဒီမိုကရေစီဟု ပြောကြလျှင် ဒီမိုကရေစီကို ရိုးရိုးဖြောင့်ဖြောင့် လုပ်သွားကြလျှင် မအောင်မြင်နိုင်စရာ မရှိ။
သို့သော် ပြည်သူပိုင်ဟု ဆိုသောသူသည် သူတပါး လုပ်ငန်းကို ငါတို့ အပိုင်တက်စီးရန် ဟူသော မရိုးဖြောင့်သည့် မနသိကာရကို နှလုံးသွင်းသည်။
ဒီမိုကရေစီဟု အော်ဟစ်သူကလည်း ဘာမဆို သူ့သဘောနှင့်သူ လုပ်ဖို့ ဟူသော မရိုးဖြောင့်သည့် မနသိကာရကို နှလုံး သွင်းသည်။
ဤ လုပ်နည်း လုပ်ဟန်အတိုင်း လုပ်နေကြမည် ဆိုပါက မဝေးသော ကာလတွင် ဆိုရှယ်လစ် စီးပွားရေး ရည်မှန်းချက်နှင့် ဒီမိုကရေစီ နိုင်ငံရေး ရည်မှန်းချက်တို့သည် မုချ ကျဆုံးရမည် ဖြစ်သည်။
တော်လှန်ရေးနေ့ ရောက်ပြီဟု ဆိုလျှင် ကျွန်ုပ်တို့ အားလုံးသည် ဗိုလ်ချုပ် အောင်ဆန်းဟု နှုတ်ခမ်းဖျားတွင် တင်၍ ပြောကြသည်။
ယနေ့တိုင် ဗိုလ်ချုပ် အောင်ဆန်း နာမည်ကို အများကပင် မှတ်မိနေသည်မှာ ကျေးဇူး တင်စရာပင် ဖြစ်၏။ သို့သော် ဗိုလ်ချုပ် အောင်ဆန်း၏ အတွေးအခေါ်နှင့် လုပ်နည်း လုပ်ဟန်တို့ကို မူကား ကျွန်ုပ်တို့ မှတ်မိချင်မှ မှတ်မိလိမ့်မည်။ များသောအားဖြင့် မေ့ကုန်ကြပြီ။
နက်ဖြန်လောက် ဆိုလျှင် ဗိုလ်ချုပ်၏ နာမည်ကို မှတ်မိကြပါဦးမည်လော။
“မှတ်မိပါသေးတယ်” ဟု ဆိုသူ ရှိအံ့၊ ထိုလူသည် မရိုးမဖြောင့်သော သဘောတရားတို့ကို ရိုးသား ဖြောင့်မတ်မှုနှင့် တော်လှန်နိုင်မှသာ တကယ် မှတ်မိပါသေးသည်ဟု ကျွန်ုပ်တို့ ယုံကြည်နိုင်မည် ဖြစ်သည်။ ။
(စာရေးဆရာကြီး မောင်ထင် ရေးသားခဲ့သည့် ဤဆောင်းပါးကို ၁၉၆၅ ခုနှစ် အောက်တိုဘာလတွင် ထုတ်ဝေသော “ဗမာ့ နိုင်ငံရေး သုခမိန်” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက် အသက် ၉၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














