တရုတ်ပြည်ပါတီကွန်ဂရက်ရှိ၍ ဇူလိုင် ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရှမ်းမြောက်တွင် လေးရက် အပစ်ရပ်ထားကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ထုတ်ပြန်သည်ကို တွေ့ရ၏။ ယခုမှမဟုတ်ပါ။ ယခင်လည်း ဘေဂျင်း၌ အစည်းအဝေးကြီးများရှိလျှင် နယ်စပ်တည်ငြိမ်ရေးကို အကြောင်းပြပြီး တရုတ်အစိုးရ ဩဇာအာဏာ ပြလေ့ရှိ၏။ စစ်ပွဲရပ်ရန် ခက်ခဲသည့် လားရှိုး၊ ကျောက်မဲ၊ နောင်ချိုစသည့် မြို့တွင်းတိုက်ပွဲ ဖြစ်နေချိန်တွင် တရုတ်တို့ ဩဇာအာဏာအသုံးပြု၍ မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည်ကို တွေ့ရ၏။
လက်ရှိကာလတွင် မြန်မာပြည်တွင်းစစ်ကြောင့် တရုတ်ပြည်သည် စီးပွားရေးအရ ထိခိုက်နစ်နာမှုရှိသည်။ တရုတ်နယ်စပ် မတည်မငြိမ်ဖြစ်စေသည်၊ တရုတ်အကျိုးစီပွားကို ထိခိုက်မှုရှိသည်ဟူသည့် အမြင်များ တရုတ်တို့ကြားတွင် ဖြစ်ပေါ်နေပြီး တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး ပြောဆိုနေသကဲ့သို့ မြန်မာပြဿနာကို မည်သို့ ဖြေရှင်းကျော်လွှားမည်ဆိုသည်နှင့် ပတ်သက်ပြီး တရုတ်အစိုးရပိုင်းရော၊ တရုတ်ပုဂ္ဂိုလ်တဦးချင်းအရရော တရုတ်အကျိုးစီးပွားအခြေခံပေါ်က ကြည့်မြင်ပြောဆိုနေသည်ကို တွေ့ရ၏။
တရုတ်အစိုးရက စစ်တပ်ကို ဗဟိုပြုဖြေရှင်းရန် ကြိုးစားနေသကဲ့သို့ တရုတ်ပုဂ္ဂလိက တဦးချင်း ကြည့်မြင်သုံးသပ်မှုများအရလည်း တရုတ်တို့၏ အကျိုးစီးပွား ထိခိုက်မှုများရှိနေသည့် မြန်မာပြည်အခြေအနေကို တရုတ်အစိုးရက စစ်တပ်စေလွှတ်၍ ထိန်းသိမ်းရန်အထိ တရုတ်တို့၏ တဦးချင်းပုဂ္ဂလိကအမြင်များကို လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည်ကိုတွေ့ရ၏။
တရုတ်နယ်စပ်ကုန်သွယ်ရေး ဂိတ်များဖြစ်သည့် ချင်းရွှေဟော်၊ ကြူကုတ် ပန်ဆိုင်း၊ ကျင်းစမ်းကျော့၊ မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုင်တည် စသည့်နယ်စပ်ဂိတ်များမှ တရားဝင်ရော၊ မှောင်ခိုပါ ဒေါ်လာသန်း ၇,၀၀၀ နှင့်အထက် ကုန်သွယ်နေရာမှ နယ်စပ်ကုန်သွယ်ရေးဂိတ်များ အားလုံးကို တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက သိမ်းပိုက်ခဲ့ရာ တရားဝင်ကုန်သွယ်ရေးများ ရပ်ဆိုင်းသွားခဲ့သည်မှာ ရှစ်လခန့် ရှိပြီဖြစ်၏။
ထို့ကြောင့် တရုတ်တို့အတွက် နစ်နာသည်ဟု ယူဆကြ၏။ ထို့ပြင် တရုတ်တို့၏ ခါးပတ်လမ်းဖြစ်သည့် ရပ်ဝန်းနှင့်လမ်းမ စီမံကိန်းအရ တရုတ်ပြည်မှ ကျောက်ဖြူသို့ ရထားလမ်းဖောက်လုပ်ရေး၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ကျောက်ဖြူနှင့် မူဆယ် အထူးစီးပွားရေးဇုန် စီမံကိန်းများ ရပ်ဆိုင်းနေရာ တရုတ်အကျိုးစီးပွား ထိခိုက်သည်ဟု တရုတ်တို့က ယူဆကြ၏။

သို့သော်လည်း တရုတ်တို့အနေဖြင့် သတိပြုရန်တခုမှာ မြန်မာပြည် တကျော့ပြန် ပြည်တွင်းစစ် အားကောင်းခဲ့သည်မှာ သုံးနှစ်ကျော်ခဲ့ပြီ ဖြစ်သောလည်း တရုတ်နယ်စပ်ကုန်သွယ်ရေး ထိခိုက်သည်မှာ ရှစ်လကျော်သာ ရှိသေးသည်။
သို့သော်လည်း တရုတ်တို့အနေဖြင့် သတိပြုရန်တခုမှာ မြန်မာပြည် တကျော့ပြန် ပြည်တွင်းစစ် အားကောင်းခဲ့သည်မှာ သုံးနှစ်ကျော်ခဲ့ပြီ ဖြစ်သောလည်း တရုတ်နယ်စပ်ကုန်သွယ်ရေး ထိခိုက်သည်မှာ ရှစ်လကျော်သာ ရှိသေးသည်။ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ် နှစ်ဆန်းအထိ ကိုဗစ်နိုင်တင်း ခေါင်းစီးအောက်တွင် တရုတ်နယ်စပ်ဂိတ်များကို တရုတ်တို့ တဖက်သတ်ဆုံးဖြတ်ပြီး ပိတ်ထားခြင်းဖြစ်သည်ကို ထည့်သွင်းတွက်ချက်ရန် လိုပါသည်။
စစ်ရေးအရ တရုတ်နယ်အတွင်း ကျည်ဆန်ကျခြင်း၊ အမြောက်ဆံ၊ ဗုံးဆံကျခြင်း၊ တရုတ်နိုင်ငံသားများ ထိခိုက်သေဆုံးခြင်းတို့ ရှိသော်လည်း လက်ချိုးရေ၍ရသော အရေအတွက်မျှသာဖြစ်၏။ ထိခိုက်မှုမှာ ပြောပလောက်အောင် ကြီးမားခြင်း မရှိပါ။ ဖြစ်ပွားချိန်လည်း မကြာမြင့်ပေ။ ယခုအချိန်တွင်လည်း တရုတ်နယ်စပ်တလျှောက် မူဆယ်၊ ကန်ပိုင်တည်နှင့် ပန်ဝါတို့မှအပ ကျန်နေရာများတွင် တိုက်ပွဲဖြစ်ပွားရန် အခြေအနေ မရှိတော့ပေ။ သို့သော် ၂၀၀၉ ခုနှစ် ကိုးကန့်စစ်ဆင်ရေးမှ စ၍တွက်လျှင် ၁၅ နှစ်ခန့်အတွင်း မကြာခဏ ဖြစ်ပွားနေသည်ဟု တရုတ်တို့ တွက်ဆနိုင်ပါသည်။ သို့သော် တကယ်တမ်း စစ်ပွဲဖြစ်သည့်အချိန်က ကြာမြင့်ခြင်း မရှိပါ။
သို့သော်လည်း တရုတ်ပြည်တွင်းစစ်ကြောင့် မြန်မာပြည် ထိခိုက်မှုရှိသည့် အခြေအနေများနှင့် နှိုင်းယှဉ်ကြည့်ပါက များစွာကွာခြားသည်ကို အောက်ပါအတိုင်း တွေ့ရပေလိမ့်မည်။
တရုတ်ပြည်တွင်းစစ်နှင့် မြန်မာပြည်
၁၉၄၉ ခုနှစ်အတွင်း အဆုံးသတ်ခဲ့သော တရုတ်ကွန်မြူနစ်နှင့် တရုတ်ကူမင်တန်တို့၏ ပြည်တွင်းစစ်ပွဲကြောင့် ယခုကဲ့သို့ နှစ်ဖက်ပစ်ကြခတ်ကြသော သေနတ်ကျည်ဆံ၊ အမြောက်ဆံများ မြန်မာပြည်ဘက်သို့ကျ၍ မြန်မာပြည်သားများ ထိခိုက်နစ်နာခဲ့သည့်ထက် ပို၍ဆိုးရွားသော အခြေအနေများကို မြန်မာနိုင်ငံ ကြုံတွေ့ခဲ့ရ၏။
ထိုအခြေအနေမှာ ၁၉၅၀ ပြည့်နှစ်မှစ၍ တရုတ်ပြည်တွင်း၌ စစ်ရှုံးသည့် တရုတ်ကူမင်တန်တပ်များသည် မြန်မာပြည်တွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာခြင်းဖြစ်၏။ ထိုကူမင်တန်တပ်များကို အဓိကအားဖြင့် ကူမင်တန် တရုတ်ဗိုလ်ချုပ် လီမီမှ ဦးဆောင်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် ကျိုင်းတုံနယ် တာချီလိတ်မြို့၌ အင်အားဖြည့်ရန် အခြေချနေထိုင်ခဲ့ကြသည်။ အင်အား ထောင်ဂဏန်း စတင်ဝင်ရောက်ရာမှ နောက်ပိုင်း အင်အား သောင်းဂဏန်းအထိ ဖြစ်ခဲ့၏။
၁၉၅၀ ပြည့်နှစ်တွင် မြန်မာအစိုးရသည် ကူမင်တန်တို့အား လက်နက်ချရန် သို့မဟုတ် မြန်မာ့နယ်မြေမှ ထွက်ခွာရန် ရာဇသံပေးခဲ့သည်။ ကူမင်တန်တို့သည် မည်သည့်အချက်ကိုမှ လက်မခံနိုင်ကြောင်းနှင့် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်ခဲ့လျှင်လည်း ပြန်လည် တိုက်ခိုက်မည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ သို့ဖြစ်ရာ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ခဲ့ရာ ကျိုင်းတုံနှင့် တာချီလိတ်မြို့များကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
ထို့ကြောင့် ကူမင်တန်တို့သည် ၁၉၅၀ ပြည့်နှစ်၊ ဇူလိုင်လတွင် မိုင်းဆတ်မြို့သို့ ပြောင်းရွှေ့ခဲ့ရသည်။ မိုင်းဆတ်ဒေသသည် ကူမင်တန်တို့အတွက် နေရာကောင်းကဲ့သို့ ဖြစ်ခဲ့သည်။ ဆန်စပါး စိုက်ပျိုးနိုင်ရန် အထွက်ကောင်းသည့် မြေစတုရန်းမိုင် ၆၀ ရှိခဲ့သည်။ တောင်တန်းများ ပတ်လည်ရှိသောကြောင့် အကာအကွယ်တခုခဲ့သို့ ဖြစ်ခဲ့သည်။ မိုင်းဆတ်မြို့သည် ထိုင်းနယ်စပ်နှင့် မိုင် ၈၀ သာ ကွာသောကြောင့် ထိုင်းနိုင်ငံမှတဆင့် လက်နက်အထောက်အပံ့များကို ရယူနိုင်သည်။ မြန်မာတပ်မတော်သည် ကူမင်တန်တို့ကို မိုင်းဆတ်မြို့မှ တိုက်ထုတ်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ကူမင်တန်တို့၏ မြန်မာပြည်၌ အင်အား ပြန်ဖြည့်ဆည်း၍ တရုတ်ပြည်မကို ပြန်လည် သိမ်းပိုက်ရန်ဖြစ်သည်။ ၁၉၅၁ ခုနှစ်တွင် ကူမင်တန်တပ် သား ၂၀,၀၀၀ ခန့် ယူနန်နယ်အတွင်းသို့ စတင်ဝင်ရောက်ခဲ့ကြသည်။ ကင်မာ (Kengma) ဒေသကို သိမ်းပိုက်နိုင်ခဲ့သော်လည်း တရုတ်ကွန်မြူနစ်တို့၏ တိုက်ထုတ်မှုကြောင့် တပ်ပြန်ဆုတ်ခဲ့ရသည်။ ၁၉၅၁ ခုနှစ်၊ ဇူလိုင်လနှင့် ၁၉၅၂ ခုနှစ်၊ ဩဂုတ်လတွင် ယူနန်နယ်သို့ နောက်ထပ် ကျူးကျော်စစ် ဆင်နွှဲခဲ့သော်လည်း စစ်ရှုံးခဲ့ကြသည်။ သို့ဖြစ်ရာ ကူမင်တန်တို့သည် မြန်မာ့နယ်စပ်၌သာ နေထိုင်ခဲ့ကြ၏။
သို့သော်လည်း ကူမင်တန်တရုတ်တို့သည် သံလွင်မြစ်အရှေ့ဘက် ရှမ်းပြည်နယ်အရှေ့ခြမ်းကို ထိန်းချုပ်၍ ဘိန်းစိုက်ပျိုးခြင်းနှင့် ဘိန်းကုန်ကူးခြင်းများကို ပြုလုပ်ခဲ့သည်။ အဆိုပါဒေသများတွင် ရှေးယခင် ဘိန်းစိုက်ပျိုးခြင်း အနည်းငယ်ရှိသော်လည်း ကူမင်တန်တရုတ်တို့ ဝင်ရောက်လာမှ စီးပွားဖြစ်စိုက်ပျိုးခြင်းနှင့် ကုန်သွယ်မှု ပြုလုပ်လာခြင်းဖြစ်သည်ကို တွေ့ရ၏။ ထိုင်း-မြန်မာနယ်စပ် ဘိန်းအရောင်းအဝယ်၏ အစနှင့် ဘိန်းနှင့်မူးယစ်ဆေးဝါး အရောင်းအဝယ်များ ကြီးထွားလာခြင်းတို့သည်လည်း ကူမင်တန်တရုတ်များကြောင့် ဖြစ်၏။ တရုတ်ပြည်တွင်းစစ်၏ အဆက်ဖြစ်၏။
မြန်မာနိုင်ငံသည် ၁၉၅၃ ခုနှစ်တွင် ကုလသမဂ္ဂထံ ကူမင်တန်ကျူးကျော်မှု ပြဿနာကို အထောက်အထားများဖြင့် တင်ပြခဲ့သည်။ သို့ဖြစ်ရာ ကုလသမဂ္ဂ ညှိနှိုင်းမှုဖြင့် ကူမင်တန်တို့ တပ်ဆုတ်မည့်အရေးကို ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံသည် ၁၉၅၃ ခုနှစ်တွင် ကုလသမဂ္ဂထံ ကူမင်တန်ကျူးကျော်မှု ပြဿနာကို အထောက်အထားများဖြင့် တင်ပြခဲ့သည်။ သို့ဖြစ်ရာ ကုလသမဂ္ဂ ညှိနှိုင်းမှုဖြင့် ကူမင်တန်တို့ တပ်ဆုတ်မည့်အရေးကို ဆွေးနွေးခဲ့ကြသည်။ သုံးလကြာမျှ ဆွေးနွေးမှုများအပြီးတွင် ကူမင်တန်တို့သည် မြန်မာနိုင်ငံမှ တပ်ဆုတ်ပေးရန် သဘောတူခဲ့ကြသည်။ ၁၉၅၃ ခုနှစ်မှ ၁၉၅၄ ခုနှစ်အတွင်း သုံးကြိမ်ခွဲ၍ ထိုင်ဝမ်သို့ တပ်ဆုတ်ပေးခဲ့သည်။ ၁၉၅၄ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် ဗိုလ်ချုပ် လီမီသည် သူတို့၏တပ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ကူမင်တန်တပ်သားအချို့သည် မြန်မာနိုင်ငံ၌ ဆက်လက် နေထိုင်လိုကြသဖြင့် မြန်မာ့နယ်တွင်း၌ ကူမင်တန် ၆,၀၀၀ မျှ ကျန်ရှိနေခဲ့ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထိုကူမင်တန်တပ်များသည် ၁၉၇၂ ခုနှစ်တွင်မှ ထိုင်းနိုင်ငံတွင်းသို့ အပြီးအပြတ် ဆုတ်ခွာသွားခဲ့၏။ ဆိုရလျှင် အမေရိကန်နှင့် တရုတ်ပြည်မ ဆက်ဆံရေး စတင်ထူထောင်ပြီး အမေရိကန်အကူအညီများ ရပ်တန့်ချိန်မှ ကူမင်တန်တရုတ်များ မြန်မာပြည်မှ ထွက်သွားကြသည်ဟု ဆိုရမည်။
တရုတ်ပြည်တွင်းစစ်ကြောင့် မြန်မာပြည်တွင်းသို့ ကူမင်တန်တရုတ်များ အလုံးအရင်းနှင့် ဝင်ရောက်ကျူးကျော်ခြင်းကို ၂၂ နှစ်ကြာ ခံခဲ့ရ၏။ စစ်ပွဲ၏ ဒဏ်သာမက ကူမင်တန်တရုတ်များ၏ အနိုင်ကျင့် ဗိုလ်ကျမှုကို ဒေသခံများ အလူးအလဲခံခဲ့ရ၏။ ထိုဒေသတွင် ကူမင်တန်တရုတ်များက ဘိန်းစိုက်ပျိုးခြင်း၊ ဘိန်းရောင်းဝယ်ခြင်း စီးပွားဖြစ် အကြီးအကျယ် ပြုလုပ်ခြင်းကို ခံခဲ့ရပြီး ယနေ့တိုင် မူးယစ်ဆေးဝါးပြဿနာ ကြုံနေရဆဲဖြစ်၏။
ထိုဒေသရှိ ကူမင်တရုတ်များကို အားပေးအားမြှောက်ပြုသူမှာ အမေရိကန်ဟု လက်ညှိုးထိုးနိုင်ပါသည်။ သို့သော် ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်၏ မဟာမိတ်ဖြစ်သူ ကူမင်တန်တရုတ်တပ်များက မြန်မာပြည်တွင်း ဝင်ရောက်၍ ဂျပန်အား ကူညီတိုက်ခိုက်သည်ကို ၂၀၂၄ ခုနှစ်အတွင်း တရုတ်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်က တရုတ်တို့၏ တိုက်ပွဲဝင်မှုအဖြစ် ဂုဏ်ယူဝင့်ကြွားနေသော်လည်း ရှမ်းအရှေ့တွင် ၂၂ နှစ်ကြာ ကျူးကျော် ဗိုလ်ကျရမ်းကားခဲ့သည့် ကူမင်တန်တရုတ်များနှင့် ပတ်သက်၍ မည်သည့်အသံမှ ထွက်သည်ကို မတွေ့ရပေ။
တရုတ်တို့နှင့် အရှေ့မြောက် ဗကပ
၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ မြန်မာပြည်အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်တလျှောက် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တပ်များ အလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်ခဲ့၏။ ထိုစဉ်က အရှေ့မြောက်တွင် စစ်အစိုးရ လူထုဆန့်ကျင်ရေး အုံကြွမှု မရှိပေ။ တရုတ်၏ ယဉ်ကျေးမှုတော်လှန်ရေးနှင့် နိုင်ငံရေးအယူအဆကြောင့်ဟု ဆိုကြသော်လည်း တရုတ်နယ်စပ်တွင် အနှောင့်အယှက်ပြုနေသော ကူမင်တန်တရုတ်များအား ရင်ဆိုင်ရန်အတွက် ကြားခံနယ်မြေထားရန်အတွက် ရည်ရွယ်ခဲ့ပုံရ၏။ ထို့ကြောင့် အရှေ့မြောက်၌ ဗကပများကို တရုတ်တို့ ပံ့ပိုးကူညီခြင်းသည် တရုတ်ပြည်တွင်းစစ်ပွဲ၏ အဆက်ဖြစ်သည်ဟု ဆိုရမည်။
တရုတ်တို့က တရုတ်ပြည်တွင်း ခိုလှုံနေသည့် ဗကပနှင့် ကချင် ဗိုလ်နော်ဆိုင်းတပ်များကို လူအား၊ ငွေအား၊ ရုပ်ဝတ္ထုအားဖြင့် စစ်ရေးအကူအညီ အပြည့်အဝပေး၍ ပေါ်ပေါက်လာခြင်း ဖြစ်၏။ တရုတ်အကူအညီ မရှိလျှင် ဗကပတို့ ကိုယ်ထူကိုယ်ထနှင့် အရှေ့မြောက်ဒေသ မပေါ်နိုင်ပေ။
ဗကပများ စဝင်လာစဉ်က ကွန်မြူနစ်ဝါဒဆိုသည်ကို ဒေသခံလူထု မသိပေ။ ဗကပတို့ တပ်အင်အား အလုံးအရင်း အမြန်ဆုံး ကြီးထွားလာရန် တရုတ်နယ်စပ်ရှိ လူငယ်များအား ဗမာပြည်တော်လှန်ရေးအား ကူညီရန် တရုတ်တို့က လှုံ့ဆော် စေလွှတ်ပေးခဲ့သည်။ စစ်ရေးအတွေ့အကြုံ မရှိသော ထိုလူငယ်များကို တပ်စိတ်၊ တပ်စု၊ တပ်ခွဲအဆင့်တွင် ခေါင်းဆောင်နိုင်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) မှ လေ့ကျင့်ထားသူများကို လက်ဝဲကူညီရေး နာမည်ဖြင့် စေလွှတ်သည်။ စစ်ဆင်ရေးများကို ဦးစီးရန် တရုတ်စစ်တပ်မှ တပ်တော်မှူးအဆင့် ဦးစီးသည့် စစ်အကြံပေးအဖွဲ့ကို စေလွှတ်သည်။
ယူနန်ပြည်နယ်၊ တေဟုန်ပြည်နယ်ခွဲမြို့တော် မန်စီအနီးတွင် ဗကပ ဗဟိုခွဲရုံးနှင့် အသံလွှင့်ရုံ တည်ဆောက်ပေးသည်။ ယူနန်ပြည်နယ်၊ ကူမင်းနှင့် မန်စီတွင် တပ်ခွဲ၊ တပ်ရင်း၊ တပ်မဟာအဆင့် ကေဒါများအတွက် စစ်သင်တန်းကျောင်းများ ဖွင့်လှစ်ပေးခဲ့၏။ ယူနန်ပြည်နယ်၊ ကူမင်းနှင့် စီချွမ်ပြည်နယ်၊ ချင်တူးတွင် ဆရာဝန်သင်တန်းကျောင်းများ ဖွင့်လှစ်ပေးခဲ့သည်။ တရုတ်ပြည်နယ်စပ်တလျှောက် ဗကပ လူနာများ ကုသရန် တရုတ်စစ်တပ်ဆေးရုံ အနည်းဆုံး လေးရုံခန့် ဖွင့်လှစ်ပေခဲ့ပြီး ခေါင်းဆောင်များအား ကူမင်းနှင့် ဘေကျင်းတွင် ဆေးကုသခွင့်ပေးခဲ့၏။ သွားလာရေးအပါအဝင် သင်တန်းကျောင်းများ၊ ဆေးရုံများသည် စရိတ်ငြိမ်း ဖြစ်သည်။
နောက်ပိုင်း ဝနယ်မှ ဒေသခံ ဝလူမျိုးများ ဗကပ တပ်တွင်းသို့ အလုံးအရင်းနှင့် ဝင်သည်ဆိုသော်လည်း တရုတ်၏ ထောက်ပို့မပါဘဲ တပ်ဖွဲ့စည်းရန် မဖြစ်နိုင်ပေ။ လက်နက်ခဲယမ်း မဆိုထားနှင့် ကိုးကန့်၊ ဝဒေသများတွင် ထွက်ရှိသည့် ရိက္ခာသည် ဒေသခံများ စားရန်ပင် မလုံလောက်ပေ။
တရုတ်တို့သည် အင်အား ၂ သောင်းခန့်အထိ ရှိလာသည့် ဗကပတို့ကို လက်နက်ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါး၊ စစ်ဝတ်စုံမှစ၍ ငွေကြေးအဆုံး လိုအပ်သည်များကို ၁၉၆၈ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အထိ အပြည့်အဝ ထောက်ပံ့ခဲ့သကဲ့သို့ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်း ထောက်ပံ့မှုရပ်သည့် အချိန်တွင်လည်း ၁၀ နှစ်စာ လက်နက်ခဲယမ်း ပေးအပ်ခဲ့၏။ ထို့ပြင် ဗကပ၏ မဟာမိတ် တိုင်းရင်းသားတပ်ဖွဲ့များကိုလည်း အလားတူ ထောက်ပို့ပေးခဲ့၏။
ယခုအခါ ခရစ်ယာန်ဘာသာဝင်များဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့များအား အမေရိကန် အထောက်အပံ့ရသည်ဟု စွပ်စွဲနေသည့် တရုတ်အချို့ တွေ့ရ၏။ တကယ်တမ်းတွင် KIA သည် ၁၉၇၇ ခုနှစ်နှင့် ၁၉၈၀ ပြည့်နှစ်အတွင်း ဗကပမှတဆင့် တရုတ်လက်နက်ငယ် ထောင်နှင့်ချီ၍ ရခဲ့ဖူးသကဲ့သို့ လက်နက်ကြီးတပ်ရင်း တရင်းစာလည်း ရခဲ့ဖူးသည်။ ဗကပနယ်မြေအတွင်း လာယူရသည်ရှိသကဲ့သို့ တရုတ်တို့ကိုယ်တိုင် ပါဂျောင်၊ နားဖော့သို့ နယ်စပ်မှတဆင့် တိုက်ရိုက်ပို့ပေးသည်လည်း ရှိ၏။ အမေရိကန်က KIA ကို ဤသို့ ထောက်ပံ့သည်မျိုး မရှိဖူး၊ မကြားဖူးပေ။
သို့ဖြစ်ရာ ၁၉၆၈ ခုနှစ်မှ ဗကပ ပြိုကွဲသည့် ၁၉၈၉ ခုနှစ်အထိ ၂၁ နှစ်ကြာ အရှေ့မြောက်စစ်ပွဲသည် တရုတ်တို့၏ အပြည့်အဝ ကူညီပံ့ပိုးမှုကြောင့် ဖြစ်ပွားလာရသည့် စစ်ပွဲဖြစ်သည်။ ၂၁ နှစ်ကြာ စစ်ပွဲဒဏ်ကို မြန်မာပြည် ခံခဲ့ရသည်မှာ တရုတ်တို့၏ တာဝန်ရှိမှု မကင်းပေ။ ဤစစ်ပွဲအတွင်း ဗကပတို့ ပြိုကွဲခဲ့သော်လည်း တရုတ်နယ်စပ်မှ ကူမင်တန်တပ်များ ရှင်းထုတ်ရာတွင် တရုတ်တို့ အောင်မြင်ခဲ့သည်။ ၁၉၇၂ ခုနှစ် ကူမင်တန်တရုတ်တပ် လက်ကျန်များ လက်နက်စွန့်ပြီး ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက် အခြေချသောအခါ တရုတ်နယ်စပ်အတွက် ကြားခံဇုန် မလိုအပ်တော့ပေ။
နိဂုံး
ယခုအခါ မြန်မာပြည် ပြည်တွင်းစစ်ကြောင့် တရုတ်ပြည်အကျိုးစီးပွားများစွာ ထိခိုက်သည်ဟု ရှုမြင်နေကြသည်ကို တွေ့ရ၏။ တရုတ်ပြည်တွင်းစစ်ကြောင့်၊ ကူမင်တန်တရုတ်များကြောင့် ၂၂ နှစ်ကျော် ရှမ်းအရှေ့တွင် စစ်မြေပြင်ဖြစ်ခဲ့ပြီး ထိခိုက်နစ်နာခဲ့ရသည်မှာ မြန်မာပြည်ဖြစ်သည်။ ကူမင်တန်တရုတ်တပ်များအား နယ်စပ်မှ ရှင်းထုတ်ရန် တရုတ်တို့၏ အားပေးကူညီခဲ့မှုကြောင့် ၂၁ နှစ်ကြာ စစ်ဒဏ်ပိခဲ့သည့် မြန်မာပြည် အရှေ့မြောက်ဒေသတို့နှင့် နှိုင်းစာလျှင် မြန်မာပြည် ပြည်တွင်းစစ်ကြောင့် တရုတ်အကျိုးစီးပွားထိခိုက်မှုမှာ မပြောပလောက်ဟု ဆိုနိုင်ပါသည်။
ယခုအခါ မြန်မာပြည် ပြည်တွင်းစစ်ကြောင့် တရုတ်ပြည်အကျိုးစီးပွားများစွာ ထိခိုက်သည်ဟု ရှုမြင်နေကြသည်ကို တွေ့ရ၏။ တရုတ်ပြည်တွင်းစစ်ကြောင့်၊ ကူမင်တန်တရုတ်များကြောင့် ၂၂ နှစ်ကျော် ရှမ်းအရှေ့တွင် စစ်မြေပြင်ဖြစ်ခဲ့ပြီး ထိခိုက်နစ်နာခဲ့ရသည်မှာ မြန်မာပြည်ဖြစ်သည်။
ဆိုလိုချင်သည်မှာ နယ်စပ်ချင်း ထိစပ်နေသည့် နိုင်ငံများတွင် တနိုင်ငံ၏အဆိုးသည် အခြားတနိုင်ငံသို့ အပြန်အလှန် သက်ရောက်လေ့ရှိသည်သာ ဖြစ်၏။ ထိုသက်ရောက်မှုများသည် တဖက်သတ် မဟုတ်သည်ကို နားလည်သဘောပေါက်ရန် လို၏။ ယနေ့ကာလတွင် မြန်မာပြည် ပြည်တွင်းစစ်ကြောင့် တရုတ်တို့ ထိခိုက်နစ်နာမှုရှိသကဲ့သို့ တရုတ်ပြည်တွင်းစစ်ကြောင့် မြန်မာပြည်လည်း ဆိုးဆိုးရွားရွား ထိခိုက်နစ်နာခဲ့သည့် သမိုင်းကြောင်းရှိသည်ကို ထည့်သွင်းတွက်ချက်ရန် လို၏။ ဤသို့ မှန်မှန်ကန်ကန် ကြည့်မြင်မှသာ တရုတ်နှင့် မြန်မာကြား တဖက်သတ် တိမ်းစောင်းသည့် အမြင်များကို တည့်မတ်နိုင်ပေလိမ့်မည်။
(သက်ထားမောင်သည် မြန်မာ့နိုင်ငံရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်
ရခိုင်ကို တည်စဉ်းစားလာသော တရုတ်တို့၏ ခြေလှမ်းများ
မြန်မာ့ပြည်တွင်းရေး တရုတ်က ဝင်မစွက်ဘူးတဲ့လား
ဒဏ္ဍာရီများနှင့် ပဋိပက္ခများတည်ရာ မြန်မာနယ်စပ်များ
တရုတ်ကွန်မြူနစ်ပါတီ၏ ခေတ်သစ်တခုအစပြုခြင်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR