မြန်မာတွင် အနောက်တိုင်းနှင့် တရုတ် ငြိမ်းချမ်းရေးအားထုတ်မှုများအကြား အခြေခံ ကွဲပြားခြားနားချက် တခုရှိသည်။
အနောက်တိုင်းအစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် သုတေသီအဖွဲ့များသည် ရှည်လျားပြီး ကောင်းစွာ ရေးသားထားသည့် အစီရင်ခံစာများ ထုတ်ပြန်ကြသည်။ အချို့သည် အလုပ်ရုံဆွေးနွေးပွဲများပင် ကျင်းပကာ “သက်ဆိုင်သူများ” ဟု ၎င်းတို့ ခေါ်သူများအတွက် အဆီအငေါ်မတည့်သော ခရီးစဉ်များကိုပင် စီစဉ်ကြသည်။
အခြားတဖက်တွင်လည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတဝန်း ကျယ်ပြန့်သော ထောက်လှမ်းရေးကွန်ရက်များရှိပြီး ခုခံတော်လှန်ရေး အင်အားစု အများအပြားသည် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထံမှတဆင့်ရသည့် တရုတ်လုပ်လက်နက်များဖြင့် တပ်ဆင်ထားသည်။ ထိုနည်းဖြင့် တရုတ်သည် မြန်မာစစ်တပ်အပေါ်သာမက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပေါ်လည်း သြဇာရှိသည်။
တရုတ်သည် မြန်မာ၏ ပြည်တွင်းရေးတွင် စွန့်လွှတ်အနစ်နာခံရန် အကြောင်းသက်သက်ဖြင့် ဝင်ရောက် ပတ်သက်နေခြင်း မဟုတ်ပေ။ ဒေသတွင်းမှ ၎င်းတို့၏ ပထဝီသေနင်္ဂဗျူဟာ အကျိုးစီးပွားကို လုံခြုံစေလိုပြီး အဓိက အကျဆုံးတခုမှာ အိန္ဒိယသမုဒ္ဒရာကို အသုံးပြုခွင့် ရရှိရေးဖြစ်သည်။
တရုတ်သည် မြန်မာ၏ ပြည်တွင်းရေးတွင် စွန့်လွှတ်အနစ်နာခံရန် အကြောင်းသက်သက်ဖြင့် ဝင်ရောက် ပတ်သက်နေခြင်း မဟုတ်ပေ။ ဒေသတွင်းမှ ၎င်းတို့၏ ပထဝီသေနင်္ဂဗျူဟာ အကျိုးစီးပွားကို လုံခြုံစေလိုပြီး အဓိက အကျဆုံးတခုမှာ အိန္ဒိယသမုဒ္ဒရာကို အသုံးပြုခွင့် ရရှိရေးဖြစ်သည်။
တချိန်တည်းတွင် မြန်မာနိုင်ငံသည် လစာကောင်းစွာရသည့် အနောက်တိုင်း ငြိမ်းချမ်းရေးပြုလုပ်သူများနှင့် သုတေသီများအတွက် ကစားကွင်းဖြစ်လာသည်။ ထိုသူများက ၎င်းတို့သည် ပဋိပက္ခနှင့် သက်ဆိုင်သူအားလုံး တွေ့ဆုံပြီး ၎င်းတို့၏ သဘောထားကွဲလွဲမှုများကို “ငြိမ်းချမ်းစွာ” ဖြေရှင်းနိုင်ရန် စစ်တပ်နှင့် လက်နက်ကိုင်သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ အတိုက်အခံဖြစ်နေသူများ “ထိတွေ့ဆက်ဆံ” အောင် လုပ်ပေးနိုင်သည်ဟု ယုံကြည်ပုံရကြသည်။

တရုတ်ပြီးလျှင် ဒုတိယ အကြီးမားဆုံး အိမ်နီးချင်း အိန္ဒိယသည် ထိုပြဿနာများတွင် များစွာ ပိုမိုလက်တွေ့ကျပုံရသည်။ တရုတ်ကဲ့သို့ပင် ၎င်းတို့သည်လည်း ပထဝီသေနင်္ဂဗျူဟာဆိုင်ရာ စိုးရိမ်ပူပန်မှု ရှိသည်။ ဒေသတွင်းတွင် ၎င်းတို့၏ အဓိကရန်သူ တရုတ်က မြန်မာတွင် ဘာလိုချင်သည်ကို သူတို့သိပြီး အလားတူ လုပ်ဆောင်မှုများဖြင့် တန်ပြန်ကာ နေပြည်တော်နှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး၊ အတိုက်အခံများနှင့် အလွတ်သဘော အဆက်အသွယ်ရှိသည်။ သို့သော် အိန္ဒိယသည် မြန်မာနိုင်ငံတွင် တရုတ်ကဲ့သို့ တူညီသော သြဇာမရှိဘဲ ၎င်းတို့၏ အားထုတ်မှုများသည် အပြုသဘောဆောင်သည့် ရလဒ် အနည်းငယ်သာ ထွက်သည်။
ဒေသတွင်းတွင် တရုတ်နိုင်ငံ၏ ထွက်ပေါက်အဖြစ် မြန်မာ၏ အရေးပါမှုသည် အသစ်အဆန်း မဟုတ်ပေ။ ထိုကိစ္စသည် ဥက္ကဋ္ဌဟောင်း မော်စီတုန်းခေတ်မှစတင်ပြီး ပြောင်းလဲသွားသည့် တရုတ်၏ နိုင်ငံခြားရေးမူဝါဒ ဦးစားပေးများ ဖြစ်သည်။ တရုတ်က တော်လှန်ရေးကို တင်ပို့လိုသည့် အတိတ်က မြန်မာသည် မော်ဝါဒီပုံစံ ပုန်ကန်မှုများ အရှေ့တောင်အာရှနှင့် ဒေသတွင်းသို့ ပျံ့နှံ့စေမည့် အဓိကဒေသဖြစ်သည်။ ယခုအခါ ဘေဂျင်းသည် လူသုံးကုန်များ တင်ပို့လိုပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့များ တင်သွင်းလိုကာ မြန်မာသည် တရုတ်၏ တောင်ပိုင်းနယ်စပ်များကို ကျော်လွန်၍ ကမ္ဘာသို့ ဝင်ရောက်ရန် အငမ်းမရလိုချင်သည့် ဝင်ပေါက်ဖြစ်လာသည်။
ကချင်တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် နော်ဆိုင်းသည် သူ့လူ ၅၀၀ နှင့်အတူ ယူနန်ပြည်နယ်သို့ ဝင်ရောက်လာသည့် ၁၉၅၀ ပြည့်နှစ်က စတင်ပြီး တရုတ်သည် မြန်မာ့ပြည်တွင်းရေးတွင် စတင် ပတ်သက်လာသည်။ ၎င်းတို့ကို ကွီကျုံပြည်နယ်တွင် ခိုလှုံခွင့်ပေးသော်လည်း နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်ခွင့်မပေးပေ။
နောက်နှစ်အနည်းငယ် ကြာသောအခါ နောက်ထပ် လက်နက်ကိုင်အုပ်စုတခုဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သည် တရုတ်နိုင်ငံအတွင်း ဝင်ရောက်လာပြီး ၎င်းတို့ကို စီချွမ်ပြည်နယ်တွင် ခိုလှုံခွင့်ပေးကာ နိုင်ငံရေးသင်တန်းပေးသည်။ သို့သော် နော်ဆိုင်း၏ ကချင်များကဲ့သို့ပင် မြန်မာနှင့်ပတ်သက်သည့် နိုင်ငံရေးလှုပ်ရှားမှုများ ရှောင်ကျဉ်ရန် ၎င်းတို့ကို ပြောထားသည်။
ထိုစဉ်က တရုတ်သည် မြန်မာနှင့်ဆက်ဆံရေး ကောင်းသော်လည်း အဓိက လုံခြုံရေး စိုးရိမ်ပူပန်မှုတခု ရှိနေသည်။ ထောင်နှင့်ချီသော တရုတ်အမျိုးသားရေးဝါဒီ ကူမင်တန်များသည် ပြည်တွင်းစစ်တွင် ရှုံးနိမ့်ပြီးနောက် ရှမ်းပြည်အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် အခြေစိုက်စခန်းများ ထူထောင်ကာ ယူနန်သို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်တိုက်ခိုက်နေခြင်း ဖြစ်သည်။
ထိုစဉ်က ဦးနုအစိုးရနှင့် တိတ်တဆိတ် သဘောတူပြီးနောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ စစ်သား ၂၀,၀၀၀ သည် ယူနန်တောင်ပိုင်း ဆစ်ဆောင်ပန်နားနှင့် ကျိုင်းတုံအကြားမှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည်။ လူသားလှိုင်းများဖြင့် ၎င်းတို့သည် မိုင်းယန်၊ မိုင်းဝနှင့် မိုင်းယောင် ပတ်ဝန်းကျင် တောင်တန်းများကို သိမ်းပိုက်ကြသည်။ “မဲခေါင်မြစ်ဝှမ်းစစ်ဆင်ရေး” ဟုခေါ်သည့် ထိုစစ်ဆင်ရေးသည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှ ကူမင်တန်၏ ကျောရိုးကို ရိုက်ချိုးလိုက်သည်။
ချေမှုန်းခံ တရုတ်အမျိုးသားရေးဝါဒီ ကူမင်တန်များသည် မဲခေါင်မြစ်ကမ်းမှ မိုင်းပါလျှိုးသို့ ဆုတ်ခွာပြီး ထိုနေရာတွင် မြန်မာစစ်သား ၅,၀၀၀ ၏ ချေမှုန်းမှုခံရသည်။ ခုခံမှု များများ မရှိဘဲ ကူမင်တန်စခန်းကို သိမ်းပိုက်သော်လည်း မြန်မာစစ်တပ်များ ဝင်ရောက်သွားသောအခါ အမေရိကန်လုပ် လက်နက်ခဲယမ်း အများအပြားတွေ့သည်။ ထိုသတင်း ရန်ကုန်မှ သတင်းစာများတွင် ပါလာသောအခါ ဆူညံပေါက်ကွဲနေသည့် ဆန္ဒပြပွဲများ အမေရိကန်သံရုံးပြင်ပ ကုန်သည်လမ်းတွင် ဖြစ်ပွားသည်။
သို့သော် အရှေ့ပိုင်းနယ်စပ်ဒေသများမှ ကူမင်တန်များကို မောင်းထုတ်သည့် တပ်များတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တပ်များ ပါဝင်သည်ကို မြန်မာအစိုးရကဖြစ်စေ၊ တရုတ် အစိုးရကဖြစ်စေ ဝန်ခံခြင်း မပြုကြပေ။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ရွေးကောက်ခံ ဦးနုအစိုးရကို ဗိုလ်ချုပ် နေဝင်းက အာဏာသိမ်း ဖြုတ်ချသောအခါ တရုတ်နှင့် မြန်မာ၏ နွေးထွေးသောဆက်ဆံရေး အဆုံးသတ်သွားသည်။ ရည်မှန်းချက်ကြီးပြီး ကြိုတင်ခန့်မှန်းရန် ခက်သည့် ထိုဗိုလ်ချုပ်ကို စိုးရိမ်သောကြောင့် တရုတ်တို့သည် အဝေးရောက် ဗကပများကို ပထမဆုံးအကြိမ်အဖြစ် ဝါဒဖြန့် စာရွက်စာတမ်းများ ပုံနှိပ်ထုတ်ဝေခွင့် ပထမဆုံးအကြိမ် ခွင့်ပြုသည်။
၎င်းတို့သည် အများအားဖြင့် စစ်ရေးအတွေ့အကြုံ မရှိသည့် မြို့ပြပညာတတ်များ ဖြစ်သောကြောင့် တရုတ်သည် နော်ဆိုင်း၏ စစ်သားများနှင့် ၎င်းတို့ကို ပေါင်းစပ်ပေးပြီး ဗကပစစ်တပ်သစ်၏ သန္ဓေကို ဖွဲ့စည်းသည်။ အဖွဲ့များကို မြန်မာနယ်စပ်သို့ စေလွှတ်ပြီး အလားအလာရှိသည့် ထိုးဖောက်ရေး လမ်းကြောင်းများ ရှာဖွေစေသည်။
နေဝင်းစစ်အုပ်စုသည် တရုတ်မှ အဝေးရောက်များနှင့် ရန်ကုန်မြို့ မြောက်ဘက် ပဲခူးရိုးမကဲ့သို့သော အမာခံဒေသဟောင်းများမှ လက်နက်ချို့တဲ့စွာ တပ်ဆင်ထားသည့် ဗကပတပ် အကြွင်းအကျန်များ အဆက်အသွယ်ရအောင် မတော်တဆ လုပ်ပေးမိသည်။
နေဝင်းစစ်အုပ်စုသည် တရုတ်မှ အဝေးရောက်များနှင့် ရန်ကုန်မြို့ မြောက်ဘက် ပဲခူးရိုးမကဲ့သို့သော အမာခံဒေသဟောင်းများမှ လက်နက်ချို့တဲ့စွာ တပ်ဆင်ထားသည့် ဗကပတပ် အကြွင်းအကျန်များ အဆက်အသွယ်ရအောင် မတော်တဆ လုပ်ပေးမိသည်။ ၁၉၆၃ ခုနှစ်၊ ဇူလိုင်လတွင် စစ်အုပ်စုသည် နိုင်ငံတွင်းမှ သူပုန်များ အားလုံးကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ရန်ကုန်သို့ ဖိတ်ခေါ်ပြီး ဆွေးနွေးပွဲရလဒ် မည်သို့ရှိသည်ဖြစ်စေ ဘေးကင်းစွာ သွားလာရန် ခွင့်ပြုသည်။ တရုတ်ပြည်မှ အဝေးရောက်များအနက် ၂၉ ဦးသည် ထိုဆွေးနွေးပွဲများတွင် ပါဝင်ရန်ဟုဆိုကာ ဘေဂျင်းမှ အထူးလေယာဉ်များဖြင့် သွားရောက်ကြသည်။
စစ်အုပ်စုသည် ကွန်မြူနစ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များ လက်နက်ချလျှင် “ပြန်လည်ထူထောင်ရေး” လုပ်ပေးမည်ဆိုသည့် ကတိမှအပ အခြားလိုက်လျောမှု မလုပ်သောကြောင့် ကြိုတင်ခန့်မှန်းထားသည့်အတိုင်း ထိုဆွေးနွေးပွဲများ နိုဝင်ဘာလတွင် ပြိုကွဲသည်။ ထိုခေတ်က ၎င်းတို့ကို ခေါ်သည့်အတိုင်းဆိုပါက “ပီကင်းပြန်” နှစ်ဦးသာ တရုတ်နိုင်ငံသို့ပြန်ပြီး ကျန်လူများသည် ပဲခူးရိုးမသို့ လိုက်သွားကာ ပြည်တွင်းပါတီ၏ ခေါင်းဆောင်မှု ထူထောင်ကြသည်။
၎င်းတို့သည် တရုတ်နိုင်ငံမှ ရေဒီယိုကိရိယာများ ယူဆောင်လာကြပြီး စီချွမ်မှ အဝေးရောက်များနှင့် ပဲခူးရိုးမအကြား တိုက်ရိုက်ဆက်သွယ်ရေး ထူထောင်သည်။ ၁၉၆၇ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လတွင် ဖြစ်ပွားသည့် တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းများကြောင့် ၎င်းတို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ရန် ကြိုးစားမှုအတွက် တရုတ်တွင် ဆင်ခြေရသွားသည်။ ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ပြီး ဗကပသည် အရှေ့မြောက်ဒေသတွင် အခြေစိုက်စခန်းသစ် ထူထောင်သည်။
အစပိုင်းတွင် တရုတ်မှ စေတနာ့ဝန်ထမ်းတပ်များသာ အများစုပါဝင်ပြီး ၁၉၇၀ ပြည့်နှစ်များ အစောပိုင်းတွင် ဝတောင်တန်းကို သိမ်းပိုက်ပြီးသောအခါမှသာ ဗကပသည် ဒေသခံတပ်အစစ်ကို ရသည်။ တိုင်းရင်းသား တော်လှန်ရေးတပ်မတော် အများအပြားသည် တရုတ်လက်နက် အထောက်အပံ့ရရန် စိတ်အားထက်သန်ပြီး ဗကပနှင့် မဟာမိတ်ဖွဲ့ကြသည်။ သို့သော် ၎င်းတို့ရရှိသည့် မည်သည့်လက်နက်မဆိုသည် ဗကပမှသာလာပြီး တရုတ်ထံက မည်သည့်လက်နက်မှ တိုက်ရိုက်ရောက်မလာပေ။
လူမျိုးစု ဝများက ၁၉၈၉ ခုနှစ်တွင် ပုန်ကန်သောအခါ ဗကပ ပြိုကွဲပြီး တရုတ်သည် နိုင်ငံခြားရေးမူဝါဒသစ် ချမှတ်သည်။ ဗကပ ပြာပုံကြားမှ ထွက်လာသော UWSA သည် တရုတ်လုံခြုံရေးဌာနများနှင့် နီးကပ်သော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားပြီး ဗကပရခဲ့ဖူးသည့် လက်နက်များထက် ပိုမိုကောင်းမွန်သော လက်နက်များကို တပ်ဆင်သည်။ ထို့နောက်တွင် တိုင်းရင်းသားတော်လှန်ရေး တပ်မတော်များသည် ယခင်အတိုင်း တရုတ်လက်နက်များကို မြန်မာပြည်တွင်းရှိ မဟာမိတ် UWSA ထံမှ ထပ်မံရရှိကြသည်။ အင်အားတောင့်တင်းလာသော UWSA သည် တရုတ်ကို သေနင်္ဂဗျူဟာ အားသာချက်ပေးပြီး နေပြည်တော်နှင့် ညှိနှိုင်းရာတွင် အပေးအယူဖြစ်လာသည်။
ထူးခြားသည်မှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းသည် တရုတ်ကျောထောက်နောက်ခံပြု ကြေးနီစီမံကိန်းကို ဆန့်ကျင်သည့် ဒေသခံပြည်သူများ၊ သံဃာတော်များနှင့် တွေ့ဆုံရန် မုံရွာသို့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် သွားရောက်စဉ် ပွင့်ပွင့်လင်းလင်းဝန်ခံသည်။
“တရုတ်ကိုလည်း တပည့်တော်တို့က ကြောက်ရတယ်ဘုရား။ … တရုတ်နဲ့လည်း ရန်မဖြစ်ရဲဘူး။ တရုတ် စိတ်ဆိုးသွားလို့ရှိရင် တရုတ်က နယ်စပ်မှာ ဟိုကနေ ထောက်ပံ့၊ ဒီကနေ ထောက်ပံ့လုပ်နေရင် ဖွံ့ဖြိုးရေးလုပ်ဖို့အတွက်ကို နောက်ကို ပြန်လှည့်ကြည့်နေရမယ်”
“တရုတ်ကိုလည်း တပည့်တော်တို့က ကြောက်ရတယ်ဘုရား။ … တရုတ်နဲ့လည်း ရန်မဖြစ်ရဲဘူး။ တရုတ် စိတ်ဆိုးသွားလို့ရှိရင် တရုတ်က နယ်စပ်မှာ ဟိုကနေ ထောက်ပံ့၊ ဒီကနေ ထောက်ပံ့လုပ်နေရင် ဖွံ့ဖြိုးရေးလုပ်ဖို့အတွက်ကို နောက်ကို ပြန်လှည့်ကြည့်နေရမယ်” ဟု ဝန်ခံရသည်။

မြန်မာနိုင်ငံတွင် ဗကပ၏ ခြိမ်းခြောက်မှုရှိခဲ့ပြီး ယင်းအဖွဲ့ကို တရုတ်က ထောက်ပံ့ ပေးခဲ့ဖူးကြောင်း၊ တရုတ်အထောက်အပံ့ ရပ်ဆိုင်းသွားမှသာလျှင် ဗမာပြည်ကွန်မြူနစ်ပါတီ ချုပ်ငြိမ်းသွားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသတွင် ထောက်ပံ့မှုများပြုလုပ်ပြီး မတည်ငြိမ်အောင် လုပ်ဆောင်နိုင်သဖြင့် တရုတ်နိုင်ငံက မြန်မာအပေါ် စိတ်ကွက်မည်ကို စိုးရိမ်ကြောင်း ပြောခဲ့သည်။
ကွန်မြူနစ် ဆိုသည်မှာ UWSA နှင့် အခြား ကွန်မြူနစ်တပ်ဟောင်းဖြစ်သော ကိုးကန့်ဒေသမှ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) လည်း အပါအဝင်ဖြစ်သည်။ MNDAA သည် မြန်မာစစ်တပ်နှင့် ၁၉၈၉ ခုနှစ်တွင် အပစ်အခတ်ရပ်စဲပြီးနောက် ၂၀၁၅ ခုနှစ်တွင် လက်နက်ကိုင်တိုက်ပွဲ ပြန်လည်စတင်ပြီး ယခုအခါ ရှမ်းပြည်မြောက်ပိုင်းမှ စစ်ပွဲများတွင် ဦးဆောင်သော အခန်းမှ ပါဝင်နေသည်။
ကြိုတင်ခန့်မှန်းထားသည့်အတိုင်း တရုတ်နိုင်ငံသည် ထိုပဋိပက္ခတွင် ပါဝင်ပတ်ခြင်းမရှိဟု ငြင်းဆိုသော်လည်း MNDAA နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အပါအဝင် မဟာမိတ်များ၏ လက်နက်များကို UWSA က ထောက်ပံ့သည်။ တချိန်တည်းတွင် မြန်မာစစ်တပ်သည်လည်း တော်လှန်ရေး အင်အားစုများကို တိုက်ခိုက်ရန် တရုတ်လုပ်လက်နက်များကို သုံးသည်။ သို့သော် UWSA သည် လက်ရှိ တိုက်ပွဲများသို့ စစ်သားများကို စေလွှတ်ခြင်း မရှိပေ။
တရုတ်သည် မြန်မာ၏ လက်ရှိပဋိပက္ခ နှစ်ဖက်လုံးတွင် ပါဝင်နေခြင်းအားဖြင့် ၎င်း၏အကျိုးစီးပွားများကို အကောင်းဆုံး ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်ပုံရသည်။ သို့သော် အင်အားတောင့်တင်း၊ ငြိမ်းချမ်းပြီး ဒီမိုကရေစီကျသည့် ဖက်ဒရယ်မြန်မာနိုင်ငံ ပေါ်ပေါက်လာခြင်းသည် တရုတ်၏ အကျိုးစီးပွား မဟုတ်ပေ။
မြန်မာ အင်အားနည်းနေသမျှ ကာလပတ်လုံး တရုတ်သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်သူအဖြစ် ကစားပွဲတွင် ပါဝင်နိုင်ပြီး မည်သည့်အစိုးရ အာဏာရနေသည်ဖြစ်စေ ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးနိုင်သည်။ ဆုပေးဒဏ်ပေးစနစ်ဆိုသည်မှာ တဖက်တွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး အခြားတဖက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်များကို သွယ်ဝိုက်ထောက်ပံ့ခြင်းဖြစ်သည်။
မြန်မာသည် ခိုင်မာတောင့်တင်း၊ ငြိမ်းချမ်းပြီး ဒီမိုကရေစီကျသည့် ဖက်ဒရယ်နိုင်ငံတခု ဖြစ်လာပါက တရုတ်သည် ပထမဆုံး ဆုံးရှုံးရမည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိနေသည့် တရုတ်၏သြဇာကို လက်လွှတ် ဆုံးရှုံးရမည်ဖြစ်သည်။
မြန်မာသည် ခိုင်မာတောင့်တင်း၊ ငြိမ်းချမ်းပြီး ဒီမိုကရေစီကျသည့် ဖက်ဒရယ်နိုင်ငံတခု ဖြစ်လာပါက တရုတ်သည် ပထမဆုံး ဆုံးရှုံးရမည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိနေသည့် တရုတ်၏သြဇာကို လက်လွှတ် ဆုံးရှုံးရမည်ဖြစ်သည်။
သို့သော် တရုတ်သည် နယ်စပ်ဒေသတွင် အပြင်းအထန် မတည်မငြိမ်ဖြစ်မည်ကို အထူးသဖြင့် ဒုက္ခသည်လှိုင်းများ ဝင်ရောက်လာမည်ကိုလည်း စိုးရိမ်သောကြောင့် အခြေအနေကို မထိန်းချုပ်နိုင်တော့မည်ကိုလည်း စိုးရိမ်သည်။ လက်ရှိ ပဋိပက္ခတွင် တရုတ်၏ အခန်းကဏ္ဍအတွက် ထူးခြားသည့် ဥပမာမှာ ဇွန်လနှင် ဇူလိုင်လ အစောပိုင်းကာလက ဖြစ်သည်။ ထိုစဉ်က တရုတ်သည် သမ္မတဟောင်း ဦးသိန်းစိန်ကို ဘေဂျင်းသို့ ဖိတ်ခေါ်သည်။ သို့သော် ဦးသိန်းစိန်၏ ခရီးစဉ်ကို ထိုစဉ်က မိတ်ဆွေများဖြစ်သော တရုတ်နှင့် အိန္ဒိယတို့ ၁၉၅၄ ခုနှစ်က ပူးပေါင်းချမှတ်သည့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးမူ ငါးချက် နှစ် ၇၀ ပြည့် အထိမ်းအမှတ်နှင့် ထူးထူးခြားခြား တိုက်ဆိုင်စီစဉ်သည်။ ထိုမူ ငါးချက်အနက် တချက်မှာ ဝင်ရောက်မစွက်ဖက်ရေး ဖြစ်သော်လည်း မည်သည့် နိုင်ငံမှ တရုတ်လောက် မြန်မာ့ပြည်တွင်းရေးတွင် ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။
ဦးသိန်းစိန်သည် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့်တွေ့ဆုံပြီး တရုတ်သည် တိုင်းရင်းသား တပ်မတော်များအပေါ် သြဇာရှိသည့် တခုတည်းသော ပြည်ပနိုင်ငံဖြစ်သည်ကို ကောင်းစွာသိသောကြောင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် ကူညီရန်တောင်းဆိုသည်ဟု သတင်းဖော်ပြကြသည်။
တရုတ်သည် လွန်စွာ လူကြိုက်နည်းသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို မဖိတ်ဘဲ အငြင်းပွားစရာ နည်းသည့် ဦးသိန်းစိန်ကို ဖိတ်ခေါ်ခြင်းသည် မှတ်သားစရာကောင်းသည်။ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့ပါက မြန်မာတွင် တရုတ်ဆန့်ကျင်ရေး ပိုမိုဖြစ်စေမည်ဖြစ်သည်။
သို့သော် ထို့နောက် ဇူလိုင်လ ၆ ရက်နေ့တွင် မင်းအောင်လှိုင်၏လက်ထောက် ဒုတပ်ချုပ် စိုးဝင်းသည် တရုတ်သို့ သွားသော်လည်း ဘေဂျင်းသို့ မဟုတ်ဘဲ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အစိမ်းရောင်တိုးတက်မှုဖိုရမ် တက်ရန် ရှန်ဒေါင်းပြည်နယ်၊ ချင်တောင်းသို့ ဖြစ်ပြီး သူ့ကို ဒေသဆိုင်ရာကွန်မြူနစ်ပါတီ ကိုယ်စားလှယ်တဦးက လေဆိပ်တွင် ကြိုဆိုသည်။ တရုတ်သည် စစ်ကောင်စီနှင့် အပြည့်အဝ ဆက်ဆံရေး ထူထောင်ခြင်းနှင့် ပတ်သက်ပြီး သတိထားကာ အလွတ်သဘော ပါတီကိုယ်စားလှယ်အဆင့်နှင့်သာ ဆက်ဆံသည်။
မြန်မာ၏ အနာဂတ်သည် တရုတ်က နောက်ထပ် မည်သို့ခြေလှမ်းမည်နှင့် အိန္ဒိယက ကြိုတင်လက်ဦးမှု ရယူသည့် အခန်းကဏ္ဍမှ ပါ၊ မပါ ဆိုသည့်အချက်ပေါ် မူတည်နေသည်။ ခါးသီးသော ရန်သူများဖြစ်သည့် အာရှနိုင်ငံကြီး နှစ်နိုင်ငံအကြား ညပ်နေသောကြောင့် မြန်မာ၏ ဒုက္ခများသော ပထဝီတည်နေရာသည် ယခုအခါ ယခင်ကထက် ပိုမိုကြီးမားသော ပြဿနာဖြစ်လာသည်။
အနောက်နိုင်ငံများမှ ငြိမ်းချမ်းရေး တည်ဆောက်သူများသည် အခြေအနေနှင့် မကိုက်ညီသည့် ဇာတ်ရံများသာဖြစ်သည်။ ဖင်လန်၊ ဆွစ်၊ နော်ဝေနှင့် သြစတြေးလျမှ အဖွဲ့အစည်းများနှင့် အညတရ အဖွဲ့အစည်းတခုဖြစ်သည့် ပူးတွဲငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့သည် ထိတွေ့ဆက်ဆံရေးနှင့် စစ်တပ်နှင့် ဆွေးနွေးပွဲများ ကျင်းပရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပတ်လည်တွင် တိတ်တဆိတ် စူးစမ်းနေသည်။
ထိုအခြေအနေအရ ကြည့်ပါက အနောက်နိုင်ငံများမှ ငြိမ်းချမ်းရေး တည်ဆောက်သူများသည် အခြေအနေနှင့် မကိုက်ညီသည့် ဇာတ်ရံများသာဖြစ်သည်။ ဖင်လန်၊ ဆွစ်၊ နော်ဝေနှင့် သြစတြေးလျမှ အဖွဲ့အစည်းများနှင့် အညတရ အဖွဲ့အစည်းတခုဖြစ်သည့် ပူးတွဲငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့သည် ထိတွေ့ဆက်ဆံရေးနှင့် စစ်တပ်နှင့် ဆွေးနွေးပွဲများ ကျင်းပရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပတ်လည်တွင် တိတ်တဆိတ် စူးစမ်းနေသည်။ သို့သော် ၎င်းတို့ အောင်မြင်နိုင်သည့်အရာမှာ စစ်ကောင်စီက ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို ရှုတ်ချပြီး ငြိမ်းချမ်းရေးအတွက် ကုလသမဂ္ဂအေဂျင်စီများကို တောင်းဆိုရန်သာ ဖြစ်သည်။
သို့သော် ကုလသမဂ္ဂသည်လည်း အနောက်နိုင်ငံများကဲ့သို့ပင် စစ်တပ်ကို သြဇာလွှမ်းမိုးရန် မစွမ်းဆောင်နိုင်ပေ။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှစတင်ပြီး အထူးအစီရင်ခံစာ တင်သွင်းသူများနှင့် အထူးသံတမန်များ ဒါဇင်ပေါင်းများစွာကို ခန့်အပ်ခဲ့၊ ရုပ်သိမ်းခဲ့ကြသော်လည်း ၎င်းတို့၏ အစီရင်ခံစာများကို စစ်တပ်က လျစ်လျူရှုခဲ့သည်။
မြန်မာတွင် စစ်အာဏာသိမ်းမှု ရုတ်သိမ်းရေးအတွက် အခြေအနေများ ဖန်တီးရန်နှင့် နိုင်ငံတကာအသိုက်အဝန်း ညီညွတ်စေရန် ကုလသမဂ္ဂက တတ်နိုင်သမျှအားလုံး လုပ်မည်ဖြစ်ကြောင်း မြန်မာတွင် အာဏာသိမ်းပြီး လေးရက်အကြာ ဖေဖော်ဝါရီလ ၅ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတခုတွင် လက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်ဇ်က ကတိပေးသည်။ သို့သော် ထိုအချိန်မှစတင်ပြီး မစ္စတာ ဂူတာရက်ဇ် လုပ်နိုင်သည့်ကိစ္စမှာ အရပ်သားများအပေါ် အကြမ်းဖက်မှုရှောင်ရှားရန် စစ်တပ်ကို တိုက်တွန်းသည့်ကြေညာချက် အများအပြား ထုတ်ပြန်ခြင်းသာဖြစ်သည်။
ထို့ပြင် ကုလသမဂ္ဂအေဂျင်စီများသည် နေပြည်တော်မှ စစ်ကောင်စီနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်နေပြီး ၎င်းတို့ထောက်ပံ့သည့် မည်သည့် လူသားချင်းစာနာမှု အကူအညီ မဆိုကို စစ်ကောင်စီနှင့် ပတ်သက်သည့် အဖွဲ့အစည်းများမှသာ ပေးပို့နေကြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ The Difference Between Chinese and Western Peace Efforts in Myanmar ကို ဘာသာပြန်သည်။ ဘာတေးလ် လင့်တနာသည် ဆုရသတင်းစာဆရာနှင့် မြန်မာ့အရေးအထူးပြုသော စာရေးဆရာဖြစ်သည်။)
You may also like these stories:
မြန်မာစစ်တပ်-တရုတ်ဆက်ဆံရေး သုံးသပ်ချက်အပေါ် ဖြည့်စွက် စဉ်းစားစရာများ
မြန်မာစစ်တပ်ကို တရုတ် ပစ်ပယ်မည် မဟုတ်
သမ္မတဟောင်း ဦးသိန်းစိန် တရုတ်သွားတဲ့အခါ
မင်းအောင်လှိုင်ကို တရုတ်က မမြင်ချင်တော့ဘူးလား
စစ်ကောင်စီဘက် ဆက်ရပ်တည်နေရင် တရုတ်ဆန့်ကျင်ရေး ပိုအရှိန်မြင့်လာမယ် h
ပိတ်ဆို့အရေးယူမှု၊ လူသားချင်းစာနာမှု အကူအညီ၊ ပြီးတော့ ဘာလဲ