မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် (MIT) မှ ဒါရွန် အဂျယ်မော်လူနှင့် ဆိုင်မွန် ဂျွန်ဆင်၊ ချီကာဂိုတက္ကသိုလ် မှ ဂျိမ်းစ် ရော်ဘင်ဆင်တို့က နိုင်ငံများအကြား ကြွယ်ဝချမ်းသာမှု အကြီးအကျယ် ကွဲပြားမှုဖြစ်ခြင်းကို ရှင်းပြသည့် ၎င်းတို့၏ သုတေသနအတွက် ယခုနှစ် စီးပွားရေးနိုဘယ်ဆုကို ရရှိကြသည်။
ထိုဆုကို ကြေညာသောအခါ စီးပွားရေးနိုဘယ်ဆုကော်မတီ ဥက္ကဋ္ဌ ဂျက်ကော့ ဆဗန်ဆွန်က “နိုင်ငံတွေအကြား ဝင်ငွေ အကြီးအကျယ်ကွဲပြားမှု လျှော့ချရေးဟာ ကျနော်တို့ခေတ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တခုဖြစ်ပါတယ်။ ဒီစီးပွားရေးပညာရှင်တွေရဲ့ သုတေသနသစ်က နိုင်ငံတွေ ဘာလို့ ကျဆုံးတယ် ဒါမှမဟုတ် အောင်မြင်တယ်ဆိုတဲ့ အကြောင်းရင်းတွေကို ပိုမိုနက်ရှိုင်းစွာ နားလည်စေတယ်” ဟု ပြောသည်။
မူလ နိုဘယ်ဆုများနောက် ဆယ်စုများစွာအကြာ ၁၉၆၀ ပြည့်နှစ်များက စတင်သည့် စီးပွားရေးနိုဘယ်ဆုသည် ဘောဂဗေဒပညာရပ်များတွင် ဆွယ်ဒီရက်စ် ရစ်ဘဏ်ဆုဟု ပညာရပ်ဆိုင်ရာအရ သိကြသည်။ ထိုပညာရှင်များ ကရွန်နာ ၁၁ သန်း (ပေါင် ၈၁၀,၀၀၀) ကို ခွဲဝေယူရမည်ဖြစ်သည်။
စီးပွားရေးနိုဘယ်ဆု ပူးတွဲရသူများ၏ သုတေသနနှင့် ထိုသုတေသန မည်သည့်အတွက် အရေးပါသည်ကို ရှင်းပြရန် ဗြိတိန်နိုင်ငံ၊ လန်ကက်စတာတက္ကသိုလ်မှ ဘောဂဗေဒ ဝါရင့်ကထိက ရေးနော့ ဖောကတ်က The Conversation နှင့် ဆွေးနွေးထားသည်ကို ဘာသာပြန်ဆိုဖော်ပြပါသည်။
မေး ။ ။ ဒါရွန် အဂျယ်မော်လူ၊ ဆိုင်မွန် ဂျွန်ဆင်နဲ့ ဂျိမ်းစ် ရော်ဘင်ဆင်တို့ ဘာအတွက် ဆုရတာလဲ။
ဖြေ ။ ။ နိုင်ငံတနိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုအပေါ် အဲဒီနိုင်ငံက အင်စတီကျူးရှင်းတွေ အရည်အသွေးရဲ့ သက်ရောက်မှုသြဇာနဲ့ ဆက်စပ်မှု အထောက်အထားကို ပြသခဲ့တဲ့ အဓိကအကြောင်းကြောင့် ဒီပညာရှင် သုံးယောက် ဆုရတယ်။
ပိုင်ဆိုင်မှု အခွင့်အရေးတွေကို အကောင်အထည်ဖော်ပြီး အကျင့်ပျက်ခြစားမှုကို ကန့်သတ်ကာ တရားဥပဒေ စိုးမိုးမှုနဲ့ အာဏာချိန်ခွင်လျှာကို ကာကွယ်တဲ့ နိုင်ငံတနိုင်ငံဟာ နိုင်ငံသားတွေ ဥစ္စာဓန ဖန်တီးဖို့ အားပေးပြီး အဲဒီကြွယ်ဝချမ်းသာမှုကို ပြန်လည်မျှဝေရာမှာ ပိုမိုကောင်းမွန်တယ်ဆိုတာကို အများစု သဘောတူလိမ့်မယ်။
သာမန်အားဖြင့်ကြည့်လိုက်ရင် ဒါဟာ ဘီးကို ပြန်လည် တီထွင်တဲ့ပုံပေါက်နေတယ်။ ပိုင်ဆိုင်မှု အခွင့်အရေးတွေကို အကောင်အထည်ဖော်ပြီး အကျင့်ပျက်ခြစားမှုကို ကန့်သတ်ကာ တရားဥပဒေ စိုးမိုးမှုနဲ့ အာဏာချိန်ခွင်လျှာကို ကာကွယ်တဲ့ နိုင်ငံတနိုင်ငံဟာ နိုင်ငံသားတွေ ဥစ္စာဓန ဖန်တီးဖို့ အားပေးပြီး အဲဒီကြွယ်ဝချမ်းသာမှုကို ပြန်လည်မျှဝေရာမှာ ပိုမိုကောင်းမွန်တယ်ဆိုတာကို အများစု သဘောတူလိမ့်မယ်။
တူရကီ၊ ဟန်ဂေရီ၊ အမေရိကန် ပြည်ထောင်စု ဒါမှမဟုတ် ဗြိတိန်က သတင်းတွေကို လေ့လာနေတဲ့ မည်သူမဆို လူတိုင်းလူတိုင်းက ဒီအချက်ကို သဘောမတူဘူးဆိုတာ သတိထားမိလိမ့်မယ်။ ဥပမာအားဖြင့် ဟန်ဂေရီမှာဆိုရင် အကျင့်ပျက်ခြစားမှုတွေ၊ ဆွေမျိုးဉာတိကောင်းစားရေး၊ မီဒီယာ ဗဟုဝါဒ ကင်းမဲ့ခြင်းနဲ့ တရားစီရင်ရေးရဲ့ လွတ်လပ်မှုကို ခြိမ်းခြောက်ခြင်းဟာ ဥရောပသမဂ္ဂနဲ့ ပြင်းထန်တဲ့တိုက်ပွဲတခု ဖြစ်စေတယ်။
ချမ်းသာတဲ့နိုင်ငံတွေဟာ ထုံးစံအားဖြင့် ခိုင်မာတဲ့ အင်စတီကျူးရှင်းတွေ ရှိတတ်တယ်။ ခေါင်းဆောင် (ဟန်ဆောင်ထားသူ) အများအပြားဟာ တရားဥပဒေစိုးမိုးမှု အားနည်းအောင်လုပ်တာကို အပြည့်အဝ ကျေနပ်ကြတယ်။ အင်စတီကျူးရှင်းတွေဟာ သူတို့ ချမ်းသာကြွယ်မှုရဲ့ အကြောင်းရင်း ဖြစ်တယ်လို့ မြင်ပုံမရဘူး။
မေး ။ ။ သူတို့ရဲ့အမြင်မှာ အင်စတီကျူးရှင်းတွေရဲ့ အရည်အသွေးဟာ နိုင်ငံအလိုက် ဘာကြောင့် ကွာခြားတာလဲ။
ဖြေ ။ ။ သူတို့ရဲ့သုတေသနက ဒီနေ့ခေတ်စီးပွားရေး ကြွယ်ဝချမ်းသာမှုအပေါ် တိုက်ရိုက်သက်ရောက်မှု မရှိတဲ့ကိစ္စနဲ့ စတင်တယ်။ ၁၄ ရာစုက ဥရောပကိုလိုနီစနစ်အစက လူနေမှုအခြေအနေတွေနဲ့ စတင်တယ်။ သူတို့ရဲ့အခြေခံယူဆချက်က နေရာတခုဟာ ချမ်းသာလေလေ၊ ပြင်ပကမ္ဘာကို မကြိုဆိုလေလေ၊ ကိုလိုနီနယ်ချဲ့အင်အားကြီး နိုင်ငံတွေက အဲဒီနိုင်ငံက ချမ်းသာကြွယ်ဝမှုတွေကို ရက်ရက်စက်စက် ခိုးယူဖို့ စိတ်ဝင်စားလေလေပဲ။
အဲဒီလိုအခါမှာ သူတို့က အဲဒီမှာနေတဲ့ ပြည်သူတွေကို လုံးဝဂရုမစိုက်ဘဲ အင်စတီကျူးရှင်းတွေ တည်ဆောက်တယ်။ ဒါကြောင့် ကိုလိုနီခေတ်အတွင်း အရည်အသွေးနိမ့်တဲ့ အင်စတီကျူးရှင်းတွေ ဖြစ်စေတယ်။ ဒါဟာ လွတ်လပ်ရေးကာလမှာလည်း အဲဒီအတိုင်းဆက်ဖြစ်ပြီး ဒီနေ့ခေတ်မှာ ဆိုးရွားတဲ့ စီးပွားရေးအခြေအနေတွေ ဖြစ်စေတယ်။
ဒါတွေအားလုံးဟာ အင်စတီကျုးရှင်းတွေက သူတို့ရပ်တည်ရေးအတွက် အခြေအနေတွေကိုသာ ဖန်တီးလို့ပဲ။ ဒီအချက်က ဒီနှစ် နိုဘယ်ဆုရှင်တွေ အကျိုးပြုခဲ့တဲ့ နောက်ထပ် နယ်ပယ်တခု ဖြစ်တယ်။
တဖက်မှာလည်း ပြင်ပကမ္ဘာကို ပိုမို ကြိုဆိုပြီး တိုးတက်မှုနည်းတဲ့နေရာတွေမှာ ကိုလိုနီနယ်ချဲ့တွေက သယံဇာတတွေကို မယူဘူး။ အဲဒါတွေကို ယူမယ့်အစား ရွှေ့ပြောင်းအခြေချပြီး ချမ်းသာကြွယ်ဝမှု ဖန်တီးဖို့ ကြိုးစားကြတယ်။ ဒါကြောင့် အဲဒီဒေသကလူတွေကို အကျိုးပြုတဲ့ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ တည်ဆောက်ဖို့ဟာ သူတို့ရဲ့ (အတ္တကြီးတဲ့) အကျိုးစီးပွား ဖြစ်တယ်။
ဒီသုတေသီတွေက သမိုင်းဆိုင်ရာ အချက်အလက်တွေကို လေ့လာပြီး သူတို့ရဲ့ အခြေခံယူဆချက်ကို စမ်းသပ်ကြတယ်။ ပထမအချက်အနေနဲ့ ချမ်းသာကြွယ်ဝမှုကနေ အကြီးအကျယ် ဆင်းရဲသွားတဲ့ “မဟာပြောင်းလဲမှု” ကို သူတို့တွေ့ရတယ်။ ၁၅၀၀ ခုနှစ်က မြို့ပြအဆန်ဆုံးနဲ့ လူဦးရေထူထပ်တဲ့နေရာတွေဟာ ၁၉၉၅ ခုနှစ်မှာ အဆင်းရဲဆုံး ဖြစ်လာတယ်။ ဒုတိယအချက်အနေနဲ့ ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေ ရောဂါတွေကြောင့် အမြန်သေလို့ မနေကြဘဲ ဒေသခံပြည်သူတွေက အဲဒီရောဂါတွေကို ခံနိုင်ရည်ရှိတဲ့နေရာတွေဟာ ဒီနေ့ခေတ်မှာ ပိုမိုဆင်းရဲတာကို တွေ့ရတယ်။
အင်စတီကျူးရှင်းတွေရဲ့ ကိုလိုနီရင်းမြစ်ကို လေ့လာခြင်းဟာ အကြောင်းရင်းတွေနဲ့ အကျိုးဆက်တွေကို ခွဲထုတ်ဖို့ ကြိုးစားတာဖြစ်တယ်။ ဒါကြောင့်မို့ ဒီနှစ် စီးပွားရေးနိုဘယ်ဆုရသူတွေဟာ အင်စတီကျူးရှင်း အရေးပါတယ်ဆိုတဲ့ အယူအဆကို စတင်တီထွင်ခြင်း မရှိပေမယ့် သူတို့ရဲ့ အကျိုးဆောင်မှုဟာ အမြင့်ဆုံးဂုဏ်ပြုမှုနဲ့ ထိုက်တန်တယ်လို့ နိုဘယ်ကော်မတီက ပြောခဲ့တဲ့ အဓိကအကြောင်းရင်း ဖြစ်နိုင်တယ်။
အင်စတီကျူးရှင်းတွေရဲ့ ကိုလိုနီရင်းမြစ်ကို လေ့လာခြင်းဟာ အကြောင်းရင်းတွေနဲ့ အကျိုးဆက်တွေကို ခွဲထုတ်ဖို့ ကြိုးစားတာဖြစ်တယ်။ ဒါကြောင့်မို့ ဒီနှစ် စီးပွားရေးနိုဘယ်ဆုရသူတွေဟာ အင်စတီကျူးရှင်း အရေးပါတယ်ဆိုတဲ့ အယူအဆကို စတင်တီထွင်ခြင်း မရှိပေမယ့် သူတို့ရဲ့ အကျိုးဆောင်မှုဟာ အမြင့်ဆုံးဂုဏ်ပြုမှုနဲ့ ထိုက်တန်တယ်လို့ နိုဘယ်ကော်မတီက ပြောခဲ့တဲ့ အဓိကအကြောင်းရင်း ဖြစ်နိုင်တယ်။
မေး ။ ။ အဲဒီသုတေသနက ဒီမိုကရေစီဆိုတာ စီးပွားရေးတိုးတက်မှုလို့ အဓိပ္ပာယ်ရတယ်လို့ တချို့ကပြောကြတယ်။ အဲဒါမှန်လား။
ဖြေ ။ ။ မဆိုင်ဘူး။ ဥပမာပြောရရင် အလုပ်မဖြစ်တဲ့ အင်စတီကျူးရှင်းတွေနဲ့ နိုင်ငံတနိုင်ငံကို ဒီမိုကရေစီ ချမှတ်ပေးရင် အလုပ်ဖြစ်မယ်လို့ သူတို့ရဲ့ သုတေသနမှာ ပြောမထားဘူး။ ဒီမိုကရက်တစ် ခေါင်းဆောင်တယောက် အကျင့်ပျက်ခြစားမှု မလုပ်လာစရာ အကြောင်းလည်း မရှိဘူး။
အင်စတီကျူးရှင်းတွေဟာ အကာအကွယ် တခုပဲ။ ဒါကြောင့်မို့လို့ ဒီနေ့မှာ သူတို့ရဲ့ ကွဲပြားတဲ့သွင်ပြင်တွေကို ထိန်းသိမ်းထားဖို့ အရမ်းအရေးကြီးတယ်။ နိုင်ငံသားတွေ၊ အလုပ်သမားတွေ၊ လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို နိုင်ငံတော်ကပေးတဲ့ အကာအကွယ်တွေ အားနည်းသွားရင် အဂတိလိုက်စားမှု သို့မဟုတ် အလွဲသုံးစားလုပ်မှုတွေကနေ သူတို့ကို ကာကွယ်ပေးမယ်ဆိုတဲ့ ဆိုးရွားတဲ့ သံသရာကို ဖြစ်စေတယ်။ အဲဒီလို ဖြစ်လာရင် ချမ်းသာကြွယ်ဝမှု လျော့ကျပြီး အာဏာရှင်အုပ်ချုပ်ရေးတွေကို ပိုမိုတောင်းဆိုလာမယ်။
မတူညီတဲ့ကိစ္စတွေလည်း ရှိနိုင်တယ်။ လစ်ဘရယ် ဒီမိုကရေစီ မရှိတဲ့ အရင်းရှင်စနစ်ဟာ စီးပွားရေးအောင်မြင်မှုနဲ့ လိုက်လျောညီထွေရှိတယ်ဆိုတဲ့ အတွေးအခေါ်မျိုးကို တရုတ်က တွန်းအားပေးဖို့ ကြိုးစားနေကြောင်း ထင်ရှားတယ်။
၁၉၈၀ ပြည့်နှစ်များက တိန့်ရှောင်ဖိန်ရဲ့ ပြုပြင်ပြောင်းလဲရေးနောက်ပိုင်း တရုတ်ရဲ့စီးပွားရေး တိုးတက်မှုဟာ လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပိုမိုခိုင်မာတဲ့ ပိုင်ဆိုင်မှု အခွင့်အရေးတွေ စတင်ကျင့်သုံးခြင်းနဲ့ တိုက်ဆိုင်နေတယ်။ အဲဒီလို ကြည့်မယ်ဆိုရင် အင်စတီကျူးရှင်းတွေရဲ့ စွမ်းအားရဲ့ ဖတ်စာအုပ်ပါ ပုံစံပဲဖြစ်တယ်။
ဒါပေမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၈၉ ခုနှစ် တီယန်မင် ရင်ပြင်က ဒီမိုကရေစီဆန္ဒပြပွဲတွေကို စစ်တပ်နဲ့နှိမ်နင်းဖို့ အမိန့်ပေးခဲ့တာ မှန်တယ်။ ယနေ့ တရုတ်ပြည်ဟာ အနောက်ဒီမိုကရေစီတွေထက် ပိုမိုအာဏာရှင်ဆန်တယ်ဆိုတာ ရှင်းနေတာပဲ။
တရုတ်ဟာ ကမ္ဘာ့ ဒုတိယအကြီးမားဆုံး စီးပွားရေးဖြစ်ပေမယ့် ဒီမိုကရေစီနိုင်ငံတွေထက် အများကြီး ပိုမိုဆင်းရဲနေသေးတယ်။ တရုတ်ရဲ့ တဦးချင်းဝင်ငွေက အမေရိကန် ပြည်ထောင်စုရဲ့ တဦးချင်း ဝင်ငွေရဲ့ ၅ ပုံ ၁ ပုံတောင်မှ မရှိဘဲ သူလည်း သူ့သီးခြား အဓိကစီးပွားရေး စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်။
ဒါပေမယ့် တရုတ်ဟာ ကမ္ဘာ့ ဒုတိယအကြီးမားဆုံး စီးပွားရေးဖြစ်ပေမယ့် ဒီမိုကရေစီနိုင်ငံတွေထက် အများကြီး ပိုမိုဆင်းရဲနေသေးတယ်။ တရုတ်ရဲ့ တဦးချင်းဝင်ငွေက အမေရိကန် ပြည်ထောင်စုရဲ့ တဦးချင်း ဝင်ငွေရဲ့ ၅ ပုံ ၁ ပုံတောင်မှ မရှိဘဲ သူလည်း သူ့သီးခြား အဓိကစီးပွားရေး စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်။
တကယ်တော့ အဂျယ်မော်လူရဲ့ အဆိုအရ ရှီကျင့်ဖျင်ရဲ့ အာဏာရှင်ပိုဆန်လာတဲ့ အစိုးရဟာ ဘာကြောင့် တရုတ်စီးပွားရေး “ထိပ်ဆုံးကစပြီး ပျက်စီးနေတာလဲ” ဆိုတဲ့ အကြောင်းရင်းဖြစ်တယ်။
မေး ။ ။ အခု တကမ္ဘာလုံးက ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ ဘယ်လမ်းကြောင်းကို ရောက်နေလဲ။
ဖြေ ။ ။ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပက ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေကို ပြည်သူတွေရဲ့ ထောက်ခံမှုဆုံးရှုံးမှာ အဂျယ်မော်လူက စိုးရိမ်ကြောင်း ဖော်ပြတယ်။ လက်တွေ့မှာလည်း ဒီမိုကရေစီ အများအပြားဟာ သူတို့အင်စတီကျူးရှင်းတွေကို ကာကွယ်ဖို့ အရေးပါမှုကို သံသယဖြစ်နေပုံရတယ်။
အဲဒီ ဒီမိုကရေစီတွေဟာ အုပ်ချုပ်သူတွေရဲ့လက်ကို ချုပ်နှောင်ထားတဲ့ ခိုင်မာတဲ့စည်းမျဉ်းတွေမရှိဘဲ အောင်မြင်ဖို့ ဖြစ်နိုင်တယ်လို့ပြောတဲ့ အများကြိုက် နိုင်ငံရေးခေါင်းဆောင်တွေကို အာဏာပိုမိုပေးဖို့ စိတ်ကူးယဉ်နေကြတယ်။ ဒီနေ့ပေးလိုက်တဲ့ စီးပွားရေး နိုဘယ်ဆုဟာ အဲဒီလို လူတွေအပေါ် သြဇာသက်ရောက်နိုင်မယ် ဆိုတာကို ကျနော် သံသယရှိတယ်။
ဒါပေမယ့် ဒီနှစ် စီးပွားရေးနိုဘယ်ဆုရှင်တွေရဲ့ သုတေသနကနေ မှတ်သားစရာ သတင်းစကားရှိတယ်ဆိုရင် အဲဒီသတင်းစကားဟာ တခါက စီးပွားရေးကြွယ်ဝချမ်းသာမှု ဖြစ်စေတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ စည်းမျဉ်းတွေကို စွန့်ပစ်ရင်း စီးပွားရေးချမ်းသာကြွယ်ဝမှုကိုပါ ဆုံးရှုံးပြီး မြွေပါလည်းဆုံး သားလည်းဆုံး မဖြစ်စေဖို့ မဲဆန္ဒရှင်တွေအနေနဲ့ သတိထားသင့်တယ်ဆိုတာပါပဲ ဖြစ်တယ်။
(The Conversation ပါ Renaud Foucart ကို မေးမြန်းထားသည့် Nobel economics prize: how colonial history explains why strong institutions are vital to a country’s prosperity – expert Q&A ကို ဘာသာပြန်သည်။ ရေးနော့ ဖောကတ်သည် ဗြိတိန်နိုင်ငံ၊ လန်ကက်စတာ တက္ကသိုလ်၊ စီမံခန့်ခွဲရေးပညာကျောင်းမှ ဘောဂဗေဒ ဝါရင့်ကထိက ဖြစ်သည်။)
You may also like these stories:
၂၀၂၄ ငြိမ်းချမ်းရေး နိုဘယ်ဆုရ ဂျပန်အဏုမြူဗုံးဒဏ်မှ လွတ်မြောက်လာသူများ
AI နည်းပညာ ရှေ့ဆောင် Godfather ၂ ဦး ရူပဗေဒ နိုဘယ်ဆုရှင် ဖြစ်လာ
ဒေါ်အောင်ဆန်းစုကြည်ထံမှ နိုဘယ်ဆု ပြန်မသိမ်းဟု နော်ဝေကော်မတီ ပြော
ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိ














