ကျနော်သည် ဘင်္ဂလားပြည်နယ်၊ မိုတီဟာရီတွင် ၁၉၀၃ ခုနှစ်က မွေးခဲ့ပြီး အင်္ဂလိပ်-အိန္ဒိယ မိဘများ၏ ဒုတိယမြောက်သား ဖြစ်ပါသည်။
ကံကောင်းသဖြင့် ကျနော်သည် စကောလားရှစ် ရခဲ့ပြီး ၁၉၁၇-၁၉၂၁ ခုနှစ်အထိ အီတန် ကောလိပ်တွင် ပညာ သင်ကြားခဲ့ပါသည်။
သို့ရာတွင် စာကို ကောင်းစွာ မကြိုးစားခဲ့သဖြင့် ပညာကို နည်းနည်းသာ ရခဲ့ပါသည်။ အီတန် ကောလိပ်သည် ကျနော့် ဘဝတွင် အဆုံးအဖြတ် ပေးမည့် သြဇာလွှမ်းမိုးမှု မရှိခဲ့ဟု ကျနော် ထင်ပါသည်။
၁၉၂၂ ခုနှစ်မှ ၁၉၃၇ ခုနှစ်အထိ ကျနော်သည် အိန္ဒိယပြည် ဘုရင့် ပုဂိုလ် အဖွဲ့ဝင် အဖြစ် မြန်မာပြည်တွင် အမှုထမ်းခဲ့ ပါသည်။
မြန်မာပြည် ရာသီဥတုသည် ကျနော့် ကျန်းမာရေးကို ထိခိုက်စေသောကြောင့် တကြောင်း၊ စာအုပ်များ ရေးလိုသော ဝိုးတိုးဝါးတား စိတ်ကူးကြောင့် တကြောင်း ကျနော်သည် ထိုအလုပ်မှ ထွက်ခဲ့ပါသည်။
သို့ရာတွင် အဓိက အကြောင်းမှာ လွန်စွာ ဆူညံ သောင်းကျန်းသည်ဟု ကျနော် ထင်သော နယ်ချဲ့စနစ် တခုကို ဆက်လက်၍ အလုပ်အကျွေး မပြုလိုသောကြောင့် ဖြစ်ပါသည်။
ဥရောပသို့ ကျနော် ပြန်လာသည့် အခါတွင် ကျနော်သည် ပါရီတွင် တနှစ်ခွဲခန့် နေထိုင်ပြီး မည်သူမျှ ပုံနှိပ် ထုတ်ဝေခြင်း မပြုသော ဝတ္ထုရှည်များ၊ ဝတ္ထုတိုများကို ရေးသားနေခဲ့ပါသည်။
ကျနော့်တွင် ပါလာသည့် ပိုက်ဆံကလေး ကုန်သည့်အခါတွင် ကျနော်သည် နှစ်အတန်ကြာ ဒုက္ခရောက်ပြီး ဆင်းရဲ ချို့ငဲ့စွာ နေခဲ့ရပါသည်။
ထိုအတော အတွင်းတွင် ကျနော်သည် ပန်းကန်ဆေးသမား၊ ကျူရှင်ဆရာ နှင့် ခပ်ညံ့ညံ့ အလွတ်ပညာသင် ကျောင်းများတွင် ကျောင်းဆရာ ဝင်လုပ်ခဲ့ပါသည်။
ကျနော်သည် လန်ဒန်မြို့ရှိ စာအုပ်ဆိုင် တဆိုင်တွင် စာအုပ် ရောင်းသမား လုပ်ခဲ့ပါသေးသည်။ ထိုအလုပ်မှာ စိတ်ဝင်စားစရာ ကောင်းသည့်တိုင် ကျနော် မနှစ်သက်သော လန်ဒန်မြို့ကြီးတွင် နေရသဖြင့် ပျော်ပိုက်ခြင်း မရှိပါ။
၁၉၃၅ ခုနှစ် တဝိုက်လောက်တွင်မူ စာရေးလို့ရသည့် ပိုက်ဆံကလေးဖြင့် နေနိုင်လာပါပြီ။
ထိုနှစ်ကုန်တွင် ကျနော်သည် တောဘက်သို့ ပြောင်းလာခဲ့ကာ ကုန်စုံဆိုင်ကလေး တဆိုင် ဖွင့်ပါသည်။ ကုန်စုံဆိုင် အလုပ်မှာ အကျိုးမရှိလှပါ။
သို့ရာတွင် အရောင်းအဝယ် လုပ်ငန်းအကြောင်းကို အတော်အတန် သိခဲ့ရသဖြင့် ရှေ့တွင် ထိုလုပ်ငန်းကို ပြန်လုပ်ကိုင်ခဲ့လျှင် အသုံးကျမည့် အတွေ့အကြုံတို့ကို ရခဲ့ပါသည်။
၁၉၃၆ ခုနှစ် နွေရာသီတွင် ကျနော် အိမ်ထောင်ပြုခဲ့ပါသည်။
ထိုနှစ် အကုန်တွင် ကျနော်သည် ပြည်တွင်းစစ်ကို ဝင်တိုက်ပေးရန် စပိန်ပြည်သို့ ထွက်လာခဲ့ပါသည်။ ထို့နောက် မကြာမီတွင် ကျနော့် ဇနီးလည်း လိုက်လာခဲ့ပါသည်။
ကျနော်သည် အာရေဂွန် စစ်မျက်နှာတွင် နိုင်ငံတကာ ပြည်သူ့စစ် အဖွဲ့ဝင်များနှင့် အတူ ၄ လ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပြင်းထန်စွာ ဒဏ်ရာ ရခဲ့ပါသည်။ သို့ရာတွင် ကံအားလျော်စွာ ကြီးကျယ်သည့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ မရှိခဲ့ပါ။
ထို့နောက် မောရိုကိုတွင် တဆောင်း ခိုခဲ့ပါသည်။
ထိုမှလွဲလျှင် ကျနော်သည် စာရေးခြင်း၊ ကြက်မွေးခြင်း၊ ဟင်းသီး ဟင်းရွက် စိုက်ခြင်း လောက်မှလွဲ၍ အခြား ဘာမျှ လုပ်ကိုင်ခြင်း မရှိခဲ့ဟု ရိုးသားစွာ ပြောလိုပါသည်။
စပိန်တွင် တွေ့ခဲ့သည့် အတွေ့အကြုံများနှင့် လက်ဝဲ နိုင်ငံရေး ပါတီများ၏ အတွင်းကြိတ် လုပ်ကြပုံများကြောင့် ကျနော်သည် နိုင်ငံရေးကို ကြောက်သွားပါသည်။
ကျနော်သည် လွတ်လပ်သော လေဘာ ပါတီသို့ ခဏဝင်ခဲ့ဖူးပါသည်။ သို့ရာတွင် ယခု စစ်ကြီးဖြစ်လာသည့် အခါတွင် ထိုပါတီမှ ထွက်လာခဲ့ပါသည်။
သူတို့သည် အဓိပ္ပာယ်မရှိသည့် စကားများကို ပြောဆိုနေကြပြီး ဟစ်တလာကို အကျိုးရှိစေမည့် လမ်းစဉ်ကို ချမှတ် နေသောကြောင့် ဖြစ်ပါသည်။
စိတ်ထဲတွင်မူ ကျနော်သည် လက်ဝဲဘက်မှ ပြတ်သားစွာ ရှိပါသည်။ သို့ရာတွင် စာရေးဆရာ ဆိုသည်မှာ ပါတီ နိုင်ငံရေး တံဆိပ်များမှ ကင်းရှင်းမှ ရိုးသား မှန်ကန်သည်ဟု ယူဆပါသည်။
ကျနော် အလေးထားပြီး ဖတ်၍ မရိုးနိုင်သော ရှိတ်စပီးယား၊ ဆွတ်၊ ဖီးလ်ဒင်း၊ ဒစ်ကင်း၊ ချားလ်စ်ရိ၊ ဆင်မြူရယ် ဘတ်တလာ၊ ဇိုလာ၊ ဖလော်ဘေး နှင့် ခေတ်ပေါ် စာရေးဆရာများထဲမှ ဆိုလျှင် ဂျိမ်းစ်ဂျွိုက်စ်၊ တီအက်စ် အဲလိယော့ နှင့် ဒီအိတ်ချ် လောရင့် တို့ ဖြစ်ပါသည်။
သို့ရာတွင် ကျနော့် အပေါ်တွင် သြဇာအကြီးဆုံး ခေတ်ပေါ် စာရေးဆရာမှာ ဆမ္မားဆက်မွန် ဖြစ်ပါသည်။ ဝတ္ထု တပုဒ်ကို ပြောရာတွင် အဖွဲ့အနွဲ့တွေ မပါဘဲ ရိုးရိုးစင်းစင်း သူပြောသွားပုံကို ကျနော် များစွာ သဘောကျပါသည်။
စာရေးခြင်း အလုပ်အပြင် အခြား ကျနော် ဝါသနာပါသည့် အလုပ်မှာ ဥယျာဉ် စိုက်ခြင်း ဖြစ်ပါသည်။ အထူးသဖြင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးခြင်း ဖြစ်ပါသည်။
ကျနော်သည် အင်္ဂလိပ် ချက်ပြုတ်နည်း၊ အင်္ဂလိပ် ဘီယာ၊ အင်္ဂလိပ် ဝိုင်အနီ၊ စပိန် ဝိုင်အဖြူ၊ အိန္ဒိယ လက်ဖက်ရည်၊ ဆေးတံ သောက်ဆေး ပြင်းပြင်း၊ ကျောက်မီးသွေး မီးလင်းဖို၊ ဖယောင်းတိုင် မီးရောင် နှင့် သက်သောင့်သက်သာ ရှိသော ကုလားထိုင်များကို နှစ်သက်ပါသည်။
မြို့ကြီးများ၊ ဆူညံသည့်အသံ၊ မော်တော်ကား၊ ရေဒီယို၊ စည်သွပ် အစားအစာ၊ ဓာတ်ငွေ့ အပူပေးစနစ်၊ နောက်ဆုံးပေါ် အိမ်ထောင် ပရိဘောဂ တို့ကို မနှစ်သက်ပါ။
ကျနော့် ဇနီး၏ အကြိုက်များသည်လည်း ကျနော့် အကြိုက်နှင့် ထပ်တူ ထပ်မျှ ဖြစ်ပါသည်။
ကျနော့် ကျန်းမာရေးမှာ မကောင်းပါ။
သို့တိုင် ယခု လက်ရှိ စစ်ပွဲတွင် ပါဝင် တိုက်ခိုက်ခြင်း မပြုသေးသည်မှ လွဲလျှင် ကျနော် လုပ်ချင်ရာ လုပ်ခဲ့သည်ချည်း ဖြစ်ပါသည်။
ယခု ကျနော် ရေးပြခဲ့သော ကျနော့် အကြောင်းမှာ အမှန်များ ဖြစ်သည့်တိုင် ဂျော့အော်ဝဲလ် ဆိုသော နာမည်မှာမူ ကျနော့် နာမည်ရင်း မဟုတ်ကြောင်းကိုမူ ကျနော် ဖော်ပြသင့်သည် ထင်ပါသည်။
ယခု လောလောဆယ်တွင် စစ်ကြီးကြောင့် ကပြောင်းကပြန် ဖြစ်နေသဖြင့် ကျနော် ဝတ္ထု ရေးသားခြင်း မရှိသေးပါ။ သို့ရာတွင် အပိုင်း ၃ ပိုင်း ပါသည့် ဝတ္ထုရှည်ကြီး တပုဒ်ကို ရေးရန် စိတ်ကူးထားပါသည်။
ထို ဝတ္ထုကြီးကို “ခြင်္သေ့ နှင့် မနုဿီဟ” သို့မဟုတ် “မြန်သူ နှင့် သေသူ” ဟု အမည်ပေးရန် စိတ်ကူးထားပါသည်။ ။
Autobiographical Notes by George Orwell (U.K.)
(စာရေးဆရာကြီး မြသန်းတင့် မြန်မာပြန် ရေးသားသည့် ဤ ရသစာတမ်း (Literary Essay) ကို နှစ်ကာလများ စာပေက ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “နိုင်ငံတကာ ရသစာတမ်းငယ်များ ပထမအုပ် ပထမ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ ပါသည်။)