စစ်ထောက်လှမ်းရေး အဖွဲ့အစည်း ဆိုတာက ညှဉ်းဆဲဖို့၊ ဖိနှိပ်ဖို့၊
ပြီးတော့ ယုတ်မာတာတွေ အများကြီးလုပ်ဖို့ ဝါသနာပါတယ်။
ဒီလို အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့သူ ဖြစ်လို့ ခင်ညွန့်ကို ခေါ်ချင်သလို ခေါ်နိုင်တယ်။
ဒါပေမယ့် “အမှောင်မင်းသားကြီး” ဆိုတာမျိုးကတော့ သိပ်ကို ဇာတ်ဆန်တယ်။
အောင်ဆန်းစုကြည်
အေးရှားဝိခ် (Asiaweek)
၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်။
၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် မြန်မာ အစိုးရ ရုပ်မြင်သံကြားက ဝန်ကြီးချုပ် ခင်ညွန့်ကို “ကျန်းမာရေးကြောင့် အငြိမ်းစား ယူခွင့်ပြုလိုက်ကြောင်း” ကြေညာလိုက်သည်။
အောတိုဘာလ ၂၄ ရက်နေ့တွင် အသစ်ခန့်ထားလိုက်သည့် ဝန်ကြီးချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း နှင့် စစ်ဦးစီး အရာရှိချုပ် နှင့် အထူး စစ်ဆင်ရေး ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ရွှေမန်း တို့က ရုပ်မြင်သံကြားမှ ရှင်းလင်း တင်ပြသည်။
နှစ်ဦးစလုံးမှာ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) မှ ထိပ်တန်း အဖွဲ့ဝင်များ ဖြစ်ကြသည်။
မြန်မာ-တရုတ် နယ်စပ်တွင် စစ်ထောက်လှမ်းရေးများ ပါဝင် ပတ်သက်နေသည့် အကျင့်ပျက်မှုများ အကြီးအကျယ် ဖြစ်နေကြောင်း အစိုးရက သက်သေ အထောက်အထား တွေ့ရှိထားသည်ဟု ဆိုသည်။
ယင်းလှုပ်ရှားမှုများကို ရပ်တန့်ရန် ညွှန်ကြားသည်ကို ဗိုလ်ချုပ်ကြီး ခင်ညွန့်က ဂရုမစိုက်ခဲ့ကြောင်း၊ ထောက်လှမ်းရေး တာဝန်များကို စွန့်လွှတ်ရန် ပြောသော အခါတွင်လည်း တပ်မတော်မှ အခြား အထက်တန်း အရာရှိကြီးများ၏ သတင်း များကို စုဆောင်းရန် တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ်ရုံး (OCMI) သို့ အမိန့် ပေးခဲ့ကြောင်း၊ ဤလုပ်ရပ်သည် တပ်မတော်၏ ညီညွတ်မှုကို ထိပါးရုံသာ မက “နိုင်ငံတော်ကိုလည်း ပြင်းထန်စွာ ခြိမ်းခြောက်ခြင်းပင် ဖြစ်ကြောင်း” ထို ဗိုလ်ချုပ်ကြီး နှစ်ဦးက ဆိုသည်။
ထို့ကြောင့် ခင်ညွန့်ကို သူ့ရာထူး အားလုံးမှ ထုတ်ပစ်ကာ ဖမ်းဆီးထားလိုက်သည်။
ခင်ညွန့်ကို ကျန်းမာရေးကြောင့် တာဝန်မှ ထုတ်ပယ်သည် ဆိုသည်ကိုလည်း မကြာမီတွင် မေ့လိုက်ကြသည်။ အကြောင်းမှာ ယခင် ထောက်လှမ်းရေးမှူးချုပ်ကို “အပြစ်ရှိသည်” ၊ “အဂတိလိုက်စားသည်” ၊ “အမိန့် မနာခံ” ဟု လူသိ ထင်ရှား တံဆိပ် တပ်လိုက်ပြီး ဖြစ်လေသည်။
တပ်မတော် အတွင်း နှစ်နှင့် ချီကာ ဖြစ်နေသည့် တင်းမာမှုများကို ထူးထူးခြားခြားပင် ထုတ်ပြလိုက်သည်။
ပိုဆိုးသည်မှာ အထက်တန်း အရာရှိကြီး တဦးသည် စစ်အစိုးရကို ဖြုတ်ချနိုင်စွမ်း၊ နိုင်ငံတော် တည်ငြိမ်မှုကို ခြိမ်းခြောက် နိုင်စွမ်း ရှိသည်ဟု ထုတ် မပြောသော်လည်း ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။
နိုဝင်ဘာလ ၇ ရက်ထုတ် အင်္ဂလိပ် သတင်းစာ ကမ္ဘာလုံး ဆိုင်ရာ မြန်မာ့ အလင်း (The Global New Light of Myanmar) သတင်းစာတွင် စိုးဝင်း နှင့် ရွှေမန်း တို့၏ ရှင်းပြချက် အပြည့်အစုံ ၁၈ မျက်နှာကို အချပ်ပိုအဖြစ် ထုတ်ဝေလိုက်သည်။
မြန်မာဘာသာ သတင်းစာများတွင်လည်း အလားတူ ထုတ်ဝေခဲ့သည်။
ယင်းမတိုင်မီကပင် အစိုးရ သတင်းဌာနများက “ဥပဒေ အထက်တွင် မည်သူမျှ မရှိ” ဟု လည်းကောင်း၊ နအဖ သည် “နိုင်ငံတော် မူဝါဒများကို ဖျက်ဆီးသည့် မည်သူ့ကို မဆို” ပြတ်သားစွာ အရေးယူမည်ဟု လည်းကောင်း၊ အကြိမ်ကြိမ် ကြေညာနေခဲ့သည်။
၂၀၀၃ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က ခင်ညွန့် ပြောခဲ့သည့် “စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီသို့ အသွင် ကူးပြောင်းရေး သမိုင်းဝင် မိန့်ခွန်းကို ရည်ညွှန်းကာ” အချက် ၇ ချက် ပါသော လမ်းပြမြေပုံသည် တဦးတည်း၏ မူဝါဒ မဟုတ်ဘဲ နိုင်ငံတော် ၏ မူဝါဒ ဖြစ်ကြောင်း ကိုလည်း ရှင်းလင်းစွာ ဖော်ပြထားသည်။
အောက်တိုဘာလ ၂၄ ရက်နေ့ ရှင်းလင်းချက်အရ ခင်ညွန့်သည် ပြစ်မှု ၄ ခုကို ကျူးလွန်သည်ဟု ဆိုသည်။
ပထမ ပြစ်မှုမှာ သူ့ထက် အဆင့်မြင့်သူ တဦး၏ အမိန့်ကို မနာခံခဲ့ခြင်း ဖြစ်ကာ ယင်းကို အရေးမယူလိုက်ပါက “စစ်တပ် ပြိုကွဲရေး” ကို ဖြစ်စေမည်။
ဒုတိယမှာ OCMI သည် တရားမဝင်သည့် စီးပွားရေး လုပ်ဆောင်မှုများတွင် ပတ်သက်နေသည်။
တတိယမှာ ခင်ညွန့် နှင့် မိသားစုသည် လာဘ်ပေး လာဘ်ယူမှု၊ ကျင့်ပျက်မှု တို့ကို ကျူးလွန်ထားသည်။
စတုထ္တမှာ OCMI သည် ယင်း၏ အာဏာများကို ကျော်လွန်ကာ တာဝန် ပြင်ပ လှုပ်ရှားမှုများနှင့် ပတ်သက်နေသည်။
ဤသို့ လာဘ်ပေး လာဘ်ယူမှု၊ အကျင့်ပျက်မှု စသည့် ဥပဒေနှင့် မညီသည့် အပြုအမူများဖြင့် စွပ်စွဲခြင်းကို မြန်မာနိုင်ငံနှင့် မြန်မာ အစိုးရ၊ လုံခြုံရေး တပ်များ၏ လုပ်ပုံ ကိုင်နည်းများနှင့် ရင်းနှီးသူများကမူ ရယ်စရာဟုသာ မှတ်ကြပေမည်။
အကြောင်းမှာ အရာရှိ အရာထမ်း အများစုသည် အာဏာ အနည်းအပါး ရှိလျှင်ပင် မိမိတို့၏ ရာထူးကို သုံးကာ ချမ်းသာအောင်၊ မိမိတို့ မိသားစု အကျိုးစီးပွား ဖြစ်ထွန်းအောင် လုပ်ကြသောကြောင့် ဖြစ်သည်။
တကယ့်တကယ်မှာ အစိုးရက အကြောင်းကြောင်းကြောင့် သဘောမကျတော့သည့် စစ်အရာရှိများ၊ အခြား အရာရှိများကို ဖယ်ရှားလိုလျှင် အကျင့်ပျက်သည်ဟု စွပ်စွဲနေကျဖြစ်သည်။
“ခိုးသူမင်း အုပ်စိုးနေသည့်” ခေတ်သစ် မြန်မာနိုင်ငံတွင် ဤကိစ္စမျိုး အတွက် လိုအပ်သည့် အထောက်အထားကို ရှာရန် လုံးဝ မခဲယဉ်းပေ။ အခြား စွဲချက်များကသာ ပိုမိုပြင်းထန်သည်။
လူထုထံမှ တရားဝင် အာဏာစက်ကို ရမထားသဖြင့် တပ်မတော်၏ စည်းလုံးမှု၊ သစ္စာ ရှိမှုသည်သာ ဗိုလ်ချုပ်ကြီးများ အာဏာ တည်မြဲရေးတွင် အခရာကျသည်။
ထို့ကြောင့် စစ်မှုထမ်းများကို အနီးကပ် စောင့်ကြည့်နေရကာ ဖီဆန်သည့် အရိပ်အယောင်များကို ချက်ချင်း တိုက်ဖျက်နေရသည်။
ပုဂ္ဂိုလ် အချင်းချင်း၊ လုပ်ငန်း အချင်းချင်း အပြိုင်အဆိုင် အမြဲတမ်း ရှိနေသည့်ပြင်၊ စစ်ထောက်လှမ်းရေး အဝန်းအဝိုင်းက ခံစားနေရသည့် အခွင့်ထူးများ အတွက်လည်း မကျေနပ်ကြပေ။
သို့သော် ထိပ်တန်း အရာရှိကြီးများ ကွဲကြပြဲကြသည့် အရိပ်အယောင်များ ရှိလာလျှင်မူ ထိရောက်စွာ အရေးယူ ဆောင်ရွက်တတ်သည်။
အကယ်၍ တိုင်းမှူးများ၊ အခြား တိုက်ခိုက်ရေး အဖွဲ့ အကြီးအမှူးများ၏ အကျင့်ပျက်မှုများကို ဖော်ထုတ်လို၍ စုံစမ်း စစ်ဆေးရန် OCMI ဦးစီး ဝန်ထမ်းများကို အမိန့်ပေးသည် ဆိုပါက စိုးရိမ်စရာပင် ဖြစ်သည်။
ခင်ညွန့် (နှင့် သူ့အလျင်က စီအိုင်များ) က အရာရှိများ အတွက် အမှုတွဲများကို ဖွင့်ထားသည်ဟု လက်ခံထားကြပြီး ဖြစ်သည်။
သို့သော် စုဆောင်းထားသည့် သတင်း အချက်အလက်များကို သူတို့ အဖွဲ့အစည်းကို ကာကွယ်ရန် အတွက် သုံးမည် ဆိုလျှင်မူ အန္တရာယ် ရှိနေပြီဟု မှတ်ယူကြပေလိမ့်မည်။
ဤသို့ ဆောင်ရွက်မှုမျိုးသည် စစ်ခေါင်းဆောင် တစုလုံးကို ခြိမ်းခြောက်ခဲ့သည်။ လက်နက်ကိုင် တပ်များ စည်းလုံးမှုကို အားနည်းလာစေနိုင်သည်။
ထိုကြောင့် အာဏာကို မြဲမြဲ ဆုပ်ကိုင်ရန် ခက်ခဲလာနိုင်သည်။
ခင်ညွန့်ကို ထုတ်ပစ်ပြီး နောက်ပိုင်းလများတွင် မြန်မာနိုင်ငံ အတွင်းမှရော အပြင်မှပါ အကြောင်းရင်းများ၊ ရလဒ်များကို ထင်ကြေးပေးကြသည်။
ကြယ်လေးပွင့် အဆင့်ရှိပြီး ဧရာမ ထောက်လှမ်းရေး စနစ်ကြီးကို ထိန်းချုပ်ထားနိုင်မှုတို့ကြောင့် ခင်ညွန့်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး တို့အောက် တတိယ အာဏာ အရှိဆုံး နအဖ အဖွဲ့ဝင် ဖြစ်သည်။
၂၀၀၄ ခုနှစ် မတိုင်မီကပင် သူ့ကို ကျဉ်ထားလိုက်ပြီး ဖြစ်သည်ကို အခရာ ကျသော နအဖ အတွင်းရေးမှူး-၁ တာဝန်မှ အဆောင်အယောင်မျှသာ ဖြစ်သည့် ဝန်ကြီးချုပ် ရာထူးသို့ ၂၀၀၃ ခုနှစ်တွင် ပြောင်းလိုက်ခြင်းက ရှင်းလင်းပြနေသည်ဟု နိုင်ငံရေး သုခမိန် အချို့က ဆိုကြသည်။
အချို့ကလည်း ထိုသို့ သြဇာ ကျဆင်းသွားရသည်မှာ ဦးနေဝင်းကို ဖမ်းဆီးထားလိုက်ပြီး မကြာမီ ၂၀၀၂ ခုနှစ်တွင် သေဆုံး သွားသဖြင့် ခင်ညွန့်လည်း “အဘိုးကြီး” ကိုယ်တိုင်၏ အကာအကွယ်ကို ဆုံးရှုံးသွားသောကြောင့်ဟု နောက်ကြောင်းကို လှန်ကြ၏။
စီအိုင်ကို ထုတ်ပစ်သည့် အကြောင်းကို ဖော်ပြရာတွင် အများစုက ၂၀၀၄ ခုနှစ် စက်တင်ဘာလက မြန်မာ-တရုတ် နယ်စပ်တွင် ဖြစ်ပျက်ခဲ့သည်များနှင့် အစချီတတ်ကြသည်။
ယင်းဖြစ်ရပ်များမှ စတင်ကာ နအဖ က ခင်ညွန့်ကို ချေမှုန်းလိုက်ပြီး သူ့အာဏာ အုတ်မြစ်ကိုပါ မြေလှန်ခဲ့သည် အထိ ဖြစ်သွားပုံရသည်။
ဤသို့ တင်ပြကြသော်လည်း အချက်အလက်အရ မတိကျဘဲ အစိုးရ၏ ဖြစ်နိုင်သည့် ရည်ရွယ်ချက်ကို ဆွေးနွေး ရာတွင်လည်း တသမတ်တည်း မရှိပေ။
စောင့်ကြည့်သူ အမျိုးမျိုးက အချက်အလက် အမျိုးမျိုးကို အလေးပေးပုံ အမျိုးမျိုးဖြင့် တင်ပြထားကြသည်။ သို့သော် အများစုက ပုံစံ တခုတည်း အတိုင်းသာ လိုက်နာနေကြသည်။
၂၀၀၄ ခုနှစ်စက်တင်ဘာလ က မည်သို့ ဖြစ်သွားသည် ဆိုသည်မှာ ယခုထက်တိုင် မရှင်းလင်းသေးပေ။
အစိုးရ အာဘော်ကမူ မူဆယ်တောင်ဘက် မြန်မာ-တရုတ် နယ်စပ် အနီး ပန်ဖတ်မန် စစ်ဆေးရေး စခန်းတွင် အကျင့်ပျက် ခြစားမှုများ ဖြစ်နေသည်ဟု “တာဝန်သိ ပြည်သူ” တဦးက တိုင်ကြားသည်ဟု ဆိုသည်။
စွပ်စွဲခံရသည်မှာ နာမည်ဆိုးနှင့် ထင်ရှားနေသည့် နစက အဖွဲ့ ဖြစ်သည်။
ခင်ညွန့် ထံသို့ တိုင်စာ ရောက်သွားသော်လည်း အရေးမယူသဖြင့် အရှေ့မြောက်တိုင်း၏ တိုင်းမှူး ဗိုလ်ချုပ် မြင့်လှိုင်က တာဝန်ရှိသူများကို ထိန်းသိမ်းရန် စစ်သားများကို ချက်ချင်း စေလွှတ်လိုက်သည်ဟု ဆိုသည်။
အတည်ပြုမထားသည့် သတင်းတရပ်အရ သူတို့ကို မဖမ်းဆီးနိုင်မီ နစက နှင့် စစ်ထောက်လှမ်းရေး အရာရှိ ၂၀၀ ခန့်က ပြန်၍ ခုခံကြသည်ဟု ဆိုသည်။ (အပြန်အလှန် ပစ်ခတ်ကြသည်ဟု အချို့က ဆိုသည်)
အချို့ကလည်း OCMI ၊ မြန်မာ ရဲတပ်ဖွဲ့၊ အကောက်ခွန်၊ လူဝင်မှုတို့ ပါဝင်သည့် ခေါင်းဆောင်များကို မဖမ်းဆီးမီ နစက ၇၀ ခန့်က “ထိုးလားကြိတ်လား” လုပ်ကြသေးသည်ဟု ဆိုသည်။
နအဖ အဆိုအရ ငွေသား ကျပ် ၃ ဘီလီယံခန့် (ထိုအချိန်က ငွေလဲနှုန်းအရ အမေရိကန် ဒေါ်လာ ၃ ဒသမ ၂၅ သန်းခန့်)၊ ကျောက်စိမ်း ၄၂ တန်၊ ပုလဲ လုံးရေ ၁၃၀၀၊ လိုင်စင်မဲ့ကား အများအပြားကို ယင်းတို့၏ လက်တွင် တွေ့ရှိရမိသည်။
၂၀၀၄ ခုနှစ် နှောင်းပိုင်းတွင် တပ်မတော်နှင့် အခြား နယ်ဘက် ဌာန သုံးခုမှ ဝန်ထမ်း ၁၈၆ ဦးကို မူဆယ် အကျင့်ပျက်မှုတွင် အပြစ်ရှိကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ပထမ အဆိုက ပို၍ တိကျသည်။
ဤဖြစ်ရပ်သည် ထိုစဉ်က စင်ကာပူတွင် တရားဝင် အလည်အပတ် ရောက်ရှိနေသည့် ခင်ညွန့်ကို ဦးတည်သည့် အာဏာ လုပွဲဟု စောင့်ကြည့်သူ အများစုက မှတ်ယူကြသည်။
နစက ကို တိုက်ခိုက်ရေး တပ်များက တိုက်ခိုက်မှုမျိုးမှာ ယခင်က မရှိဘူးသည့်ပြင် ရန်ကုန်မှ အထက်ဌာန သဘောမတူလျှင် လုပ်၍ မရနိုင်မည်မှာ သေချာသည်။
နအဖ ဒု ဥက္ကဌ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက ခွင့်ပြုလိုက်နိုင်သည်၊ သို့မဟုတ် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ကပင် ခွင့်ပြုလိုက်နိုင်သည်။
သတင်းသမား အနည်းငယ်က ဗိုလ်ချုပ် မြင့်လှိုင်သည် မောင်အေး၏ ကိုယ်ရေး အရာရှိ ဖြစ်ဖူးသည်ကို ထောက်ပြကြသဖြင့် တိုင်စာ ဆိုသည်မှာ တကယ်ပင် ရှိစေခဲ့ဦး ခြေလျင် တပ်များကို နစက သို့ သွားတိုက်ရန်၊ ထိုသို့ဖြင့် ခင်ညွန့်ကို သွယ်ဝိုက် ကာ စိန်ခေါ်ရန် ရည်ရွယ်သည့် အကြောင်းပြချက်သာ ဖြစ်မည် ဟူသော ထင်ကြေးကို မီးထိုးပေးရာ ရောက်သည်။
အရှုပ်တော်ပုံ သီအိုရီသမားများ ကလည်း တိုင်စာ ဆိုသည်မှာ မောင်အေး၏ “လျှို့ဝှက် ထောက်လှမ်းရေး အုပ်စု” ၏ လက်ချက်သာ ဖြစ်သည်ဟုပင် ဆိုကြသည်။
ယင်းတို့ အကျင့်ပျက်မှုကြောင့် ရထားသော ပစ္စည်းများကို မြင့်လှိုင် နှင့် အခြားအရာရှိများသို့ ခွဲပေးလိုသည့် နစက များက ဤဖြစ်ရပ်ကို စလိုက်သည်ဟု အချို့က ယုံကြည်ကြသည်။
နိုင်ငံတကာ နယ်နိမိတ်၏ အဓိက ကျသော အပိုင်းများကို ထိန်းချုပ်ထားရသည့် အခြား တိုင်းမှူး တဦးကလည်း နစက ကို တိုင်သည်ဟု ကြားရသည်။
ဤသို့ ဖြစ်ပြီးနောက် ၁၅ နှစ် ရှိပြီ ဖြစ်သည့် ယနေ့ အချိန်တွင်ပင် မူဆယ် နစက ကို ဝင်စီးနင်းစေသည့် လတ်တလော အကြောင်းရင်းမှာ ဝှက်ကွယ်နေဆဲ ဖြစ်သည်။
ထိုအချိန်က ပေါ်ထွက်နေသည့် ဇာတ်လမ်း တပုဒ်မှာ ရန်ကုန်မှ လူကြီးများ အတွက် သယ်လာသည့် မှောင်ခို ပစ္စည်း ယာဉ်တန်းကို သိသိလျက်နှင့် နစက က ကြားဖြတ် တားဆီးခဲ့၍ ချက်ချင်းပင် ပြင်းထန်စွာ အရေးယူခံရသည်ဟု ဆို၏။
နောက် ကောလာဟလ တခုမှာ နစက သတ်ခဲ့မိသည့် မှောင်ခိုသမား လူငယ်တဦးမှာ ကချင် အပစ်အခတ် ရပ်စဲရေး အဖွဲ့၏ အထက်တန်း အဖွဲ့ဝင် တဦး၏ အမျိုး ဖြစ်နေသည် ဆို၏။
ပို၍ ဖြစ်နိုင်သည့် ရှင်းပြချက်ကို ဝါရှင်တန် နိုင်ငံခြားရေး ရုံးသို့ ရန်ကုန် အမေရိကန်က မှတ်ချက် မပါဘဲ ပေးပို့လိုက်သည့် ကြေးနန်းတွင် တွေ့ရသည်။
၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင် ပေးပို့လိုက်သည့် ကြေးနန်းအရ မူဆယ် နစက မှ အရာရှိများသည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တည်ရှိရာ လားရှိုးရှိ မြန်မာ့ ကြည်းတပ်မှ ဗိုလ်မှူးကြီး တဦး ဝယ်ထားသည့် ဆက်သွယ်ရေး ကိရိယာများကို သိမ်းဆည်းလိုက်သည်။
တိုင်းမှူးက ဤကိစ္စကို မောင်အေးထံ တင်ပြလိုက်ရာ၊ မူဆယ် နစက စခန်းကို “ပုံမှန်စစ်တပ်” က ဝင်စီးနင်းကာ ထိုပစ္စည်းကို ပြန်သိမ်းခိုင်းလိုက်သည်။
ခိုင်းသည့် အတိုင်း သွားရောက် ဆောင်ရွက်သော စစ်သားများသည် ခုခံမှုကို အလွယ်တကူ နှိမ်နင်းလိုက်ပြီးနောက် သိမ်းဆည်းထားသည့် ပစ္စည်း အမြောက်အမြားကို တွေ့ရှိခဲ့သည်။
ဤသို့ဖြင့် စစ်တပ် ကွပ်ကဲမှု အဆင့်ဆင့် အတွင်းရှိ ခင်ညွန့်၏ ရန်သူများ အတွက် သူ့ကို ဖယ်ရှားရန် လုံလောက်သည့် အကြောင်းပြချက် ရသွားသည့်အပြင် တရားသည်ဟု လူထုကလည်း ထင်မြင် သွားစေသည်။
၂၀၁၇ ခုနှစ်တွင် ထုတ်ဝေသည့် ယင်း၏ မှတ်တမ်း စာအုပ်တွင် ခင်ညွန့်က ယင်းအဖြစ်အပျက်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အချို့ကို ဖော်ပြထားသည်။
သို့သော်လည်း ဤကိစ္စ တခုလုံးကို အကျင့်ပျက် နစက အရာရှိများကို လည်းကောင်း၊ ရှင်းလင်းချက်လည်း မပေးဘဲ “အကျင့်တန်သည့် တရုတ် အရာရှိများ” ကိုလည်းကောင်း အံ့သြစရာ ကောင်းလောက်အောင် ပုံချထားသည်။ ။
ဆက်လက် ဖော်ပြပါမည်။
(ဤဆောင်းပါး စာစုကို လွင်ဦးစာပေ (လှည်းတန်း) က ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ထုတ်ဝေသော ဉာဏ်သစ် မြန်မာပြန် “လျှို့ဝှက်ချက်များ နှင့် အာဏာ (ထောက်လှမ်းရေး နှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း)” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းစာအုပ်မှာ Andrew Selth ရေးသားသည့် Secrets and Power in Myanmar : Intelligence and The Fall of General Khin Nyunt ဖြစ်ပါသည်။)
You may also like these stories:
ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း (၂)