နစ်ကိုလို မက်ခီယာဗယ်လီ (၁၄၆၉ – ၁၅၂၇)
NICCOLO MACHIAVELLI (1469 – 1527)
အုပ်စိုးသူ မင်းစိုးရာဇာ မှန်သမျှ မိမိတန်ခိုး အာဏာ ခိုင်မြဲတည်တံ့ ကြီးပွား တိုးတက်စေချင်ရင် ပရိယာယ် များများနဲ့ လှည့်စားရမယ်၊ လိမ်ရမယ်၊ ညာရမယ်၊ အာဏာကို သုံးပြီး မညှာမတာ ဖိစီးနှိပ်စက် သုတ်သင်ရမယ် ဆိုတဲ့ အကြံဉာဏ်တွေကြောင့် အများတကာ ရွံမုန်းတဲ့ အီတလီ (Italian) လူမျိုး ဒဿနိက ပညာရှင်ဟာ နစ်ကိုလို မက်ခီယာဗယ်လီ (Niccolo Machiavelli) ဖြစ်ပါတယ်။
ဘယ်နေရာမှာမှ ဒါမျိုး ဒါလုပ်လို့ မသင့်ပါကလားလို့ ဆုတ်ဆိုင်းခြင်း မရှိတဲ့၊ လူအများက လူယုတ်မာလို့ အခေါ် ခံရတဲ့လူက ကမာ္ဘမှာ အယုတ်တမာတွေပဲ လုပ်နေကြတာ မဟုတ်လား။
ဟန်ကောင်းကောင်းနဲ့ စကားလှလှပြောပြီး တကယ်တမ်းတော့ ယုတ်မာကြတာပါပဲ။
ငါ့လို ဗြောင်ပြောပြီး ဗြောင်မလုပ်ရဲကြတာ တခုပဲ ကွားခြားတယ်။ အဲဒါကို ထောက်ခံ ကျေနပ်တဲ့ လူတွေလည်း ရှိပါတယ်။
သူရေးတဲ့ စာတွေကို နိုင်ငံရေးသမားရော ဒဿနိက ဆရာတွေပါ အသေးစိတ် လေ့လာကြတယ်။ အဲဒီလောက် ဂရုတစိုက် ဖတ်ကြ၊ လေ့လာကြတဲ့ စာမျိုးက နည်းတယ်။ အဲဒါလည်း အံ့သြစရာတခု ဖြစ်ပါတယ်။
မက်ခီယာဗယ်လီကို အီတလီ၊ ဖလောရဲင့်စ် (Florence) မှာ ၁၄၆၉ က မွေးဖွားခဲ့ပါတယ်။ အဖရှေ့နေ၊ ဂုဏ်ကြီးတဲ့ မျိုးနွယ်က ဆင်းသက်တယ်။ ဥစ္စာစည်းစိမ် ပါးရှားတယ်။
အီတလီမှာ ရှေးစာပေ ပညာတွေကို ပြန်ပြီး လေ့လာတဲ့ ရီနေးဆန့် (Renaissance) ခေတ်က ပြင်သစ် (France)၊ စပိန် (Spain)၊ အင်္ဂလန် (England) လို ပေါင်းစည်းညီညွတ် စည်ပင်ချိန်နဲ့ ဆန့်ကျင်ဘက်၊ အီတလီ က အစိပ်စိပ်အမြွာမြွာ ကွဲနေချိန် ဖြစ်လို့ ဓလေ့အရာမှာ ပြောင်မြောက် ကြီးကျယ်ပေမယ့် နိုင်ငံရေးအရ အားနည်း နေချိန် ဖြစ်ပါတယ်။
မက်ခီယာဗယ်လီ အရွယ် ရောက်တဲ့အခါ ဖလော့ရဲင့်စ်ကို မဲဒီစီ (Medici) မင်းဆက် အသရေရှင် လော်ရန်ဇို (Lorenzo) အုပ်ချုပ်နေချိန် ဖြစ်ပါတယ်။
ဒါပေမယ့် လော်ရန်ဇို နတ်ရွာစံပြီးတဲ့ ၁၄၉၂ နောက် မကြာမီ မဲဒီစီတွေကို ဖလော်ရဲင့်စ်က မောင်းထုတ်လိုက်ပြီး ပြည်ထောင်စု သမ္မတ နိုင်ငံ ဖြစ်သွားတယ်။
၁၄၉၈ မှာ အသက် ၂၉ နှစ်ရှိတဲ့ မက်ခီယာဗယ်လီဟာ ဖလောရင့်စ်က ပြည်သူ့ဝန်ထမ်း အဖြစ်နဲ့ ရာထူး မြင့်မြင့်က ရထားပြီးဖြစ်တယ်။
အဲဒီကစပြီး ၁၄ နှစ်လုံးလုံး ဖလောရင့်စ် သမ္မတ နိုင်ငံရဲ့ သံကြီးတမန်ကြီး အနေနဲ့ အီတလီတွင်း အီတလီ၊ ပြင်သစ်၊ ဂျာမနီ နိုင်ငံတွေကို ရောက်ခဲ့ပါတယ်။
ဖလောရင့်စ် သမ္မတ နိုင်ငံက ၁၅၁၂ မှာ ပြိုလဲ ပျက်စီးသွားတယ်။ မဲဒီစီတွေ အာဏာ ပြန်ရတယ်။
မက်ခီယာဗယ်လီ အလုပ်ပြုတ်တယ်။ နောက်တနှစ်မှာ မဲဒီစီ မင်းသစ်တွေကို ဖယ်ရှားပစ်ဖို့ ကြံရာပါ ဆိုပြီး အဖမ်း ခံရတယ်။ အနှိပ်စက် အညှဉ်းပန်း ခံရတယ်။
အပြစ်မရှိတာ ထင်ရှားတော့မှ အဖမ်းခံရတဲ့ နှစ်မှာပဲ လွှတ်လိုက်တယ်။
အဲဒီနောက် ဖလောရင့်စ် နဲ့ မဝေးလှတဲ့ ကက်စီယာနို (San Casciano) မှာ ခြံမြေသေးသေး ဝယ်ပြီး နေလိုက်ပါတယ်။

နောက် ၁၄ နှစ် အတွင်းမှာ သူရေးတဲ့ စာအုပ်တွေ အများကြီးထဲက ကျော်ကြားတဲ့ နှစ်အုပ်က ၁၅၁၃ ခုနှစ် ရေးတဲ့ မင်းသား (The Prince) နဲ့ တိုင်တပ်စ်လိဗိယပ်စ် ရဲ့ ပထမ ကျမ်း ၁၀ ကျမ်း အကြောင်း ပြောပြချက် (The Discourses upon the first Ten Books of Titus Livius) ဖြစ်ပါတယ်။
တခြား ကျမ်းတွေက စစ်ပြုနည်း (The Art of War)၊ ဖလောရင့်စ် သမိုင်း (History of Florence) နဲ့ အခုထိ ရံဖန်ရံခါ ကပြရသေးတဲ့ မန္ဒြဂိုလ (La Mandragola) ပြဇာတ် ဖြစ်ပါတယ်။
ဒါပေမယ့် မင်းသား (The Prince) အတွက် သူ နာမည်ရတာပါ။
အဲဒီ ကျမ်းက ဒဿနိက ကျမ်း ဖြစ်ပြီး လက်စွမ်းပြကျမ်း၊ ဖတ်လို့လွယ်တယ်။ အရေးလည်း ကောင်းတယ်။
မက်ခီယာဗယ်လီမှာ အိမ်ထောင် ရှိတယ်။ ကလေး ၆ ယောက်၊ ၁၅၂၇ မှာ ကွယ်လွန်တော့ အသက် ၅၈ နှစ် ရှိပြီ။
နိုင်ငံ အကြီးအကဲရဲ့ လက်စွဲစာအုပ်က မင်းသား ဖြစ်ပါတယ်။
ဒီကျမ်းရဲ့ အခြေခံကို ပြောရရင် မင်းဖြစ်တဲ့ ပုဂ္ဂိုလ်က အောင်မြင်ချင်ရင် မိမိ ဂုဏ်သိက္ခာကို နည်းနည်းကလေးမှ ငဲ့ညှာဖို့ မလိုဘူး။
အနပ်အပါး ရှိဖို့နဲ့ လက်နက် အားကောင်းဖို့ပဲ လိုတယ်။ မက်ခီယာဗယ်လီ အဆိုကို ပြောရရင် နိုင်ငံတခုမှာ အလိုအပ်ဆုံး အင်္ဂါရပ်က လက်နက် တောင့်တင်းဖို့ပဲ ဖြစ်တယ်။
ကိုယ့်တိုင်းသူ ပြည်သားနဲ့ ဖွဲ့ထားတဲ့ တပ်ဟာ အားအကိုးရဆုံး ဖြစ်တယ်။
ကြေးစားတပ်၊ သူတစ်ပါးရဲ့တပ် အဲဒါတွေကို အားကိုးနေရရင် ကိုယ့်အခြေအနေဟာ အညံ့ဆုံး၊ ဘေးအန္တရာယ် အများဆုံး တွေ့ရတတ်တယ်လို့ ပြောနိုင်ပါတယ်။
ရှင်ဘုရင်ဟာ လူအများရဲ့ ထောက်ခံချက်ကို ရယူနိုင်ဖို့ သိပ်လိုတယ် လို့လည်း ပြောပါတယ်။ ဘေးဒုက္ခနဲ့ ကြုံရင် လူအများရဲ့ထောက်ခံမှု အလိုအပ်ဆုံး ဆိုတာ သိမယ်။
ဒီနေရာမှာ အာဏာကို အရယူတဲ့အခါ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတွေကို စိတ်ဝမ်းငယ်အောင်၊ ငြိုငြင်အောင် လုပ်ရတာမျိုး ကြုံတွေ့ရတတ်တယ်။
အာဏာ သိမ်းချိန်မှာ ရက်စက်စရာ ရှိရင် အပြတ်လုပ်၊ နောင်ကြဉ်သွားအောင် တခါတည်း လုပ်လို့ အကြံပေးပါတယ်။ အဲဒါမှ ခဏခဏ မလုပ်ဘဲ နေလို့ရမယ်လို့ သူက ပြောပါတယ်။
ကျေးဇူးပြုတဲ့ အခါမှာ နည်းနည်းပဲပြု၊ ဒါမှ ကျေးဇူးကို ခံစားခွင့်ရတယ်။ ။
ဆက်လက် ဖော်ပြပါမည်။
(သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း မြန်မာပြန် ရေးသားသည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာအုပ်တိုက် က ၂၀၁၀ ပြည့်နှစ် မတ်လတွင် ထုတ်ဝေသော “ကျော်စွာ ၁၀၀” ဒုတိယအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းမှာ The 100 A Ranking of the Most Influential Person in History by MICHAEL H. HART စာအုပ်ဟု သိရပါသည်။ ဆရာကြီး မြန်မာပြန်ထားသည့် ဆောင်းပါးများထဲက ယခု တပုဒ်ကို ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး ဒေါက်တာ သန်းထွန်းသည် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် အသက် ၈၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ ပါသည်။)