(ယခုဖော်ပြပါ တေးရေး နိုင်မြန်မာ [၄ ဇန်နဝါရီ ၁၉၅၈ – ၇ ဖေဖော်ဝါရီ ၂၀၂၅] ၏ ဘဝသရုပ်ဖော်ဆောင်းပါးကို အေးချမ်းစုစာပေမှ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေဖြန့်ချိခဲ့သည့် တေးရေး နိုင်မြန်မာ၏ ‘စာသူပုန်တော်ကြီး’ ကဗျာစာအုပ်မှ ပြန်လည် ကိုးကားဖော်ပြခြင်း ဖြစ်သည်။)
ယခု ဆောင်းပါးအတွက် တေးရေး နိုင်မြန်မာ၏ လူငယ်ဘဝတွင် ရင်းနှီးခဲ့သည့် ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားဟောင်း စာရေးဆရာ ထက်မြက်အား ဆက်သွယ်မေးမြန်းရာ တေးရေး နိုင်မြန်မာနှင့် ပတ်သက်၍ ဂီတအနုပညာအပေါ် ဂုဏ်ယူမိသည်ဟု မှတ်ချက်ပြု ပြောဆိုပါသေးသည်။
“နိုင်မြန်မာရဲ့ အစောပိုင်း အနုပညာဖန်တီးမှုတွေကတော့ နာမည်ကြီးသီချင်းတွေဆိုရင် သူရေးခဲ့တာချည်းပဲ။ နာမည်အကြီးဆုံးကတော့ ကိုင်ဇာရဲ့ သီချင်းတွေဆိုရင် နိုင်ငံကျော်သီချင်းတွေ ဖြစ်သွားတာပဲ။ အဲဒီကာလအထိကတော့ အနုပညာသမားတွေအတွက် သူရေးခဲ့တဲ့သီချင်း တဆစ်ချိုး ပြောင်းလဲသွားတယ်လို့ ပြောလို့ရလောက်အောင် ပြည်သူဘက်ကရပ်ပြီး အရေးတော်ပုံအတွက် ရေးခဲ့တဲ့သီချင်းတွေ ဖြစ်လာတယ်။ ကမ္ဘာမကြေဘူး သီချင်းဆို ရင်ထဲလည်း အတော်ခံစားဖို့ ကောင်းတယ်။ အလွန်လည်း တက်ကြွဖို့ ကောင်းတယ်။ အဲဒီအတွက်လည်း နိုင်မြန်မာအတွက် ဆရာတို့က သိပ်ပြီးတော့ ဂုဏ်ယူစရာလည်း ကောင်းသလို သိပ်ပြီးလည်း အားရှိပါတယ်။ သူအခုရေးနေတဲ့ ကဗျာတွေကလည်း ပြည်သူလူထုဘက်မှာ ရပ်ပြီးတော့ ပြည်သူလူထု လွတ်လပ်ပြီး တရားမျှတဖို့ သူရေးတဲ့ကဗျာတွေ၊ သီချင်းတွေ၊ အနုပညာဖန်တီးမှုတွေအတွက် အလွန် အားရစရာကောင်းပြီး အလွန်ဂုဏ်ယူစရာ ကောင်းတယ်လို့ပဲ ပြောချင်ပါတယ် ”ဟု ဆိုသည်။
ထိုသို့ဖြင့် ဆန္ဒပြသည့်အချိန် တဖြည်းဖြည်းနှင့် မိုးချုပ်၍ တိတ်ဆိတ်လာပြီဆိုလျှင် အစာငတ်ခံသည့် ဆန္ဒပြသူများသာ လမ်းပေါ်တွင် ကျန်ရစ်ခဲ့ကြသည်။ ထိုအချိန် တီအီး စစ်ကားကြီးများက သံဆူးကြိုးများ တင်ပြီး မောင်းနှင်လာသည်။ စစ်သားများကလည်း ကင်းလှည့်နေသည့်အချိန်ဖြစ်သည်။
ညဆိုသည့်အချိန်ကလည်း စိတ်အားငယ်ရမည့်အချိန် ဖြစ်သောကြောင့် မှန်မှန်ကန်ကန် ဆန္ဒပြနေသည့်သူများကို အားမငယ်စေချင်သည့် ရည်ရွယ်ချက်ဖြင့် အစာငတ်ခံဆန္ဒပြသည့်သူများရှိရာ နေရာများသို့ ညဘက်တွင် ကားတစီးနှင့်လှည့်ကာ ‘ကမ္ဘာမကြေဘူး’ သီချင်းကို သီဆိုအားပေးခဲ့သည်ဟု ၈၈ အရေးအခင်းကာလကို တေးရေး နိုင်မြန်မာက ကြေကွဲစွာ ပြောပြသည်။
“ညဘက်မှာ အစာကလည်း အငတ်ခံထားတယ်။ အားပေးမယ့်သူလည်း မရှိတော့ဘူး။ သပိတ်မှောက် အစာငတ်ခံတဲ့သူတွေချည်းပဲ ကျန်ခဲ့တာလေ။ မီးလေးက မှိန်မှန်လေး။ မိုးကလည်း တဖြောက်ဖြောက်နဲ့ ရွာနေတာ” ဟု ပြောပြသည်။
၁၉၈၈ ခုနှစ်၊ အသက် ၂၈ နှစ်ကျော်အရွယ် တေးရေး နိုင်မြန်မာက ဒုတိယအကြိမ်မြောက် အစိုးရနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည့် စစ်ကြောရေး ဖမ်းဆီးခံရပုံအကြောင်းကို ဆက်ပြောပြသည်။ မော်ကျွန်းတွင် ဒီမိုကရေစီရရှိရေး တရားဟောပြီးအပြန် တေးရေး နိုင်မြန်မာနှင့်အတူ တောင်ဥက္ကလာပမြို့နယ်မှ ကျောင်းသား ဆယ့်လေး၊ ငါးယောက် သင်္ဘောပေါ်တွင် ပါလာသည်။
“မော်ကျွန်းကအပြန် တွံတေးမှာ ည ၂ နာရီလောက်ရှိမယ်။ ကျနော်တို့ စီးလာတဲ့ ဝင်းမျိုးသိန်း နှစ်ထပ် မော်တော်ယာဉ် (သင်္ဘော) ကို ဂျီသရီးနဲ့ မိုးပေါ်ထောင်ပစ်ပြီး လက်နှိပ်ဓာတ်မီးနဲ့ ကမ်းကပ်ခိုင်းတယ်။ သင်္ဘောက ကမ်းကပ်ပေးတော့ နိုင်မြန်မာ ပါလားဆိုပြီး ကျနော့်ကို ရှာတာ။ သင်္ဘောပေါ်မှာ ကျနော်နဲ့အတူ ပါတဲ့ကလေးတွေက တောင်ဥက္ကလာက ကလေးကျောင်းသားလေးတွေ ဆယ့်လေး၊ ငါးယောက်လောက် ရှိတယ်။ ဒီကောင်တွေ ရိုက်နှက်ပြီး ကြမ်းကြမ်းတမ်းတမ်း ရှာတာ။ မပြောရင် ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောပြီး သင်္ဘောမောင်းတဲ့သူကို ရိုက်နှက်ပြီးမေးတယ်” ။
ထိုအချိန်တွင် တေးရေး နိုင်မြန်မာက သူ၏ ဘာသာရေးယုံကြည်မှု အဓိဋ္ဌာန်ဖြင့် တဦးတည်းသာ ဖြစ်သမျှအကြောင်း ရင်ဆိုင်မည်ဟု ဆုံးဖြတ်လိုက်ပုံကို တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်ပြောပြသည်။
“သင်္ဘောက ကျနော့်ကို ဝှက်ပေးထားတာ တနာရီကျော် ကြာတယ်။ အဲဒီမှာ ကျနော့်ကို ခေါ်သွားပြီး ခွေးခြေကုလားထိုင်ပေါ်မှာ ထိုင်ခိုင်း မီးဖွင့်ပြီး ကျနော့်ကို ဗျင်းတာ။ မင်းတို့ ဖုံးပေးထားတဲ့ကောင်၊ ဒီကောင် လူပါးဝတာမို့လား၊ မင်းတို့ ဖုံးပေးထားလို့ ငါတို့မိပြီ။ ငါတို့ နှိပ်စက်တာ မင်းတို့ ဘာတတ်နိုင်လဲပေါ့။ အဲဒီ သဘောမျိုး ဗျင်းတာ။ အဲဒီမှာ ရင်ဖုံရိုးကျိုးတာပဲ” ။
တေးရေး နိုင်မြန်မာ အဖမ်းခံလိုက်ရသည့်အခါ ကျောင်းသားကလေးငယ်များက တေးရေး နိုင်မြန်မာကို စိုးရိမ်ထိတ်လန့်သည့်အကြည့်နှင့် ကြည့်နေကြသည်။
“ကျနော်က တသက်လုံး တရားအလုပ် လုပ်လာတဲ့ စိတ်အခံလည်းရှိတယ်။ ထွက်သွားကတည်းက ကျနော်က သူများအသက် မသတ်ဘူး။ တချို့ရွာတွေ ရောက်သွားလို့ ကြက်တွေရိုက်ချက်ပြီး ကျွေးရင် အဲဒီဟင်းကို မစားဘူး။ ကျနော်က အဲဒီလိုမျိုး ရှောင်တာတွေရှိတယ်။ အဲဒီအချိန်က သေမလား၊ ရှင်မလား မသိတဲ့အချိန်ပဲ၊ သူတို့ လက်ထဲရောက်နေတာရှိတော့။ ကျနော့်ကို သတ်ရင်လည်း သေမှာပဲ။ သူတို့က အဲဒီကလေးတွေကို ဆက်မထုတ်ပေးရင် သတ်မယ်လို့ ပြောတယ်။ ကျနော်က ပြောလိုက်လို့ ကလေးတွေပါ အကုန်တန်းစီပြီး ပစ်သတ်လိုက်ရင်ဆိုပြီး ကျနော် တွေးမိတာပေါ့။ တလမ်းလုံးလည်း ကျနော့်ကို ဆရာလို၊ အကိုလို နေလာတာ။ အဲဒီမှာ ကျနော်တယောက်တည်း ဘူးခံပြီး ကျနော်တယောက်တည်းကိုပဲ သူတို့ ဖမ်းထားလိုက်တာပေါ့။ သင်္ဘောကို မနက် ၄ နာရီ ဝေလီဝေလင်းအချိန်မှာ ပြန်လွှတ်ပေးလိုက်တယ်” ။
တေးရေး နိုင်မြန်မာက သူ့ဘဝ သေရွာပြန်ဖြစ်ရပုံမှာ ဆန်းကြယ်လွန်းလှသည်ဟုဆိုကာ သဘောကျ ရယ်မောနေသည်။ သင်္ဘောကို ပြန်လွှတ်လိုက်ပြီးနောက် တေးရေး နိုင်မြန်မာကို တောလမ်းအတိုင်း ပြေးခိုင်းသည်။ စစ်သားများက ကားနောက်မှနေ၍ တေးရေး နိုင်မြန်မာ၏ ခြေလှမ်းများကြား သေနတ်ဖြင့်ပစ်သည်။ မြေကြီးများဖွာ၍ တေးရေး နိုင်မြန်မာ၏ ခြေထောက်ကို စင်သည်။ သင်္ဘောပေါ်မှ ကြည့်လျှင် တေးရေး နိုင်မြန်မာကို သေနတ်ဖြင့် ပစ်သတ်လိုက်သည်ဟု ထင်မြင်စရာပင်။
တေးရေး နိုင်မြန်မာက သူ့ဘဝ သေရွာပြန်ဖြစ်ရပုံမှာ ဆန်းကြယ်လွန်းလှသည်ဟုဆိုကာ သဘောကျ ရယ်မောနေသည်။ သင်္ဘောကို ပြန်လွှတ်လိုက်ပြီးနောက် တေးရေး နိုင်မြန်မာကို တောလမ်းအတိုင်း ပြေးခိုင်းသည်။ စစ်သားများက ကားနောက်မှနေ၍ တေးရေး နိုင်မြန်မာ၏ ခြေလှမ်းများကြား သေနတ်ဖြင့်ပစ်သည်။ မြေကြီးများဖွာ၍ တေးရေး နိုင်မြန်မာ၏ ခြေထောက်ကို စင်သည်။ သင်္ဘောပေါ်မှ ကြည့်လျှင် တေးရေး နိုင်မြန်မာကို သေနတ်ဖြင့် ပစ်သတ်လိုက်သည်ဟု ထင်မြင်စရာပင်။
“နောက်တနေ့ မနက်ကျတော့ ကျနော့်ကို သင်္ဘောတစီးပေါ် တက်ခိုင်းပြီး လက်ပြန်ကြိုး တုပ်ထားတယ်။ သင်္ဘောခေါင်းတိုင်အရှေ့မှာ ထိုင်ခိုင်းထားတာ။ တွံတေး ဒီဘက် အဝကနေ ဟိုဘက် တန် ၁၀၀ ဆန်စက်ကို ပို့တာ။ မနက် ဝေလီဝေလင်းကြီး ဖြတ်သွားတဲ့ သင်္ဘောတွေက ကြည့်ကြည့် သွားတာပေါ့။ တွံတေး ဆန်စက်ကနေ တွံတေးရဲကိုပို့၊ တွံတေးရဲကနေ နောက်နေ့ ထောက်လှမ်းရေးက လာစစ်တယ်။ တွံတေးအချုပ်မှာ တည နေလိုက်ရတယ်” ဟု တေးရေး နိုင်မြန်မာက ပြောပြသည်။
တွံတေးအချုပ်ခန်းတွင် လာစစ်သည့် ထောက်လှမ်းရေးကို အတော်ပင် ကျေးဇူးတင်စရာကောင်းသည်ဟု ဆိုသည်။ ဘာသာတရားအပေါ် နက်ရှိုင်းစွာ သက်ဝင်မှု၊ သရဏဂုံ သုံးပါးအပေါ် လေးနက်စွာ ယုံကြည်မှုက တေးရေး နိုင်မြန်မာ ရင်ဆိုင်ရသော အခက်အခဲများကို အထောက်အကူ ဖြစ်လာစေသည်ဟု သူက ယုံကြည်ထားသည်။ ထို့ပြင် သူဖြတ်သန်းခဲ့ရသည့် စွန့်စားခန်းများက ဇာတ်လမ်းဆန်လွန်းလှသည်ဟု ဆိုသည်။
တချိန်က အဆိုတော် လွှမ်းမိုးနှင့် တေးရေး နိုင်မြန်မာတို့နှစ်ဦး ဂီတအနုပညာများကို အတူတကွ လုပ်ကိုင်ဆောင်ရွက်နေချိန် ဖြစ်သည်။ တေးရေး နိုင်မြန်မာက အဆိုတော် လွှမ်းမိုး၏နေအိမ် (ယခင် ဝန်ကြီးချုပ် ဦးမောင်မောင်ခ) နေအိမ်သို့ တေးသီချင်းကိစ္စများဖြင့် ဝင်ထွက်သွားလာနေချိန်ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ခပ်နွမ်းနွမ်း ဝတ်စားဆင်ယင်မှုဖြင့် ဖိနပ်အစုတ် စီးစီးလာသည့် တေးရေး နိုင်မြန်မာကို ဝန်ကြီးချုပ် ဦးမောင်မောင်ခ၏ နေအိမ်မှ လုံခြုံရေးတာဝန် ယူထားသူများကပါ တေးရေး နိုင်မြန်မာကို မှတ်မိလာသည်။
“ဦးမောင်မောင်က တခါတလေကျရင် စွပ်ကျယ်ကြီးနဲ့ မျက်မှန်ကြီးတပ်ပြီး စာအုပ်ဖတ်နေတာ။ ကျနော့်ကိုလည်း တွေ့ရော ဟေ့ … သား လာလေကွာ။ မောင်လွှမ်းမိုးရေ မင်းသူငယ်ချင်း လာနေတယ်။ အဲဒီလို။ အဲဒါ ဝန်ကြီးချုပ်အိမ်နော်။ အိမ်ထဲမှာ ဧည့်ခန်း နှစ်မျိုး၊ သုံးမျိုးရှိတယ်။ အဲဒီမှာ ကျနော့်ရဲ့ဖိနပ်အစုတ်ကို ချွတ်ပြီး အိမ်ထဲဝင်။ လွှမ်းမိုးအခန်းကိုသွားပြီး တီးကြခတ်ကြ အဲဒီလို ဝင်ထွက်နေတဲ့အချိန်မှာ ထောက်လှမ်းရေး အရာရှိတယောက်၊ အဲဒီ ထောက်လှမ်းရေးအရာရှိက တွံတေးမှာ ကျနော့်ကို စစ်တဲ့ ထောက်လှမ်းရေးအရာရှိ ဖြစ်နေတယ်။ ကျနော်ကတော့ သူ့ကို မသိဘူးဗျ။ သူက ခုံပေါ်မှာ သေနတ်တင်ပြီး ငါ စစ်တာကို ငါ စိတ်တိုင်းမကျရင် မင်းကို ပစ်သတ်လိုက်မှာနော်တဲ့။ မင်း သေနတ်လုလို့ ငါ ပစ်သတ်လိုက်တယ်ဆိုပြီး အစီရင်ခံစာ ရေးလိုက်ရုံပဲပေါ့။ ကျနော့်ကိုလည်း နောက်ပြန် ခုံနဲ့ကြိုးချည်ထားတာ” ။
တေးရေး နိုင်မြန်မာက ထောက်လှမ်းရေးအရာရှိဟောင်းနှင့် ဆုံတွေ့ခဲ့ရပုံကို ပြောပြနေသည်။
“အားလုံး စစ်ပြီးတော့မှ မင်း ငါ့ကို သိလားတဲ့။ မင်းက မသိပေမယ့် ငါ မင်းကိုသိတယ်။ မင်း ဝန်ကြီးချုပ်အိမ် လာလာနေတာ၊ အဲဒီမှာ စပြောတာ။ ငါ တောက်လျှောက်ရှိတယ်။ မင်းကို နိုင်မြန်မာမှန်း သိတယ်ကွတဲ့။ အဲဒါဆို ခင်ဗျား ဘာလို့ အပိုတွေ လျှောက်မေးနေတာလဲပေါ့။ ဒါက ငါတို့အလုပ်တဲ့။ ပြီးတော့မှ သူ့မှာ သမီးလေးတယောက် ရှိတယ်တဲ့။ အနုပညာကျောင်း တက်နေတာတဲ့။ တကယ်လို့ သီချင်းလေး ဘာလေး ဆိုချင်တယ်ဆိုရင် ကူညီပေးပါကွာတဲ့” ။
တေးရေး နိုင်မြန်မာသည် သေကံမရောက်ဘဲ အသက်ဘေးမှ လွတ်မြောက်လာခဲ့သည်။ ထို့ပြင် တွံတေးရဲစခန်းမှ စခန်းမှူးကလည်း ‘ရဲဝန်ထမ်းတဦး’ အမည်ဖြင့် စာရေးနေသူဖြစ်သကဲ့သို့ စာရေးဆရာ နန္ဒမိုးကြယ်၏ သူငယ်ချင်းလည်း ဖြစ်သည့်အတွက် တေးရေး နိုင်မြန်မာ ရန်ကုန်ပြန်ရန် အစအဆုံး ကူညီပေးခဲ့သည်။
တေးရေး နိုင်မြန်မာသည် အသက်ဘေးမှ ပြန်လည် လွတ်မြောက်ခဲ့သော်လည်း သူ၏မိသားစုဝင်များက မြောက်ဥက္ကလာပ နေအိမ်တွင် သက်ပျောက်ဆွမ်း ကပ်ရန် စီစဉ်ချက်ပြုတ်နေကြချိန် ဖြစ်သည်ဟု ရယ်ရယ်မောမောဖြင့် ပြောပြသည်။ ရင်ဖုံရိုးကျိုးထားသည့် ဒဏ်ရာကိုလည်း ဆေးခန်းပြပြီး ဆေးကုသခဲ့ရသည်။
စစ်ကြောရေးတွင် စစ်ဆေးခံခဲ့ရပြီးနောက် အနုပညာဘဝတခုကို စစ်အစိုးရက အလဲအလှယ်လုပ်ယူရန် ညှိနှိုင်းမှုများ ပြုလုပ်လာခဲ့ဖူးသည်။ ထိုသည်ကို တေးရေး နိုင်မြန်မာက လက်မခံ။ အနုပညာသမားပီပီ မိမိယုံကြည်ရာသာ လုပ်မည်ဟူသော ခံယူချက်ဖြင့် မိမိချစ်သော တေးရေးဆရာဘဝကိုသာ ခံယူကာ လူထုနှင့်အတူ လူထုငိုလျှင် ငိုနေခဲ့သည့်၊ လူထုရယ်လျှင် ရယ်နေခဲ့သည့်၊ လူထုမဲ့လျှင် မဲ့နေသည့် အနုပညာရှင်တယောက်အဖြစ် နေခဲ့သည်။
တေးရေး နိုင်မြန်မာက အာဏာပိုင်အစိုးရနှင့် တတိယအကြိမ် ဆုံတွေ့ရပုံကို ဆက်ပြောပြသည်။ ဤတကြိမ် ဆုံတွေ့ရပုံက တေးရေး နိုင်မြန်မာအဖို့ အချိုသတ် စည်းရုံးခံရခြင်းဖြစ်သည်။ ၈ လေးလုံး လူထုအရေးတော်ပုံတွင် ကြုံတွေ့ခဲ့ရသည့် စစ်ကြောရေးမှာကဲ့သို့ ကြမ်းတမ်းခက်ထန်စွာ ကြုံတွေ့ရခြင်း မဟုတ်။
တေးရေး နိုင်မြန်မာက အာဏာပိုင်အစိုးရနှင့် တတိယအကြိမ် ဆုံတွေ့ရပုံကို ဆက်ပြောပြသည်။ ဤတကြိမ် ဆုံတွေ့ရပုံက တေးရေး နိုင်မြန်မာအဖို့ အချိုသတ် စည်းရုံးခံရခြင်းဖြစ်သည်။ ၈ လေးလုံး လူထုအရေးတော်ပုံတွင် ကြုံတွေ့ခဲ့ရသည့် စစ်ကြောရေးမှာကဲ့သို့ ကြမ်းတမ်းခက်ထန်စွာ ကြုံတွေ့ရခြင်း မဟုတ်။
“ဟိုး လွန်ခဲ့တဲ့ နဝတ၊ နအဖ လက်ထက်က အခု ထောင်ကျသွားတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့် (၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်) က ဗိုလ်မှူးချုပ်ဘဝနဲ့ ရန်ကုန်တိုင်းမှာ ဒု တိုင်းမှူးလုပ်တယ်။ ကျနော်ရေးထားတဲ့ သီချင်းတပုဒ်ရှိတယ်။ ကမ္ဘာကို ကိုင်လှုပ်မည့်လက်သံဆိုတာ ဒေါ်မာမာအေး ဆိုခဲ့တာ။ အဲဒီသီချင်းကို ကြားပြီး အဲဒီ ဗိုလ်ချုပ်က ကျနော့်ကို မရမက ခေါ်ခိုင်းတယ်။ စစ်ရုံးက ဖိတ်တာ။ အမှတ် (၂) စစ်ဒေသဆိုတာ သုဝဏ္ဏမှာ ရှိတယ်။ ကျနော့်အိမ်ကို လာလာဖိတ်တယ်။ အရပ်ဝတ်နဲ့ တပ်ကြပ်ကြီးတို့ပေါ့။ ကျနော်ကလည်း အစည်းအဝေး တခါမှ မတက်ဘူး။ နောက်ဆုံးကျတော့ ရပ်ကွက်ဥက္ကဋ္ဌကနေ ဖိအားပေးတာ။ ကျနော် အစည်းအဝေး မတက်ရင် ဥက္ကဋ္ဌကို ကွိုင်ရှာမယ်ဆိုတာနဲ့ ကျနော်လည်း ဥက္ကဋ္ဌကို ညှာတဲ့အနေနဲ့ တက်မယ်လို့ ပြောလိုက်ရတယ်” ။
ရုပ်ရှင်သရုပ်ဆောင်များ၊ ဂီတအဆိုတော်များ၊ စာရေးဆရာကြီးများ ပါဝင်သည့် အစည်းအဝေးခန်းမသို့ တေးရေး နိုင်မြန်မာ ရောက်ရှိသွားသည်။ တောက်တောက်ပြောင်ပြောင် အရောင်များဖြင့် ဝတ်စားဆင်ယင်မှုများကြား ဆံပင်စုတ်ဖွားဖြင့် ပြောက်ကျားဂျာကင် ခပ်နွမ်းနွမ်း ဝတ်ဆင်ကာ ထီးဂေါက်ကြီး ကိုင်ဆောင်၍ ရောက်ရှိလာသည့် တေးရေး နိုင်မြန်မာကို အားလုံးက အကဲခတ်နေကြသလို တေးရေး နိုင်မြန်မာကလည်း ဟိုကြည့်ဒီကြည့်နှင့် ဖြစ်နေသည်။
အစည်းအဝေး စသည့်အခါ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးစသည့်အဖွဲ့ အစည်းများအတွက် သီချင်းရေးပေးရန် တေးရေး နိုင်မြန်မာထံ အကူအညီတောင်းလာသည်။ တေးရေး နိုင်မြန်မာကလည်း ပေါ်လစီသီချင်း ရေးပေးရမည်လား၊ အငြိမ့်သီချင်းကို အငြိမ့်သီချင်းနှင့် တူအောင် ရေးပေးရမည်လားဟု ပြတ်သားစွာ မေးခွန်းထုတ်သည်။ သံခင်းတမန်ခင်းအရ လိုတိုးပိုလျှော့ဖြင့်သာ စစ်အစိုးရကို သတိထား ဆက်ဆံခဲ့ကြောင်း တေးရေး နိုင်မြန်မာက ဆက်ပြောသည်။
စစ်သီချင်းကို ကျနော် တသက်လုံး မရေးဘူးဟု တေးရေး နိုင်မြန်မာက စစ်ထောက်လှမ်းရေး တိုင်းမှူးများကို တရားဝင် အသိပေး ပြောဆိုခဲ့ဖူးသည်မှာ ယနေ့ခေတ် အနုပညာလောကတွင် ရှားရှားပါးပါး လူထုထဲက အနုပညာရှင်ဟု ဆိုရပါမည်။
“လူတကာ ဖားပြီးရေးနေတာ မြဝတီမှာ ဖွင့်လိုက်ရင် စစ်သီချင်းချည်းပဲ။ ဖားပြီး ရေးနေမှန်းသိလျက်နဲ့ ခင်ဗျားတို့ ရေးခိုင်းတယ်။ ကျနော်က အဲဒီလို မရေးဘူးလို့။ စစ်ကြောရေးမှာတုန်းကလည်း ထောက်လှမ်းရေးကပြောတာ တခါခံရဖူးတယ်။ ခင်ဗျားက ကျောင်းသားတွေအတွက်တော့ သီချင်းရေးပေးတယ်။ ကျနော်တို့ စစ်သားတွေအတွက်တော့ မရေးပေးဘူးလားလို့ ကျနော့်ကို မေးတယ်။ အဲဒီတော့ ပြောပြလိုက်တယ်။ စစ်သားတွေအတွက် ကျုပ် ဖီလင်လာတဲ့နေ့ကျရင် ရေးပေးမယ်လို့။ ဖီလင်လာတယ်ဆိုတာ ကျုပ်တို့စိတ်ထဲမှာ စစ်တပ်ကို ကျေနပ်သွားပြီးတော့ စစ်တပ်လုပ်တာ မှန်တယ်လို့ထင်ရင် ခင်ဗျားတို့ တောင်းဆိုစရာ မလိုဘူး။ စစ်သီချင်းကို ကျုပ်ထရေးမယ်လို့ ပြောခဲ့ဖူးတယ်” ဟု ဆိုသည်။
တေးရေး နိုင်မြန်မာက မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် ကိုယ့်လိပ်ပြာကိုယ်လုံစွာ ပြောပြနေခြင်း ဖြစ်သည်။ ထို့ပြင် ပါတီစည်းရုံးရေးသီချင်းလည်း မရေးဘူးဟု ဆက်ပြောပြသည်။ မိမိကိုယ်တိုင် ကျေနပ်စွာ ခံယူထားသည့် တေးရေးဆရာဘဝ၊ အချိန်အတိုင်းအတာတခုထိမှ မအောင်မြင်လျှင် မိမိကိုယ်ကို သတ်သေမည်ဟုပင် ကြုံးဝါးခဲ့သည့် တော်လှန်တေးရေးဆရာ ဖြစ်သည်။
တေးရေး နိုင်မြန်မာက နိုင်ငံရေးသမားတယောက်၏ လှုပ်ရှားမှုပုံသဏ္ဍာန်နှင့် မတူကွဲပြားသည့် သူ့ခံစားချက်ကို ဆက်ပြောပြသည်။ “ကျနော်က လက်သီးလက်မောင်းတန်းပြီး ဒို့အရေး ထလုပ်ရမှာထက်စာရင် သီချင်းတပုဒ်နဲ့ အဲဒီ အရေးအခင်းကြီး မပြီးမချင်း စိတ်ဓာတ်ကို နွှေးပေးချင်တာ။ လိုအပ်ရင် နောက်ထပ်တပုဒ် ကျနော်ကိုယ်တိုင် ထွက်ဆိုဖို့ ဝန်မလေးဘူး။ ကျနော့် Business က ပြည်သူလူထုပဲ။ အဲဒီတော့ ကျနော်က လွတ်လပ်စွာ လှုပ်ရှားတယ်။ လွတ်လပ်စွာ ရေးသားတယ်။ အစိုးရက ပြည်သူလူထုကိုထိရင် အစိုးရကို ကျနော် ဖဲ့မယ်။ ပါတီတခုက ပြည်သူလူထုကိုထိရင် ပါတီကို ကျနော် ဖဲ့မယ်၊ ရေးမယ်။ ကျနော် လွတ်လွတ်လပ်လပ် နေထိုင်ပြီး ကျနော့်ထမင်း ကျနော် ရှာစားမယ်” ။
ထို့ပြင် အနုပညာသမား တယောက်အဖြစ် အသက်မွေးဝမ်းကျောင်းရသည်မှာ မလွယ်ကူကြောင်း တေးရေး နိုင်မြန်မာက သောက်လက်စ ဆေးပေါ့လိပ်ကို မီးထပ်ညှိပြီး ဆက်ပြောသည်။
“အသက်မွေးဝမ်းကျောင်းမှုအရ ပြောမယ်ဆိုရင် ဒီအနုပညာနဲ့ အသက်မွေးဝမ်းကျောင်းရတာ တကယ် မလွယ်ဘူး။ တော်ရုံတန်ရုံသတ္တိနဲ့ မရဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှ၊ မိုက်ရဲမှ အနုပညာရှင်ဖြစ်တဲ့အတွက် ငွေလည်း သိပ်မက်မက်စက်စက် မရှိဘူး။ ချမ်းသာအောင် သူဌေးကြီးဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ကူးမျိုးလည်း မရှိဘူး။ ဘယ်ဘက်တွေကို အားသန်နေလဲဆိုတော့ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးနဲ့ နေထိုင်နိုင်ပြီးတော့ ကိုယ်ဖန်တီးချင်တဲ့ အနုပညာကို ဖန်တီးပြီး ကိုယ့်မိသားစုကို စောင့်ရှောက်နိုင်တဲ့ ဘဝမျိုးလောက်ပဲ လူဖြစ်တန်ပြီလို့ ထင်တယ်” ။
အနုပညာသမားတယောက်အဖြစ် မိသားစုဘဝကို ဦးဆောင်ရသည်မှာလည်း ကိုယ်တိုက်ရမည့် တိုက်ပွဲအတွက် ကိုယ်လိုသည့်လက်နက်ကို ကြိုတင်ပြင်ဆင်ရသလိုဖြစ်ကြောင်း ဥပမာပေးသည်။ ပိုက်ဆံငွေကြေး မချမ်းသာသည့်အတွက် သားသမီးများကို စိတ်ဓာတ်ခွန်အားဖြင့်သာ ဦးဆောင်နိုင်ရန် ဘဝကို ကြိုးစားပုံဖော်ခဲ့သည်ဟု တေးရေး နိုင်မြန်မာက ဆိုသည်။
တေးရေး နိုင်မြန်မာတွင် သားသမီး လေးဦးရှိသည်။ မင်းအုပ်မြန်မာ (သားကြီး)၊ မင်းဆိုးမြန်မာ (သားလတ်)၊ မင်းရဲမြန်မာ (သားငယ်)၊ ရှင်နှိုင်းမြန်မာ (သမီးငယ်) ဟူ၍ သားသမီး လေးဦးရှိသည်။ သားကြီးဖြစ်သူ မင်းအုပ်မြန်မာမှာ ‘ဗျူဟာ’ အမည်ဖြင့် သီချင်းသီဆိုနေပြီး သားလတ် မင်းဆိုးမြန်မာမှာ ‘နေမဝင်’ အမည်ဖြင့် ဗီဒီယို ရိုက်ကူးတည်းဖြတ်သူအဖြစ် အသက်မွေးဝမ်းကျောင်းပြုသည်။ သားငယ်ဖြစ်သူမှာလည်း ဖခင်၏ စတူဒီယို တေးသံသွင်းခြင်း ဂီတနှင့်ဆိုင်ရာ အနုပညာလုပ်ငန်းများကို ကူညီလုပ်ကိုင်ပေးနေသည်။

သားသုံးယောက်လုံးမှာ ဖခင်ဖြစ်သူ၏ တေးဂီတ အနုပညာအမွေကို ဆက်ခံယူနေသူများ ဖြစ်ကြသည်။ တေးရေး နိုင်မြန်မာက အနုပညာသမား တယောက်အနေဖြင့် မိသားစုကို ထိန်းကျောင်းပြုပြင်ဖို့ရန် ကိုယ့်ဘဝ၊ ကိုယ့်အခြေအနေနှင့်ကိုယ် နှိုင်းချိန်သုံးသပ်ပြသည်။
“ကျနော်က ပိုက်ဆံရှိတဲ့သူ မဟုတ်ဘူး။ ကျနော့်ကလေးတွေက ဒီလောကကို စိတ်ဓာတ်နဲ့ ဖြတ်မှရမယ်။ ကျနော်နဲ့အတူ တပါတည်းပါလာဖို့ စိတ်ဓာတ်နဲ့သွားမှရမယ်။ အခုသားတွေလည်း တဖြည်းဖြည်း အရွယ်ရောက်လာပြီ” ဟုဆိုကာ ကျေနပ်ဝမ်းသာသည့်ဟန်ဖြင့် ပြောသည်။
“ကျနော်က ပိုက်ဆံရှိတဲ့သူ မဟုတ်ဘူး။ ကျနော့်ကလေးတွေက ဒီလောကကို စိတ်ဓာတ်နဲ့ ဖြတ်မှရမယ်။ ကျနော်နဲ့အတူ တပါတည်းပါလာဖို့ စိတ်ဓာတ်နဲ့သွားမှရမယ်။ အခုသားတွေလည်း တဖြည်းဖြည်း အရွယ်ရောက်လာပြီ” ဟုဆိုကာ ကျေနပ်ဝမ်းသာသည့်ဟန်ဖြင့် ပြောသည်။
တေးရေး နိုင်မြန်မာ၏ အမူအရာမှာ သားသမီးများနှင့် ပတ်သက်၍ ကျေနပ်ဝမ်းသာအားရသည့်ဟန် ရှိနေသည်။ သို့သော်လည်း သူချစ်သော ပြည်သူလူထုအတွက်၊ မြန်မာနိုင်ငံအတွက် အားမရသေးသည်များ ရှိနေသေးသည်ဟု ဆိုသည်။
“ကျနော်တို့ ဒီနေ့ စာရေးတယ်၊ ကဗျာရေးတယ်၊ သီချင်းတွေ ရေးတယ်။ ရေးတဲ့သီချင်းတွေထဲမှာ အဲဒီလို အကြောင်းအရာတွေ ပါလာတတ်တယ်ဆိုတာ ဒီစနစ်ကြီးကို မနှစ်မြို့ဘူးဗျ၊ မကြိုက်ဘူး။ ကျနော်တို့လူမျိုးရဲ့ တိုင်းပြည်၊ ကာရိုက်တာ၊ ကိုယ်ကျင့်တရား တည်ဆောက်ဖို့အတွက် မင်းကောင်းမင်းမြတ် လိုတယ်။ လာတဲ့မင်းက ကိုယ်ကျင့်တရား မကောင်းတဲ့ မင်းမျိုးဆိုရင် ကျနော်တို့ တိုင်းပြည်က အဖတ်ဆယ်လို့ ရတော့မှာ မဟုတ်ဘူး။ ဒီနေ့ မြန်မာပြည်မှာ တွေ့ကြုံနေရာတာက အဲဒါပဲ။ ကိုယ်ကျင့်တရား မကောင်းရင် လူမျိုးရဲ့ အရည်အသွေး နိမ့်ကျတယ်။ လူမျိုးမှာ မာန်မာန မရှိတော့ဘူး” ဟု တေးရေး နိုင်မြန်မာက ကိုးနှစ်ခန့်အရွယ်ရှိ သမီးငယ် ရှင်နှိုင်းမြန်မာကို ပွေ့ချီကာ ဒဿနဆန်သော စကားများဖြင့် ခေတ်နှင့်စနစ်ကို သုံးသပ်ပြသည်။
ထိုသို့ဖြင့် တေးရေး နိုင်မြန်မာသည် ခိုင်မာသည့် အနုပညာယုံကြည်ချက်၊ စာပေစိတ်ဓာတ်ဖြင့် ဒီရေစီးသံ မဂ္ဂဇင်းကို ထုတ်ဝေသူတဦးနှင့်ပေါင်းစပ်မိကာ အယ်ဒီတာချုပ်အဖြစ် ဆောက်ရွက်ခဲ့သေးသည်။ အချိန်ကာလက ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီကာလ ဖြစ်သည်။
မဂ္ဂဇင်းလိုဂိုနှင့် ပန်းချီသရုပ်ဖော်ပုံများကို ပန်းချီ မောင်မောင်သိုက်နှင့် ပန်းချီ ဝသုန်တို့က ဆွဲပေးကြသည်။ မဂ္ဂဇင်းကို စတင်ပြီး ဦးဆောင်လုပ်မည်ဆိုကတည်းက တေးရေး နိုင်မြန်မာက ထုတ်ဝေသူအား မည်သည့်စာမူကိစ္စ၊ မဂ္ဂဇင်း၏မူဝါဒများကိုမှ ဝင်မစွက်ဖက်ရန်၊ စီးပွားရေးအရ ငွေကြေးအမြတ်အစွန်းရရန်အတွက် မဂ္ဂဇင်းအောင်မြင်အောင် ကြိုးစားပေးမည်ဟုဆိုကာ ဒီရေစီးသံ မဂ္ဂဇင်းကို အယ်ဒီတာချုပ်အဖြစ် စီစဉ်ထုတ်ဝေခဲ့သည်။
ထုတ်ဝေသူဆိုပြီး ခွင့်ပြုချက်မရဘဲ တေးရေး နိုင်မြန်မာထိုင်သည့် အယ်ဒီတာရုံးခန်းအတွင်းသို့ မဝင်ရန် စည်းနှင့်ကမ်းနှင့် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်ဟု စာပေဘဝ ခဏတာ ဖြတ်သန်းမှုကို ပြောပြသည်။ မဂ္ဂဇင်းသည် ပထမတအုပ်တည်းနှင့်ပင် အောင်မြင်သွားသည်။
မည်မျှအောင်မြင်သွားသနည်းဆိုလျှင် ပြည်ထဲရေးက ထုတ်ဝေသူအား ခေါ်ယူတွေ့ဆုံပြီး အယ်ဒီတာချုပ် တေးရေး နိုင်မြန်မာကို အယ်ဒီတာ့အာဘော်နှင့် ဆောင်းပါးများ မရေးစေရန် ဖိအားပေး ညွှန်ကြားသည်အထိ အောင်မြင်သွားသည်။ အယ်ဒီတာချုပ်လုပ်ပြီး အယ်ဒီတာ့အာဘော် ရေးခွင့်မရသည့်မဂ္ဂဇင်းတွင် တေးရေး နိုင်မြန်မာက စာပေမာနဖြင့် ငွေကြေးတပြားတချပ်မှ မယူဘဲ အလုပ်ထွက်လာခဲ့သည်။
ထိုအချိန်မှစ၍ ယောင်လည်လည်နှင့် ဂီတလောကထဲ ပြန်လည် ရောက်ရှိလာပြီး ကျင်လည်နေသည်မှာ ယနေ့အချိန်အထိ ဖြစ်သည်ဟု တေးရေး နိုင်မြန်မာက ပြောပြသည်။ နောက်ပိုင်းတွင် ခိုးကူးခွေများ ပေါ်လာသည့်အခါ တေးဂီတလောကသား တခုလုံး စားဝတ်နေရေး အဆင်မပြေ ဖြစ်လာခဲ့ရပြန်သည်။ သက်ဆိုင်ရာ အစိုးရအနေဖြင့်လည်း ခိုးကူးခွေပြဿနာကို ပိုင်ပိုင်နိုင်နိုင် မရှင်းပေးနိုင်သည့်အခါ ဂီတလောက၏ အခြေခံအဆောက်အအုံများ ပြိုလဲခဲ့တော့သည်။
အရင်းအနှီး စိုက်ထုတ်မည့်သူ မရှိ၊ ထွက်သမျှအခွေ ခိုးကူးရောင်း၊ မူရင်းပိုင်ရှင်က ပိုက်ဆံပြန်မရ၊ ပိုက်ဆံပြန်မရတော့ အလုပ်မလုပ်၊ အလုပ်မလုပ်တော့ လုပ်ငန်းရှင် မရှိ၊ လုပ်ငန်းရှင် မရှိတော့ တီးဝိုင်းအဖွဲ့သားများ ပါးစပ်ပေါက်တွေ အများကြီးနှင့် ဒုက္ခရောက်ကြရသည်ဟု တချိန်တခါက ဂီတလောက၏ ခက်ခဲကြမ်းတမ်းခဲ့ပုံကို ပြောပြသည်။
တေးရေး နိုင်မြန်မာသည် စတူဒီယိုခေတ်ဦး အစတွင် စတူဒီယိုခေတ်ပေါ် ကိုယ်ပိုင်သံစဉ် တေးရေးဆရာအဖြစ် အောင်မြင်လာသော်လည်း မြန်မာ ဂန္ထဝင်သီချင်းများကို ငယ်စဉ်ကတည်းက လေ့လာလိုက်စား ကြိုက်နှစ်သက်ခဲ့သူဖြစ်သည်။ မြို့မငြိမ်း၏ တေးသီချင်းများ၊ ရွှေပြည်အေး၏ ရတနာပုံသီချင်း၊ နန်းတော်ရှေ့ ဆရာတင် သီချင်းများကို နှစ်နှစ်ခြိုက်ခြိုက်ခြိုက် အရသာခံ နားထောင်တတ်ခဲ့သူ ဖြစ်သည်။
မြန်မာသီချင်းရေးရန် အကြောင်းဖန်လာသည့်အခါ မြန်မာသီချင်း စီးရီးတခွေဖြစ်ရန် အားစိုက် ရေးသားခဲ့သည်။ ယင်းတေးစီးရီးအမည်မှာ ‘ကမ္ဘာကို ကိုင်လှုပ်မည့်လက်သံ’ တေးစီးရီးဖြစ်ပြီး အဆိုတော် မာမာအေး သီဆိုခဲ့သည်။
“အမကြီး မာမာအေးက စတူဒီယိုရေးတဲ့ လူငယ်လေးတယောက်ကို မြန်မာသီချင်း ရေးမယ်ဆိုတော့ အားပေးတယ်။ မြန်မာသီချင်းကို နှစ်သက်တဲ့ အမာခံတွေပေါ့လေ။ အမကြီးကျေးဇူးနဲ့ စီးရီးတခွေ ရေးဖြစ်ခဲ့တယ်”။
ခေတ်ပေါ်သီချင်းများနှင့် အနောက်တိုင်းသီချင်းများ ခေတ်စား နေရာယူလာသည့်အချိန်တွင် တေးရေး နိုင်မြန်မာသည် မြန်မာသီချင်းရေး၍ အောင်မြင်သည့် တေးရေးဆရာတဦး ဖြစ်ခဲ့သည်။ လူရွှင်တော် ဇာဂနာ ဦးဆောင်ကပြသည့် ငြိမ်းချမ်းရေးပြဇာတ်တွင်လည်း မြန်မာသံ အငြိမ့်သီချင်းများ ရေးသားပေးခဲ့ဖူးသည်။ မြန်မာသံ သီချင်းကြီးများ ရေးသားဖြစ်ခဲ့ပုံသာမက အမျိုးသားရေးစိတ်ဓာတ် လှုံ့ဆော်သည့် သီချင်းမျိုးကိုလည်း ရေးသားခဲ့သည်။
ထိုသို့ပြောပြနေစဉ် တေးရေး နိုင်မြန်မာက ရုတ်တရက်ထကာ “လာဗျာ … ကျနော် သီချင်းတွေအကြောင်း ထပ်ပြောပြချင်လာပြီ” ဟုဆိုကာ အိမ်အပေါ်ထပ်တွင် ပြုလုပ်ထားသည့် အသံသွင်း စတူဒီယိုသို့ ခေါ်ပြသည်။
ထိုစတူဒီယိုအခန်းလေးကို ‘ရွှေဘုံနိဒါန်း’ ဟု တေးရေး နိုင်မြန်မာက နာမည်ပေးထားသည်။ ဂီတဝါသနာပါသူ လူငယ်လေးများက ရွှေဘုံနိဒါန်းသို့ လာရောက် အသံသွင်းသည့်အခါ တေးရေး နိုင်မြန်မာ၏ သားငယ် မင်းရဲမြန်မာက အသံဖမ်း၊ အသံသွင်းပေးကြောင်း ပြောပြသည်။

ထိုနေရာတွင် ဖခင်ဖြစ်သူက သားဖြစ်သူများကို လူငယ်ပီပီ သူငယ်ချင်း အပေါင်းအသင်းကဲ့သို့ ဆက်ဆံပေါင်းသင်းသည်ကို တွေ့ရသည်။ သားဖြစ်သူများကလည်း ဖခင်ဖြစ်သူက သူငယ်ချင်းပေါင်း ပေါင်းသည်ဆို၍ အခွင့်အရေးမယူ၊ ဖခင်ဖြစ်သူအား တလေးတစား ပြန်လည် ဆက်ဆံကြသည်ကို တွေ့ရသည်။ ရွှေဘုံနိဒါန်း စတူဒီယိုအခန်းထဲတွင် သားငယ်ဖြစ်သူ မင်းရဲမြန်မာက သီချင်းများကို အသံတည်းဖြတ်နေသည်။
တေးရေး နိုင်မြန်မာက သားဖြစ်သူအား သီချင်းအသစ်တပုဒ်ဖြစ်သည့် ‘မိခင်ဧရာဝတီ’ သီချင်း ဖွင့်ပြရန်ပြောသည်။ ထို့နောက် ၁၉၈၈ ခုနှစ် ‘ကမ္ဘာမကြေဘူး’ အဖွဲ့သားများတွင် ပါဝင်ခဲ့သူတဦးအတွက် စီးရီးထုတ်ရန် အသစ် ရေးစပ်ပေးထားသည့် လူ့အခွင့်အရေးဆိုင်ရာ သီချင်းတပုဒ်ကို ဆက်လက်ဖွင့်ပြသည်။
သီချင်းခေါင်းစဉ်ကို ‘လွတ်လပ်ရေးငှက်’ ဟု အမည်ပေးထားကြောင်း တေးရေး နိုင်မြန်မာက ပြောပြသည်။ ပြီးနောက် ‘ကောင်းတဲ့ဘက်မှာ အစွန်းရောက်မယ်’၊ ‘ဂန္ထဝင်အသက်’၊ ‘ကြယ်ပျိုးခင်း’၊ ‘ယုန်ကလေး’၊ တေးရေး နိုင်မြန်မာ၏ ‘ကိုယ်ရေးရာဇဝင်’၊ လယ်ယာမြေပြဿနာများနှင့် ပတ်သက်၍ လယ်သမားများဘက်မှ ရပ်တည် ရေးပေးထားသည့် ဂဠုန်ဆရာစံအကြောင်းဖြစ်သည့် ‘ဆရာစံ’ စသည့် သီချင်း ရှစ်ပုဒ်ကို ဖွင့်ပြသည်။
၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားချိန်တွင် တေးရေး နိုင်မြန်မာက အရိုးကျီးပေါင်းဝေဒနာ ခံစားနေရသည်က တကြောင်း၊ သံဃာတော်များ ရိုက်နှက်ခံရသည်ကို မဖြစ်စေလိုသည်က တကြောင်း စသည့် အကြောင်းများကြောင့် ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးတွင် မပါဝင်ခဲ့ကြောင်း ရွှေဘုံနိဒါန်း စတူဒီယိုအခန်းထဲတွင် ဆက်ပြောပြသည်။
၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားချိန်တွင် တေးရေး နိုင်မြန်မာက အရိုးကျီးပေါင်းဝေဒနာ ခံစားနေရသည်က တကြောင်း၊ သံဃာတော်များ ရိုက်နှက်ခံရသည်ကို မဖြစ်စေလိုသည်က တကြောင်း စသည့် အကြောင်းများကြောင့် ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးတွင် မပါဝင်ခဲ့ကြောင်း ရွှေဘုံနိဒါန်း စတူဒီယိုအခန်းထဲတွင် ဆက်ပြောပြသည်။
တေးရေး နိုင်မြန်မာက သံဃာတော်များ အကြမ်းဖက် နှိမ်နှင်းခံရသည်ကို မနှစ်မြို့ကြောင်း အများနှင့်မတူသည့် သူ့အတွေးအမြင်များကို ပြောပြသည်။
“ကျနော်ပြောခဲ့သလို ကျနော့် အသက် ၂၃ နှစ်မှာ ဘာသာရေးနဲ့ ပတ်သက်လို့ အသိတရားတခု ရခဲ့တယ်ဆိုတာ။ ဘာသာရေးရှုထောင့်ကနေ ပြောကြကြေးဆိုရင် လူတို့ရဲ့အောင်မြင်တဲ့ကိစ္စတခုမှာ ရဟန်းသံဃာတော်များကို မှီခိုပြီး အရေးမဆိုချင်ဘူး။ သံဃာတော်တွေကို အေးချမ်းချမ်းနဲ့ပဲ နေစေချင်တယ်။ သံဃာတော်တွေက လူတွေလို ဒေါသထွက်ပြီးတော့ပဲဖြစ်ဖြစ် အရေးဆိုရတာ၊ သပိတ်မှောက်ရတာမျိုး မလိုချင်ဘူး။ သံဃာနည်းနဲ့ သပိတ်မှောက်တာ၊ ပတ္တနိက္ကုဇ္ဇနကံဆောင်တာကိုပဲ လိုချင်တယ်” ဟု ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းနှင့် ပတ်သက်ပြီး သူ့သုံးသပ်ချက်ကို စိတ်မကောင်းစွာ ပြောသည်။
ထို့နောက် ၂ဝ၁၂ ခုနှစ်တွင်လည်း တီဘီရောဂါ ဝေဒနာကို ကုသခဲ့ရသည်ဟု ပြောပြသည်။ တေးရေး နိုင်မြန်မာသည် ဘဝတလျှောက်လုံး ဂီတသမား၊ စာပေသမားဟူ၍ မိမိကိုယ်ကို မသတ်မှတ်ခဲ့ဘဲ စာရေး၍ မတရားမှုကို တွန်းတိုက်ရမည်ဆိုလျှင် ထိုမတရားမှုများကို တွန်းတိုက်သွားမည်ဖြစ်ကြောင်း၊ သီချင်းရေး၍ လူထုဘက်မှ ရပ်တည် ဖန်တီးရမည်ဆိုလျှင် လူထုဘက်မှ ထာဝရ ရပ်တည်ရေးသားနေမည်ဖြစ်ကြောင်း၊ သီချင်းဆိုခွင့်ရလျှင်လည်း သီချင်းဆိုနေမည် ဖြစ်ကြောင်း သူ့ခံယူချက်ကို ပြောပြသည်။
စာရေးဆရာ ပဉ္စမံဒီရိုင်းက “ဟိုခေတ်က ဝန်ကြီး ပဒေသရာဇာလိုမျိုး အခြေခံလူတန်းစားတွေရဲ့ အကြောင်းကို သီချင်းဖွဲ့တာ၊ ဘုန်းတော်ဘွဲ့တွေကို မရေးဘူး။ အချစ်သီချင်းရေးဆရာတွေ ကြားထဲကနေ ခွဲထွက်ပြီး လူ့ဘဝကို သရော်တာလေးတွေ ရေးတာများတယ်။ ဥပမာအားဖြင့် ဆေးရောင်စုံမြင်ကွင်း၊ ယောနသံစင်ရော်တို့၊ အမေ့ပုခက်လွှဲတို့ဆိုတဲ့ သီချင်းတွေ။ စာပေပိုင်းက ကြည့်ရင်လည်း ဒီရေစီးသံမဂ္ဂဇင်းကို သူလုပ်ခဲ့တယ်။ လင်းလက်တာရာဆိုတဲ့ ကလောင်နဲ့ ကဗျာတွေလည်း ရေးခဲ့တယ်။ ၈ လေးလုံး လူထုအရေးတော်ပုံမှာလည်း သူက သီချင်းရေးဆရာတယောက်အနေနဲ့ တာဝန်ကျေခဲ့တယ်” ဟု ပြောသည်။

တေးရေး နိုင်မြန်မာနှင့် ခေတ်ပြိုင် ဂီတအနုပညာရှင်များမှာ တေးရေး စောဘွဲ့မှူး၊ စောခူဆဲ၊ ညီညီသွင်၊ ထူးအိမ်သင်၊ နောင်နောင် (ဆန်းဖလားဝါး) တို့ ဖြစ်ကြသည်။ ဘဝတွင် မှတ်မှတ်ရရ စိတ်ကြိုက် သီချင်းသုံးပုဒ်မှာ ကမ္ဘာမကြေဘူး၊ တို့အမျိုးသားတိုင်းပြည်၊ ဂဠုန်ဆရာစံ သီချင်း သုံးပုဒ်သည် ကမ္ဘာမြေကို လက်ဆောင်ပြန်ပေးခဲ့သည့် သူ့စိတ်ကြိုက် သီချင်းသုံးပုဒ်ဖြစ်သည်ဟု ဆိုသည်။
တေးရေး နိုင်မြန်မာသည် ရုပ်ရှင်ကားကြီးများဖြစ်သည့် ဦးကျော်သူ ရိုက်ကူးသည့် အမေ့နို့ဖိုး၊ ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူးသည့် ရင်ထဲကဆောင်းရာသီ စသည့် ရုပ်ရှင်နှစ်ကားအတွက် သီချင်းရေးပေးခဲ့သည်။
၈ လေးလုံး လူထုအရေးတော်ပုံ ငွေရတုနှစ်ပတ်လည်တွင်လည်း ‘ပြည်စောင့်ခွေး’ ကဗျာစာအုပ်ကို ထုတ်ဝေခဲ့သည်။
တေးရေး နိုင်မြန်မာက အချိန် ခြောက်နာရီကြာ တထိုင်တည်း ဖြေကြားပေးခဲ့သည့် ကျနော့် ဆောင်းပါးထဲတွင် မပါမဖြစ် ထည့်ရေးရမည့် နာမည်တခု ရှိသေးသည်ဟု ဆိုသည်။ လူထုထဲက အနုပညာရှင် ဖြစ်သောကြောင့် လူထုရယ်လျှင် ရယ်ကာ၊ လူထုမဲ့လျှင် မဲ့၍ လူထုနှင့်အတူ တသားတည်း ရှိနေသကဲ့သို့ သူ၏ ဘဝတလျှောက်လုံးတွင်လည်း ကောင်းအတူ ဆိုးအတူ လောကဓံကို မျှဝေခံစားခဲ့သူ ဘဝပါရမီဖြည့်ဖက်ဖြစ်သည့် ဇနီးသည် ဒေါ်ဝါဝါလွင်ကို မှတ်တမ်းတင်ရမည်ဟု ကြည်နူးစွာ ဆိုလေသည်။
You may also like these stories:
တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၁)
“ကမ္ဘာမကြေဘူး” ဆိုတဲ့ တေးရေး နိုင်မြန်မာနဲ့ …
ရှစ်လေးလုံးက အလိမ်ခံလိုက်ရတယ်လို့ပဲ ခံစားရတယ်
ကိုဗစ်ရောဂါကို အောင်နိုင်သွားတဲ့ တေးရေး နိုင်မြန်မာ
နိုင်မြန်မာ ပြောတဲ့ ရှစ်လေးလုံး လူထုလှုပ်ရှားမှု (ရုပ်/သံ)
အာဏာရှင်တွေ မျက်မုန်းကျိုးတဲ့ တေးရေးဆရာ (ရုပ်/သံ)














