ထိုင်းလူကုန်ကူးမှုဆိုင်ရာရှေ့နေများက ကရင်နယ်ခြားစောင့် BGF တပ်မှူးသုံးဦးအတွက် တရားရုံးမှ ဖမ်းဆီးခွင့် ဝရမ်းထုတ်ရန် အထောက်အထားများ မလုံလောက်သေးကြောင်း ယုံကြည်ကြသောကြောင့် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI သည် ထပ်မံအထောက်အထားများ စုဆောင်းရန် အကြံပြုလိုက်ကြောင်း ထိုင်းသတင်းဌာန The Nation က ရေးသားသည်။။
သတင်းအရ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) ဒုတိယညွှန်ကြားရေးမှူးချုပ် ရဲ ဒုဗိုလ်မှူးကြီး ဆူရာဝတ် ရန်ဆိုင်းနှင့် သူ့အဖွဲ့သည် လူကုန်ကူးမှုဖြင့် စွဲဆိုရန် ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုဗိုလ်မှူးကြီး မုတ်သုန်နှင့် ဗိုလ်မှူး တင်ဝင်းတို့အား ဖမ်းဆီးခွင့်တောင်းခံမှုနှင့် ပတ်သက်၍ လူကုန်ကူးမှုဆိုင်ရာ အထူးဦးစီးရှေ့နေ ဆက်ဒါ့ ကလိုင်ရွန်ဆိုင်း နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများကို စုံစမ်းစစ်ဆေးနေသော ရှေ့နေများက အဆိုပါ ဆွေးနွေးမှုအတွင်း တရားရုံးက ဖမ်းဆီးခွင့်ပြုနိုင်ရန် အထောက်အထားများ မလုံလောက်ကြောင်း တွက်ဆခဲ့ကြသည်။ ထို့ကြောင့် DSI သည် ပိုမိုသေချာစေရန် ထပ်မံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် လိုအပ်သည့် အထောက်အထားများ ထပ်မံစုဆောင်းရန် ရှေ့နေများက အကြံပြုခဲ့ကြောင်း သိရသည်။
DSI သည် ရှေ့နေများနှင့် ဆွေးနွေးစဉ် တရားခံများသည် မြဝတီရှိ Heng Sheng Casino တွင် အိန္ဒိယနိုင်ငံသားများကို လှည်ဖြားကာ ဖမ်းဆီးထိန်းသိမ်းပြီး လူကုန်ကူးမှု တစိတ်တပိုင်းအဖြစ် အသုံးချခဲ့သည်ဟု တင်ပြခဲ့သည်။ ထိုင်းအာဏာပိုင်များက ပြန်လွတ်လာသော တရုတ်သရုပ်ဆောင် ရှင်ရှင်း အမှုကဲ့သို့ ထိုင်းကို မျှားခေါ် ဖြတ်ဝင်လာသူ အခြား ၇ ဦးကိုလည်း ကယ်တင်ခဲ့သည်။
DSI ၏ အစီရင်ခံချက်အရ ထိုင်းနိုင်ငံသား ၂ ဦးသည် ယင်းအမှုနှင့် သက်ဆိုင်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထိုသူများသည် ထိုင်းနှင့် မြဝတီတွင် အပန်းဖြေစခန်း ဝန်ဆောင်မှုများပေးနေသည့် ကုမ္ပဏီတခုတွင် အမှုဆောင်နှင့် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ထိုကုမ္ပဏီသည် ဖုန်းခေါ် ငွေလိမ်ဂိုဏ်းများထံ လူပို့ပေးနေသော လူကုန်ကူးမှုကွန်ယက်နှင့် ဆက်နွယ်နေကြောင်း ယူဆရသည်။
ထိုင်း ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူတဦးက ဖမ်းဆီးခွင့်ပြုခြင်းသည် စုံစမ်းစစ်ဆေးရေးဌာနနှင့် တရားရုံးကြား ဆုံးဖြတ်မှုဖြစ်ကြောင်း ပြောသည်။ စုံစမ်းသူများသည် အထောက်အထားများနှင့်အတူ တရားရုံးသို့ တင်ပြရမည်ဖြစ်ပြီး၊ တရားရုံးက ခွင့်ပြုလျှင်သာ ဖမ်းဆီးမှုကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
ပြည်ပသို့ ထွက်ပြေးမှုနှင့် အင်တာပို
မည်သည့် တရားခံမျှ ပြည်ပသို့ ထွက်ပြေးသွားပါက DSI သည် မိတ်ဖက် ၁၉၄ နိုင်ငံသို့ သတင်းပို့မည့် အင်တာပို၏ အရေးပေါ် Red Notice ထုတ်ပြန်ရန် တောင်းခံမည်ဖြစ်သည်။ အကြောင်းကြားစာသည် အဖွဲ့ဝင်နိုင်ငံများသို့ ရောက်ရှိပြီး နေထိုင်ကြောင်း သံသယရှိသူကို တွေ့ရှိပါက ဒေသဆိုင်ရာ အာဏာပိုင်များက ၎င်းတို့အား ဖမ်းဆီးနိုင်မည်ဖြစ်သည်။ ဖမ်းဆီးခံရပါက အိမ်ရှင်နိုင်ငံသည် သံသယရှိသူအား ယာယီဖမ်းဝရမ်းဖြင့် ချုပ်နှောင်ထားပြီး အင်တာပိုမှတဆင့် တောင်းဆိုသည့်နိုင်ငံအား အကြောင်းကြားမည်ဖြစ်သည်။
အင်တာပိုထံမှ အကြောင်းကြားစာကို လက်ခံရရှိသည့်အခါ ဗဟိုညှိနှိုင်းရေးအဖွဲ့အနေဖြင့် ထိုင်း ရှေ့နေချုပ်ရုံးသည် သံသယရှိသူ၏ တည်နေရာကို ဆုံးဖြတ်မည်ဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းခံရပါက ရှေ့နေချုပ်ရုံးသည် တရားခံအား ထိုင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေး ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်သည်။
တရားခံလွှဲပြောင်းရေးဆိုင်ရာ ယေဘုယျ စံသတ်မှတ်ချက်များတွင် ပါဝင်သည်မှာ ပြစ်မှုသည် ကြီးလေးသောရာဇဝတ်မှုဖြစ်ရမည်၊ ၎င်းကို နိုင်ငံနှစ်ခုလုံးတွင် ရာဇဝတ်မှုအဖြစ် အသိအမှတ်ပြုရမည်၊ ၎င်းသည် နိုင်ငံရေး သို့မဟုတ် ဘာသာရေးအမှု မဟုတ်ရပါ။
တရားခံလွှဲပြောင်းရေး တောင်းဆိုရန် နည်းလမ်းနှစ်ခုရှိသည်။
၁) လွှဲပြောင်းရေး သဘောတူစာချုပ်။ ။ နိုင်ငံများကြားတွင် တရားခံလွှဲပြောင်းရေးသဘောတူစာချုပ်ရှိပါက သဘောတူညီချက်တွင်ဖော်ပြထားသည့် စည်းကမ်းချက်များအပေါ် အခြေခံ၍ တောင်းဆိုချက်ကို ဆောင်ရွက်ပေးပါသည်။
၂) အပြန်အလှန် ကျင့်သုံးရေး အခြေခံမူ။ ။ စာချုပ်မရှိသည့်ကိစ္စများတွင် တောင်းဆိုသည့်နိုင်ငံသည် နောင် လွှဲပြောင်းရေးတောင်းဆိုမှုများတွင် အပြန်အလှန်ပြန်လည်လွှဲပြောင်းပေးမည့် တရားဝင်ကတိကဝတ်ကို ပေးနိုင်သည်။
သို့သော် ပြန်လွှဲပေးမှု တောင်းဆိုချက်များသည် အမြဲတမ်း ခွင့်ပြုခြင်းမရှိနိုင်ပါ၊ အကြောင်းမှာ ဆုံးဖြတ်ခွင့်သည် တရားခံ တည်ရှိရာ နိုင်ငံ၏ အာဏာပိုင်များတွင် မူတည်သောကြောင့် ဖြစ်သည်။ များသောအားဖြင့် နိုင်ငံတနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် ပြန်လွှဲပေးမှု တောင်းဆိုချက်ကို သုံးသပ်ပြီး အပြန်အလှန်လျှောက်လှဲရန် အခွင့်အရေး ပေးလေ့ရှိသည်။ ၎င်းလုပ်ငန်းစဉ်နှင့် ကြာချိန်သည် နိုင်ငံအလိုက် မတူကွဲပြားနိုင်သည်။
ထို့အပြင် တချို့နိုင်ငံများတွင် သက်ဆိုင်ရာ တရားရုံးက ပြန်လွှဲပေးမှုကို ခွင့်ပြုခဲ့သည်ဆိုလျှင်ပင် အဆိုပါ လွှဲပြောင်းမှုသည် အကောင်အထည် မဖော်မချင်း အစိုးရအဖွဲ့၏ သုံးသပ်ချက်ကို ခံယူရမည်ဖြစ်သည်။ ထိုသုံးသပ်မှုတွင် အစိုးရသည် နိုင်ငံတကာ သံတမန်ဆက်ဆံရေးနှင့် နိုင်ငံရေး သက်ရောက်မှုများကို ပြန်လည်သုံးသပ်သည်။ ယခင်ကလည်း တရားရုံးက ပြန်လွှဲပေးမှု ခွင့်ပြုခဲ့သော်လည်း အာဏာပိုင်အစိုးရအဖွဲ့က နိုင်ငံတကာဆက်ဆံရေး ပြဿနာများကြောင့် ပယ်ချခဲ့သော များစွာသော ဥပမာများ ရှိခဲ့သည်။ အထူးသဖြင့် တရားခံတဦးအား နိုင်ငံများစွာမှ ပြန်လွှဲပေးရန် တောင်းဆိုနေချိန်တွင် တနိုင်ငံထံသာ ပြန်လွှဲခြင်းက တခြားနိုင်ငံများနှင့် သံတမန်ဆက်ဆံရေး အခက်အခဲ ဖြစ်စေနိုင်သည့် အခြေအနေများ ရှိခဲ့ဖူးသည်။
မည်သို့ပင်ဆိုစေ တရားရုံးမှ ဖမ်းဆီးခွင့်ပြုရန် အဓိကအချက်မှာ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်ကြောင်း တရားရုံးကို အသက်ဝင်စေနိုင်သည့် အထောက်အထားများ ခိုင်လုံစွာ တင်ပြနိုင်ရေးပင် ဖြစ်သည်။
အစီရင်ခံချက်များအရ ဤအမှုသည် နိုင်ငံရပ်ခြားတွင် ကျူးလွန်မှုအဖြစ် ဆက်လက် လုပ်ဆောင်မည်ဆိုပါက ဥပဒေအရ ထိုင်း ရှေ့နေချုပ်သည် စုံစမ်းစစ်ဆေးမှုကို ဦးဆောင်ရမည် သို့မဟုတ် စုံစမ်းစစ်ဆေးသူများကို ခန့်အပ်ရမည် ဖြစ်သည်။ ပုံမှန်အားဖြင့် စုံစမ်းစစ်ဆေးမှုကို စတင်သည်နှင့်တပြိုင်နက် ရှေ့နေချုပ်သည် စုံစမ်းစစ်ဆေးမှုရုံး၏ ရှေ့နေများကို တာဝန်ပေးခန့်အပ်လေ့ရှိသည်။
သို့သော် နိုင်ငံရပ်ခြားရှိ လူကုန်ကူးမှုများတွင် ရှေ့နေချုပ်သည် လူကုန်ကူးမှုဆိုင်ရာ တရားစွဲဆိုမှုရုံးမှ ရှေ့နေများကို တိုက်ရိုက် ပူးပေါင်းဆောင်ရွက်စေရန် ခန့်အပ်လေ့ရှိသည်။ ယင်းသည် ထိုရုံး၏ အထူးပြု ကျွမ်းကျင်မှုကြောင့် စုံစမ်းမှုများ ပိုမိုချောမွေ့စေရန် အထောက်အကူ ဖြစ်စေသည်။
သို့သော် ဤနည်းလမ်းသည် စုံစမ်းစစ်ဆေးမှုနှင့် တရားစွဲဆိုမှုကို တဌာနတည်းတွင် ပေါင်းစည်းထားခြင်းကြောင့် အာဏာချိန်ခွင်ညှာ ထိန်းညှိမှု (checks and balances) ထိခိုက်နိုင်ပြီး မျှတမှုနှင့် စောင့်ကြည့်မှု ဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ကြောင်း တချို့က ယုံကြည်ကြသည်။
ဖမ်းဝရမ်းများ အမြန်မထုတ်ခြင်းကို မေးခွန်းထုတ်
အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) သည် မြဝတီရှိ ကာစီနိုတခုတွင် တရုတ်ငွေလိမ်ဂိုဏ်းအတွက် အတင်းအကျပ် အလုပ်လုပ်စေရန် ခေါ်ဆောင်ခံခဲ့ရသည့် အိန္ဒိယနိုင်ငံသား ရှစ်ဦးနှင့် သက်ဆိုင်သည့် လူကုန်ကူးမှုကို စုံစမ်းဆဲဖြစ်သည်။ ဤကာစီနိုတည်ရှိသည့် မြေကွက်ကို ၂၀၁၇ ခုနှစ်တွင် နယ်ခြားစိုးမိုးရေးတပ်ဖွဲ့ (BGF) က ငှားရမ်းထားသည်။ ထို့ကြောင့် BGF ခေါင်းဆောင်များကို လူကုန်ကူးမှုစွဲချက်ဖြင့် ဖမ်းဆီးခွင့်ပြုရန် ဆောင်ရွက်နေသည်။
ထိုင်းအတိုက်အခံ ပြည်သူ့ပါတီ ဒုဥက္ကဌ ရန်စီမန် ရုမ်း က ဝရမ်းထုတ်ပေးရန် ငြင်းဆန်ခဲ့ခြင်းကို ဝေဖန်သည်။ BGF သည် ၎င်းတို့ ထိန်းချုပ်သည့်ဒေသများတွင် တရုတ် ဂိုဏ်းများနှင့် သက်ဆိုင်ကြောင်း သက်သေအထောက်အထားများ ထင်ရှားပေါ်လွင်နေသည့်အတွက် ဖမ်းဝရမ်းများ အမြန်မထုတ်ပြန်ခြင်းကို မေးခွန်းထုတ်ခဲ့သည်။ ဖမ်းဆီးခွင့်ပြုခြင်းက ထိုင်းနိုင်ငံရှိ တရားမဝင် ငွေကြေး (gray capital) နှင့် အဂတိလိုက်စားသည့် ထိုင်းအာဏာပိုင်များ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများနှင့် ပူးပေါင်းမှုကို တားမြစ်နိုင်မည်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။
ရန်စီမန် ရုမ်း က နိုင်ငံများစွာသည် BGF ခေါင်းဆောင် စောချစ်သူကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားကြောင်း ပြောကြားခဲ့သည်။ ထိုင်းအာဏာပိုင်များသည် ဖမ်းဝရမ်း ထုတ်ပြန်မှုကို နှောင့်နှေးနေခြင်းသည် ထိုင်းတာဝန်ရှိသူများနှင့် အာဏာရှိသူများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား စောချစ်သူက ကိုင်တွယ်ထားနိုင်ခြင်းကြောင့်လားဟု မေးခွန်းထုတ်ခဲ့သည်။
၎င်းက ထိုင်းဝန်ကြီးချုပ်နှင့် တရားရေးဝန်ကြီးအား စောချစ်သူကို ဖမ်းဝရမ်း အမြန်ဆုံး ထုတ်ပေးရန် တောင်းဆိုခဲ့သည်။ BGF ခေါင်းဆောင်များနှင့် ငွေအရှုပ်အရှင်း၊ မူးယစ်ဆေးဝါး မှောင်ခိုရာတွင် ဆက်နွယ်မှုများကိုလည်း စုံစမ်းသင့်ကြောင်း လှုံ့ဆော်ခဲ့သည်။
ထိုင်းရဲအရာရှိကြီးများ ရာထူးချထား
တချိန်တည်းတွင် ထိုင်းနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးနှစ်ဦးဖြစ်သော ရဲမင်းကြီး အက်ကာရတ် အင်တာစပ်နှင့် တာ့ခ်ပြည်နယ်ရဲချုပ် ရဲမင်းကြီး စမ်ရစ် အမ်ကာမော်လ်တို့ ရာထူးမှ ယာယီရပ်နားခံရကြောင်း ထိုင်းသတင်းဌာန Thai Enquirer က ဖော်ပြထားသည်။
ရဲမင်းကြီး အက်ကာရတ်သည် မြဝတီမြို့ရှိ ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်ဆက်နွယ်နေကြောင်း စွပ်စွဲခံထားရပြီး တာ့ခ်ပြည်နယ်ရဲချုပ်မှာမူ ၎င်းနယ်မြေရှိ ရာဇဝတ်ဂိုဏ်းများအား ထိရောက်စွာ အရေးမယူခဲ့မှုဖြင့် စွပ်စွဲခံထားရသည်။
ထိုင်း ပြည်သူ့ပါတီမှ ဒုတိယခေါင်းဆောင် ရန်စီမန်ရုမ်းက မြဝတီမြို့၌ ကာစီနို ၁၇ ခုရှိပြီး ယင်းတို့တွင် ထိုင်းလုပ်ငန်းရှင်များ ပါဝင်ပတ်သက်နေကြောင်း၊ အစိုးရနှင့်နီးစပ်သည့် ထိုင်းရဲမင်းကြီးတဦးသည်လည်း ကာစီနိုတခု ပိုင်ဆိုင်ထားကြောင်း ၂၀၂၄ ဧပြီလအတွင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။
ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သမ် ဝက်ချာယာချိုင်းကလည်း တရားမဝင်လုပ်ငန်းများနှင့် ပတ်သက်နေသော အစိုးရအရာရှိ များအား နယ်စပ်ဒေသများမှ ဖယ်ရှားသွားမည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ရာဇဝတ်ဂိုဏ်းများကို ပိုမိုထိရောက်စွာ နှိမ်နင်းနိုင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်
“ဘာအမှား လုပ်မိခဲ့သလဲ”
ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ဘီဘီစီမြန်မာပိုင်းနှင့် ဆက်သွယ်ပြောကြားရာတွင် ထိုင်းအာဏာပိုင်များက သူနှင့် သူ၏ လက်ထောက်များအား ဖမ်းဆီးရန် ဆောင်ရွက်နေမှုအတွက် ဝမ်းနည်းကြောင်း ဆိုသည်။
“ကျနော် ထိုင်းမှာ နေမရအောင် ဘာများ အမှားလုပ်မိလို့လဲ။ ကျနော်တို့က ထိုင်းနိုင်ငံကို တော်လှန်ပုန်ကန်ခဲ့လို့လား” ဟု စောချစ်သူက မေးမြန်းခဲ့သည်။
၎င်းသည် လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပြီး အဖမ်းခံရသူများကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ သို့သော် ၎င်းတို့၏ ဆောင်ရွက်မှုများအား သတင်းမီဒီယာများက မဖော်ပြပေးခဲ့ကြောင်းလည်း ပြောသည်။
“ဖမ်းဖို့ ခွင့်ပြုရင် ဒါဟာ အရမ်း စိုးရိမ်ဖို့ ကောင်းတယ်။ ထိုင်းအစိုးရရဲ့ ဆောင်ရွက်မှုကြောင့် ဝမ်းနည်းတယ်” ဟု စောချစ်သူက ပြောသည်။
BGF ၏ ပြောခွင့်ရပုဂ္ဂိုလ်က BGF သည် နယ်စပ်ဒေသများတွင် ရှိသည့် အွန်လိုင်းလိမ်လည်မှုကွန်ယက်များကို ဖျက်သိမ်းရန် အထူးတပ်ဖွဲ့တခု ဖွဲ့စည်းထားကြောင်း မကြာသေးမီက ဧရာဝတီကို ပြောကြားခဲ့သည်။
ကိုးကား။ ။ The Nation နှင့် Thai Enquirer တို့မှ သတင်းများ
You may also like these stories:
စောချစ်သူ ပါ ခေါင်းဆောင် ၃ ဦးကို ဖမ်းဝရမ်းထုတ်မည် (ရုပ်/သံ)
“ကျောက်ခက်မှာလည်း ကျားဖြန့် နှိမ်နင်းမယ်”
ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ
မြဝတီ၌ တရုတ်နှင့် လက်နက်ကိုင်အဖွဲ့များ စက်သုံးဆီ အပြိုင်ဝယ်နေ
ထိုင်းလောင်စာဆီဖြတ်တောက်မှု မြဝတီနှင့် တာချီလိတ်၌ အခက်ကြုံ













