“ကျမသာ ရွေးကောက်ခံရရင် ရှင်တို့ အတွက်
ကြောက်စရာ အကောင်းဆုံး အိပ်မက်ဆိုး ဖြစ်လာလိမ့်မယ်”
ကာရီလိတ် (Kari Lake)
အထက်ပါ စကားဟာ မကြာသေးခင်က အမေရိကန် ကမ္ဘာ့မီဒီယာ အေဂျင်စီ (USAGM) ရဲ့ အထူးအကြံပေး အဖြစ် ခန့်အပ်ခံရသူ မစ္စ ကာရီလိတ် က ၂၀၂၂ ခုနှစ်က မေးမြန်းခန်း တခုမှာ သတင်းသမားတွေကို ပြောခဲ့တာပါ။
၁၉၆၉ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့မှာ ကျောင်းဆရာနဲ့ သူနာပြု မိဘနှစ်ပါးက မွေးဖွားခဲ့တဲ့ ကာရီလိတ် ဟာ မွေးချင်း ၉ ဦး ထဲမှာ အငယ်ဆုံးပါ။
ဇာတိက အမေရိကန် အီလီနွိုက် ပြည်နယ် Rock ကျွန်း ဖြစ်ပြီး ၁၉၉၁ ခုနှစ်မှာ အိုင်အိုဝါ တက္ကသိုလ်ကနေ သတင်း အချက်အလက် နဲ့ ဆက်သွယ်ရေး ဆိုင်ရာ ဘွဲ့ရခဲ့ပါတယ်။
သူဟာ အမေရိကန် သမ္မတ နှစ်ဦး အပါအဝင် နိုင်ငံ့ခေါင်း ဆောင်တွေကို တွေ့ဆုံ မေးမြန်းခဲ့ဖူးသူ ဖြစ်ပြီး နိုင်ငံတကာ သတင်း ပေးပို့မှု အတွက် Emmy ဆု ၂ ကြိမ် ရခဲ့သူ ဖြစ်ကြောင်းလည်း သိရပါတယ်။
အိမ်ထောင် နှစ်ဆက်ရှိကာ လက်ရှိ ခင်ပွန်း Jeff Halperin ဆိုသူနဲ့ ၁၉၉၈ ခုနှစ်က လက်ထပ်ခဲ့ပြီး သားသမီး ၂ ဦး ထွန်းကားထားပါတယ်။
၂၀၁၉ ခုနှစ်က Facebook တိုက်ရိုက် ထုတ်လွှင့်မှုတခုမှာ ညစ်ညမ်းတဲ့ စကားလုံးကို အသုံးပြုခဲ့မှုကြောင့် Fox သတင်း ဌာနက သတင်း တင်ဆက်ခွင့် တပတ်ရပ်နားမှု ခံခဲ့ရပါသေးတယ်။
သတင်း တင်ဆက်သူ အဖြစ် အရီဇိုးနား ပြည်နယ်၊ ဖီးနစ်မြို့က Fox သတင်းဌာနမှာ ဆယ်စုနှစ် ၂ ခုကျော် လုပ်ကိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ အနားယူခဲ့တာပါ။
အနားယူကြောင်း ကြေညာစဉ်က ဂျာနယ်လစ် တယောက် ဖြစ်ရတာ ဂုဏ်ယူစရာ မကောင်းတော့ဘဲ မီဒီယာတွေက အကြောက်တရားနဲ့ သွေးကွဲမှုတွေကို နိုင်ငံတွင်းမှာ ဖြစ်ပေါ်စေတယ်လို့ ခံစားရကြောင်း ပြောဆိုပါတယ်။
၂၀၂၂ ခုနှစ်မှာ အရီဇိုးနား ပြည်နယ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပါတီဝင်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံရေး လောကထဲ စတင် ဝင်ရောက်ပါတယ်။

အဆိုပါ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ကာရီလိတ် ဟာ ရှုံးနိမ့်မှုကို လက်မခံဘဲ တရားစွဲမှုတွေ ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
၂၀၂၄ မှာ အရီဇိုးနား ပြည်နယ် လွှတ်တော် အတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း ထပ်မံ ရှုံးနိမ့် ခဲ့ပြန်ပါတယ်။
ကာရီလိတ် ဟာ ၂၀၀၆ ခုနှစ်ထိ ရီပတ်ဘလစ်ကန် ပါတီဝင်ဖြစ်ပါတယ်။
၂၀၀၆ နိုဝင်ဘာမှာတော့ တသီးပုဂ္ဂလ အဖြစ် ကြေညာခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ အိုဗားမားရဲ့ ဒီမိုကရက် ပါတီ အနိုင်ရပြီး နောက်နေ့ ဇန်နဝါရီ ၄ ရက်နေ့မှာ ဒီမိုကရက် ပါတီမှာ စာရင်းသွင်းခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာတော့ ရီပတ်ဘလစ်ကန် ပါတီကို ပြန်လည် ဝင်ရောက်ပါတယ်။
ကာရီလိတ် ဟာ ဆိုရှယ်မီဒီယာမှာ သတင်းအမှားတွေ၊ အတည်မပြုရသေးတဲ့ သတင်းတွေကိုလည်း ဖြန့်ဝေတတ်ပြီး ၂၀၁၈ ခုနှစ်က Red for Ed လှုပ်ရှားမှုလို့ သိကြတဲ့ ပညာရေး အတွက် ထောက်ပံ့ငွေ ပိုပေးဖို့ တောင်းဆိုမှုကို ဆန့်ကျင်ကြောင်း ပြောပြီးမှ ပြန်လည် တောင်းပန်ခဲ့ပါသေးတယ်။
ကိုဗစ် ကာလတုန်းကလည်း ရောဂါနဲ့ ပတ်သက်တဲ့ အတည်မပြုရသေးတဲ့ သတင်း အချက်အလက်ကို မျှဝေခဲ့လို့ ဝေဖန် ခံခဲ့ရပါသေးတယ်။
ကာရီလိတ် ဟာ ၂၀၂၂ ခုနှစ်က ကိုယ်ဝန် ဖျက်ချခွင့်ကို အပြင်းအထန် ဆန့်ကျင်သူ ဖြစ်ပေမယ့် ၂၀၂၄ မှာတော့ အခြေအနေ တချို့ကြောင့် အမျိုးသမီးတွေဟာ ကိုယ်ဝန် ဖျက်ချခွင့် ရှိသင့်တယ်လို့ ဆိုပြန်ပါတယ်။
သူဟာ သမ္မတ ဒေါ်နယ် ထရမ့်ကို အထင်ကြီး လေးစားသူ တဦးပါ။
ထရမ့်လိုပဲ မီဒီယာတွေ အပေါ် အထင်အမြင်သေးမှုကို ဖော်ပြလေ့ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို လူသိရှင်ကြား ဆန့်ကျင်ကာ ထရမ့် နဲ့ တဖက်တည်း ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။
Time Magazine ရဲ့ ၂၀၂၄ ခုနှစ် Person of the year အဖြစ် ထရမ့်ကို ဒုတိယ အကြိမ်မြောက် ရွေးချယ်ခဲ့ချိန်ကလည်း ကာရီလိတ်က “နောက်ဆုံးတော့ Time Magazine က မှန်မှန်ကန်ကန် လုပ်နိုင်ခဲ့ပြီ” လို့ X မှာ ရေးသားပြီး ဂုဏ်ပြု ခဲ့ပါသေးတယ်။
သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာလည်း ထရမ့်ပုံ တင်ပြီး “ပြီးခဲ့တဲ့ ၁၀ စုနှစ် အတွင်း Person of the year က နှစ်တိုင်း ထရမ့်ပဲ ဖြစ်သင့်တယ်” လို့ ရေးသားခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာတော့ သမ္မတ ထရမ့်ကလည်း သတင်းသမားတွေကို Monsters တွေလို့ သုံးနှုန်းဖူးခဲ့ပါတယ်။
သူ အနိုင်ရရင် ထောက်ပံ့ငွေတွေ လျှော့ချပစ်မယ်လို့ ကြုံးဝါးဖူးတဲ့ ကာရီလိတ် ကို အမေရိကန် အသံ Voice of America (VOA) သတင်းဌာန ရဲ့ ဦးဆောင်သူ ဒါရိုက်တာ အဖြစ် စာရင်းသွင်းကြောင်း ထရမ့်က ကြေညာလိုက်ပါတယ်။
ထရမ့်က“သတင်း မီဒီယာ အတုတွေရဲ့ အလိမ်အညာတွေနဲ့ မတူဘဲ အမေရိကန်ရဲ့ လွတ်လပ်မှု တန်ဖိုးတွေကို မျှတစွာနဲ့ တိကျ မှန်ကန်စွာ ကာရီလိတ် က ကမာ္ဘ တဝန်းလုံးဆီ တင်ဆက် ပေးနိုင်အောင် လုပ်လိမ့်မယ်”လို့လည်း ဆိုပါတယ်။

ကာရီလိတ် ကလည်း တာဝန်ပေးမှု အတွက် ဂုဏ်ယူရကြောင်း ပြောလိုက်ကာ“ကျမ ဦးဆောင်မှုအောက်မှာ VOA က အမေရိကန် ရဲ့ ကမာ္ဘတဝန်း အောင်မြင်မှုတွေကို မှတ်တမ်းတင်ရင်း သူ့ရဲ့ တာဝန်တွေကို အောင်မြင်စွာ လုပ်ဆောင် နိုင်ပါလိမ့်မယ်” ဆိုပြီး ဆိုရှယ် မီဒီယာမှာ ရေးသားခဲ့ပါတယ်။
ဒါပေမယ့် အစီအစဉ်က ထင်ထားသလို မဟုတ်ခဲ့ပါဘူး။
အမေရိကန် USAGM ရဲ့ တစိတ်တပိုင်း ဖြစ်တဲ့ VOA ဟာ အမေရိကန် အစိုးရက ဦးဆောင် လည်ပတ်နေတာ မဟုတ်ဘဲ ထောက်ပံ့ကြေးပဲ ပေးနေတာ ဖြစ်ပါတယ်။
အစိုးရရဲ့ စွက်ဖက်မှုကို ကာကွယ်နိုင်ဖို့ အတွက် သမ္မတ က တင်သွင်းတဲ့ ဒါရိုက်တာကို နိုင်ငံခြားရေးဝန်ကြီး ပါဝင်တဲ့ ၇ ဦး ကော်မတီ က အတည်ပြု ပေးဖို့လိုပြီး တဖန် လွှတ်တော်က ထပ်မံ အတည်ပြုဖို့ လိုအပ်ပါတယ်။
ကာရီလိတ် ကို VOA ဒါရိုက်တာ အဖြစ် အတည်ပြုမှု လုပ်ငန်းစဉ် မပြီးဆုံးခင်မှာပဲ VOA အပါအဝင် USAGM အောက်က အေဂျင်စီတွေကို ရန်ပုံငွေ လျှော့ချဖို့ အမိန့်ကို သမ္မတ ထရမ့်က လက်မှတ်ထိုး ထုတ်ပြန်လိုက်တာကြောင့် ဝန်ထမ်း အများအပြား ထုတ်ပယ်ခံရပြီး VOA ရဲ့ လည်ပတ်မှု ရပ်ဆိုင်းသွားပါတော့တယ်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ လမှာတော့ ထရမ့်က ကာရီလိတ် ကို VOA ရဲ့ မိခင်ဌာန ဖြစ်တဲ့ USAGM ရဲ့ အထူး အကြံပေး အဖြစ် ခန့်အပ် ကြေညာခဲ့ပြီး မတ်လ အစောပိုင်းမှာ ကာရီလိတ် က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
“နှစ် ၃၀ ကြာ ဂျာနယ်လစ်ဇင် အလုပ်ကနေ အနားယူပြီလို့ ဗီဒီယိုထဲမှာ ကြေညာခဲ့ပြီးတာ ၄ နှစ် ရှိခဲ့ပါပြီ”
“အဆိုပါ ကာလတွေတုန်းက လူတွေဟာ သတင်းတုတွေရဲ့ လိမ်ညာမှုတွေနဲ့ နိုးထနေခဲ့ရတာပါ”
“တောက်ပတဲ့ နေ့ရက်တွေ ရှေ့မှာ စောင့်ကြိုနေပါပြီ”
အဲဒီ စကားတွေကို USAGM ရဲ့ အထူးအကြံပေး အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့မှာ ကာရီလိတ် က ပြောခဲ့တာ ဖြစ်ပါတယ်။
USAGM ဟာ VOA အပါအဝင် နိုင်ငံတကာ သတင်း မီဒီယာ ၅ ခုရဲ့ မိခင် အဖွဲ့အစည်း ဖြစ်ကြောင်းလည်း သိရပါတယ်။
ထရမ့်ရဲ့ ဖက်ဒရယ်လုပ်အား လျှော့ချမှု အစီအစဉ်နဲ့ ပတ်သက်ပြီးတော့လည်း “USAGM မှာ ကျမ ရှိနေစဉ်မှာ သမ္မတ ထရမ့်ရဲ့ အမိန့်ဖြစ်တဲ့ အစိုးရရဲ့ အရွယ်အစားနဲ့ အတိုင်းအတာကို လျှော့ချဖို့ တာဝန်ကို အပြည့်အဝ အကောင်အထည် ဖော်မယ်လို့ ကတိပြုပါတယ်။ USAGM ဟာ အေဂျင်စီရဲ့ လုပ်ပိုင်ခွင့်ထဲက ပြဌာန်းထားတဲ့ ပရိုဂရမ်တွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး ပြဌာန်းချက်နဲ့ မကိုက်ညီတာ အားလုံးကို ပိတ်သိမ်းသွားမှာပါ။ သမ္မတရဲ့ အမိန့်ကို အပြည့်အဝ ထောက်ခံပါတယ်” လို့လည်း သူက ပြောခဲ့ပါသေးတယ်။
လက်ရှိမှာတော့ ရန်ပုံငွေ ဖြတ်တောက်မှုနဲ့ ပတ်သက်ပြီး ကာရီလိတ် နဲ့ USAGM ရဲ့ ယာယီ CEO ဖြစ်သူ Victor Morales တို့ကို Radio Free Europe (RFE) က တရား စွဲဆိုထားပါတယ်။

USAGM ကို ဦးဆောင်ဖို့ ထရမ့် ခန့်အပ်ခဲ့တဲ့ ကာရီလိတ် အပါအဝင် လက်ရှိ အမေရိကန် အစိုးရတို့ကို VOA သတင်းသမား ၆ ဦးကလည်း တရား ပြန်စွဲကြောင်း အမေရိကန် သတင်းဌာန တခု ဖြစ်တဲ့ NPR က မတ်လ ၂၁ ရက်နေ့မှာ ဖော်ပြပါတယ်။
VOA ဟာ နှစ်ပေါင်း ၈၀ ကျော် တည်ရှိလာခဲ့တဲ့ သတင်းဌာနကြီး တခုဖြစ်ပြီး အခုလို ပိတ်သိမ်းခိုင်းမှုဟာ တရား မဝင်ကြောင်း၊ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပထမ ပြင်ဆင်ချက်က ပေးထားတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးဖောက်ရာ ရောက်ကြောင်း စသည့် အချက်များနဲ့ တရား ပြန်စွဲခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အပတ် စနေ၊ တနင်္ဂနွေက VOA အချိန်ပြည့် ဝန်ထမ်း ၉၀၀ ကျော်ကို အလုပ်က အကန့်အသတ်မဲ့ ခွင့်ယူစေခဲ့ပြီး၊ ကန်ထရိုက် အနေနဲ့ လုပ်ကိုင်နေသူ သတင်းသမား ၅၅၀ ကိုလည်း အလုပ်မှ ရပ်စဲခဲ့ကြောင်း သိရပါတယ်။
အလားတူ နှစ်ပေါင်း ၃၀ နီးပါး သတင်းတွေ ထုတ်လွှင့်လာတဲ့ လွတ်လပ်တဲ့ အာရှ အသံ Radio Free Asia (RFA) သတင်း ဌာနကိုလည်း နှစ်စဉ် ပေးနေကျ ရန်ပုံကို လက်ရှိ အမေရိကန် အစိုးရက မတ်လ ၁၅ ရက်က စတင် ဖြတ်တောက် လိုက်ကြောင်း RFA ကလည်း မနေ့က ထုတ်ပြန်ထားပါတယ်။
အခုလို သတင်းမီဒီယာတွေ ရဲ့ အကြပ်အတည်း ကာလမှာပဲ ကာရီလိတ်ဟာ ထရမ့် ရဲ့ စင်တင်ပေးမှုနဲ့ အမေရိကန် အစိုးရ အဖွဲ့ထဲကို ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။
ကာရီလိတ်ဟာ နှစ် ၃၀ နီးပါး မီဒီယာလောကမှာ ကျင်လည်ခဲ့ကာ နိုင်ငံရေး လောကကို ဝင်ရောက်လာခဲ့ပြီး သတင်း မီဒီယာ သမားတွေကို အမြင် မကြည်တဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ အမေရိကန် ကမ္ဘာ့မီဒီယာ အေဂျင်စီ (USAGM) မှာ အထူး အကြံပေး အဖြစ် နဲ့ ထရမ့်ရဲ့ စိတ်ကူးတွေကို အကောင် အထည် ဖော်ပေးသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ။
Ref:
-USAGM
-International News Medias
-Wikipedia














