ငလျင် လှုပ်ခြင်းဟာ ကမ္ဘာမြေပြင် တုန်ခြင်း ခါခြင်း ဖြစ်ပါတယ်။
ခရီးဝေးလံစွာ ပျံ့နှံ့သွားတဲ့ သဘာဝ အလျောက် မြေကြီး လှုပ်ရှားမှုမျိုးကို ငလျင်လို့ ဆိုကြပါတယ်။
အဲဒီလို မြေငလျင် လှိုင်းများ ဖြစ်ပေါ်ရာမှာ ကမာ္ဘမြေကြီးရဲ့ မျက်နှာပြင်လွှာ အတွင်းမှာ စွမ်းအင်ကို ရုတ်တရက် ထုတ်လွှတ်ခြင်းရဲ့ ရလဒ် ဖြစ်တယ် လို့လည်း သိရပါတယ်။
ကမ္ဘာမြေ အပေါ်ယံမှာ ကျောက်ထပ် ကျောက်လွှာများ ရှိကြပြီး အဲဒီ ကျောက်ထပ် ကျောက်လွှာ တို့ဟာ တခုနဲ့ တခု အင်အား ကြီးမားစွာနဲ့ ဖိကြ တိုက်ခိုက်မိကြတဲ့အခါ ကွဲပြတ် ရွေ့လျော ဖြစ်ကုန်ကြတယ်လို့ ဆိုပါတယ်။
အဲဒီလို ကွဲပြတ်ရာမှ ဖြစ်ပေါ်လာတဲ့ တုန်ခါမှုဟာ ခရီးမိုင် ထောင်ချီ ပျံ့နှံ့သွားနိုင်ပါတယ်။
ငလျင်ဟာ မြေတွင်း အနက်တနေရာ ကနေ ဖြစ်ပေါ်လာတာလို့ ဆိုပါတယ်။
ငလျင် လှုပ်ခြင်းဟာ မီးတောင် ပေါက်ကွဲခြင်းကြောင့်လည်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
ငလျင် လှုပ်တဲ့အခါ ငလျင်လှိုင်းများ ဖြစ်ပေါ်လာပါတယ်။ အဲဒီ လှိုင်းတွေဟာ ကျောက်ထုလွှာမှာ အမြန်နှုန်း အမျိုးမျိုးနဲ့ ပတ်ဝန်းကျင်ကို ပျံ့နှံ့ သွားကြတယ်လို့ ဆိုပါတယ်။
ရပ်ဝေးကို ပထမဆုံး ရောက်တဲ့ လှိုင်းဟာ ကမ္ဘာမြေကြီးရဲ့ အလယ်ဗဟိုကို ကွေ့ကောက် ဆင်းတဲ့ လှိုင်း ဖြစ်တယ်တဲ့။ ကမ္ဘာမြေကြီးရဲ့ အလယ်ဗဟိုမှာ ကျောက်ထုများလို့ ငလျင်လှိုင်းဟာ အဲဒီ ဒေသမှာ ပိုပြီး လျင်မြန်စွာ သွားနိုင်တယ်လို့ ဆိုပါတယ်။
ငလျင် လှိုင်းကို ၃ မျိုး ခွဲထားပါတယ်။
ပထမ လှိုင်းမျိုးဟာ လှိုင်းသွားရာလမ်းမှာ အလျားလိုက် တုန်ခါပြီး သွားပါတယ်။ အဲဒီ လှိုင်းကြောင့် မြေကြီးထဲက ကျောက်တို့ဟာ လက် နှစ်ဖက်နဲ့ ကိုင်ထားတဲ့ သားရေကြိုးကို အလယ်ကနေ ရိုက်ပေးလိုက်တဲ့ အခါ တုန်ခါသလို တုန်ခါကြပါတယ်တဲ့။
အဲဒီ လှိုင်းရဲ့ အမြန်နှုန်းက တစက္ကန့်ကို ၅ မိုင် ဖြစ်ကြောင်း သိရပါတယ်။
ဒုတိယ လှိုင်းမျိုးမှာ လှိုင်းသွားရာ လမ်းကို ကန့်လန့်ဖြတ် တုန်ခါပြီး သွားပါတယ်။ အဲဒီ လှိုင်းကြောင့် ကျောက်တို့ဟာ သားရေကြိုးကို မရိုက်ဘဲ လိမ်ပေးလိုက်တဲ့ အခါ တုန်ခါသလို တုန်ခါကြပါတယ်တဲ့။
အဲဒီ လှိုင်းရဲ့ အမြန်နှုန်းက တစက္ကန့်ကို ၃ မိုင်ခန့် ဖြစ်တယ်လို့ ဆိုပါတယ်။
တတိယ လှိုင်းမျိုးကတော့ ကမ္ဘာမြေပြင်မှာ သွားတဲ့ လှိုင်းမျိုး ဖြစ်ပါတယ်။ အဲဒီ လှိုင်းမျိုးက ရေထဲ ခဲတလုံး ချလိုက်တဲ့အခါ ဖြစ်ပေါ်တဲ့ လှိုင်းများနဲ့ တူတယ်လို့ ဆိုပါတယ်။
အဲဒီ လှိုင်းရဲ့ အမြန်နှုန်းက တစက္ကန့်ကို ၂ မိုင်ခန့် ဖြစ်ကြောင်း သိရပါတယ်။
အဓိက ငလျင်ကြောင့် ပျက်စီးမှု ဖြစ်တာတွေကလည်း အဲဒီ တတိယ လှိုင်းကြောင့်လို့ ဆိုပါတယ်။
သမုဒ္ဒရာ အောက်မှာ လှုပ်တဲ့ ငလျင်တွေလည်း ရှိပါတယ်။
အဲဒီ ငလျင်တွေကိုတော့ ဂျပန် ငလျင် ပါရဂူတွေက ဆူနာမီ (Tsunami) လို့ ခေါ်ကြပါတယ်။
အဲဒီ ရေအောက် ငလျင်တွေကြောင့် အမြင့်ပေ ၄၀ ခန့် ရှိတဲ့ ရေလှိုင်းလုံးကြီးတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီ လှိုင်းကြီးတွေဟာ ကုန်းပေါ်ကို တက်ပြီး အဆောက်အအုံတွေ နဲ့ လူ့အသက်ပေါင်း များစွာကို ဖျက်ဆီးပစ်နိုင်ပါတယ်။
ငလျင် လှုပ်ခြင်းကို လေ့လာတဲ့ ပညာကို ဆီဆမိုလိုဂျီ (Seismology) လို့ ခေါ်ပါတယ်။ အရင်က ငလျင်ကို တိုင်းတဲ့ ကိရိယာ ကိုတော့ ဆီဆမိုဂရမ် (Seismogram) လို့ ခေါ်ပါတယ်။
အခုအခါမှာတော့ ခေတ်မီ ကွန်ပျူတာ နည်းပညာများ နဲ့ ဂြိုဟ်တုကနေ တိုင်းထွာ လေ့လာမှုများလည်း ပြုလုပ်နေကြပါပြီ။
သာမန် အရပ်သားတို့က ငလျင်လှုပ်တတ်တဲ့ မြေကြောကို ငလျင်ကြောလို့ ခေါ် ကြပြီး ဘူမိဗေဒ ဝေါဟာရ အနေနဲ့ကတော့ ငလျင်ကြောကို ငလျင် ရပ်ဝန်းလို့ ခေါ်ကြောင်း သိရပါတယ်။
အဲဒီ ငလျင် ရပ်ဝန်းများမှာ ဩစတြေးလျတိုက်၊ အာရှတိုက်၊ မြောက် အမေရိက တိုက် နဲ့ တောင်အမေရိက တိုက်တို့က ဝန်းရံထားတဲ့ ပစိဖိတ် ကမ်းရိုးတန်း တလျှောက်၊ မြေထဲပင်လယ် တဝိုက် နဲ့ အာရှတိုက် တောင်ပိုင်းတို့ ဖြစ်ကြပါတယ်။
အဲဒီ ဒေသ သုံးရပ်ကိုပဲ ဘူမိဗေဒ ပညာရပ်များ သဘော အရ တူရာတို့ကို ပေါင်းစပ်လိုက်တဲ့ အခါ ကမာ္ဘပေါ်မှာ အဓိကအား ငလျင် ရပ်ဝန်းကြီး နှစ်ခု ဆိုပြီး ပိုင်းခြားနိုင်ကြောင်း သိရပါတယ်။
ပစိဖိတ် ကမ်းရိုးတန်း တလျှောက်ကို ပစိပဖိတ် အနားပတ်လည် ရပ်ဝန်းလို့ ခေါ်ပါတယ်။
မြေထဲပင်လယ်မှ စတင်ပြီး ဟိမဝန္တာ တောင်တန်း နဲ့ အနောက်ရိုးမ တို့ကို ဖြတ်ပြီး အင်ဒိုနီးရှား ကျွန်းစုများ အထိ သွယ်တန်း နေတဲ့ ဒေသကို အယ်လပိုက် ရပ်ဝန်းလို့ ခေါ်ကြောင်း သိရပါတယ်။
ကမာ္ဘပေါ်မှာ လှုပ်ခဲ့ပြီးတဲ့ ငလျင် အားလုံးပေါင်းရဲ့ ၉၀ ရာ ခိုင်နှုန်းဟာ ပစိဖိတ် အနားပတ်လည် ရပ်ဝန်းမှာ ကျရောက်ပြီး ၁၀ ရာခိုင်နှုန်း မရှိတရှိမှာ အယ်လပိုက် ရပ်ဝန်းမှာ ကျရောက်တယ်လို့ ဆိုပါတယ်။
ငလျင် အကြောင်းကို ပထမ စာရင်းကောက်တဲ့ ခေတ်ကစပြီး ၁၉၇၅ ခုနှစ်အထိ ငလျင်လှုပ်လို့ မီးလောင်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း စတဲ့ အကြောင်းများကြောင့် လူအသေအပျောက်မှာ ၇၄ သန်းခန့် ရှိကြောင်း ခန့်မှန်းထားတာကိုလည်း သိရပါတယ်။
မြန်မာနိုင်ငံကတော့ အယ်လပိုက် ငလျင် ရပ်ဝန်းထဲမှာ ကျရောက်တယ်လို့ ဆိုပါတယ်။
ကမာ္ဘပေါ်မှာ နောက်ဆုံးအကြိမ် ဖြစ်ထွန်းတဲ့ အယ်လပိုက် ဟိမဝန္တာတောင် ဖြစ်ရပ်ဝန်းဟာ သက်နှောင်းကပ် နောက်ပိုင်း အတွင်း ဖြစ်ပေါ်ကြောင်း၊ ဖြစ်ရပ်ဝန်း ဆိုတာ တောင်တန်းကြီးများ ဖြစ်ထွန်းရာ အရပ်ကို ဆိုလိုကြောင်းလည်း သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ငလျင် ရပ်ဝန်းမှာ ရန်ကုန်-မန္တလေး မီးရထားလမ်း တလျှောက် ကနေ ရှမ်းကုန်းပြင်မြင့် အနောက်ပိုင်း တလျှောက် မြောက်စူးစူးကို လားရာလမ်းကြောင်း တကြောင်း၊ ကပ္ပလီ ကျွန်းမှ အစပြုပြီး ဧရာဝတီတိုင်း ပုသိမ်၊ ပဲခူးတိုင်း ပြည် အနောက်ဘက်၊ ချင်းပြည်နယ် ဖလမ်း၊ စစ်ကိုင်းတိုင်း ဟုမ္မလင်း စတဲ့ မြောက်စူးစူး မြို့များဆီ လားရာလမ်းကြောင်း တကြောင်း ဆိုပြီး အကြမ်းဖျင်း နှစ်ကြောင်း မှတ်သားမှု ရှိတယ် လို့လည်း ဆိုပါတယ်။
ငလျင်ကြော အနေနဲ့ မြန်မာနိုင်ငံမှာ စစ်ကိုင်း ပြတ်ရွေ့ကြော ရှိကြောင်းလည်း သိရပါတယ်။
စစ်ကိုင်း ပြတ်ရွေ့ကြောဟာ မြန်မာနိုင်ငံမှာ တည်ရှိတဲ့ အဓိကပြတ်ရွေ့ကြော တခု ဖြစ်တယ်လို့ ဆိုပါတယ်။ မန္တလေး၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူ နဲ့ ပဲခူးတို့ကို ဖြတ်သန်း တည်ရှိကာ အရှည်မှာ ကီလိုမီတာ ၁၂၀၀ ခန့် ရှိကြောင်း သိရပါတယ်။
အဲဒီ စစ်ကိုင်းပြတ်ရွေ့ကြောဟာ ကပ္ပလီ ကမ်းလွန်မှ စတင်ခဲ့ကာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ အထိ ဖြစ်တယ် လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လှုပ်တဲ့ ငလျင် အကြိမ်ပေါင်းကို လေ့လာချက်များ အရ မြောက်ပိုင်းက တောင်ပိုင်းထက် ပိုပြီး လှုပ်ခတ်တာ တွေ့ရကြောင်း သိရပါတယ်။
ပညာရှင်များ အစောဆုံး မှတ်တမ်း တင်ထားတဲ့ ငလျင်မှာ ၁၇၆၂ ခု ဧပြီလ ၂ ရက်နေ့ ညနေ ၅ နာရီမှာ လှုပ်တဲ့ ရခိုင် နဲ့ ဘင်္ဂလား ပင်လယ် ငလျင် ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ငလျင်ကြောင့် မကွေး မြသလွန် ဘုရား နဲ့ ပုဂံ အာနန္ဒာဘုရား အထက်ပိုင်း ပြိုကျခဲ့ကြောင်း သိရပါတယ်။
၁၈၃၉ ခု မတ်လ ၃ရက်နေ့မှာ လှုပ်တဲ့ အင်းဝ၊ အမရပူရ၊ စစ်ကိုင်း ငလျင်ဟာ ကမာ္ဘပေါ်မှာ အကြီးဆုံး အုတ်ခုံရှိတဲ့ မင်းကွန်း စေတီတော်ကို လည်းကောင်း၊ အင်းဝ နဲ့ အမရပူရ မြို့ရိုးတို့ကို လည်းကောင်း၊ အခြား ဘုရားပုထိုး ကျောင်း တန်ဆောင်းများကို လည်းကောင်း ပြိုကျ ပျက်စီးစေခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အပြင်းထန်ဆုံးလို့ ယူဆရတဲ့ ငလျင်မှာ ၁၉၁၂ ခုနှစ် မေလ ၂၃ ရက် မနက် ၃ နာရီခန့်မှာ လှုပ်တဲ့ မေမြို့ ငလျင် ဖြစ်တယ်လို့ ဆိုပါတယ်။
ငလျင်ရဲ့ ဗဟိုချက်မှာ တောင်ကြီး မြို့ပေါ် ကျရောက်ပြီး ရစ်ခတာ စကေး ၈ အထိ ပြင်းထန်ကြောင်း သိရပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း နဲ့ မန္တလေး၊ စစ်ကိုင်း၊ မိုးကုတ် ခရိုင်များအတွင်း စတုရန်း မိုင်ပေါင်း ၃၇၅,၀၀၀ ရှိ နယ်မြေ များဟာ အဲဒီ ငလျင်ဒဏ်ကို ခံလိုက်ရပြီး မိုးကုတ် တမြို့တည်းမှာပင် စေတီ ပုထိုးပေါင်း ၆၀ ခန့် ပြိုကျ ပျက်စီးခဲ့တယ်လို့ ဆိုတယ်။
၁၉၂၇ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက် နေ့လယ်မှာ လှုပ်တဲ့ ရစ်ခတာ စကေး ၇ ရှိ ငလျင်ဟာလည်း ရန်ကုန်မြို့ဝန်းကျင် ဧရိယာ စတုရန်းမိုင် ၅၀၀၀ ကျယ်ဝန်းတဲ့ ဟံသာဝတီ၊ အင်းစိန်၊ သာယာဝတီ၊ မအူပင်၊ ညောင်တုန်း၊ ဒေးဒရဲ၊ ဖျာပုံ ဒေသတို့ အထိ ထိခိုက်မှု ရှိကြောင်း သိရပါတယ်။
၁၉၃၀ ပြည့်နှစ် မေလ ၅ ရက်နေ့မှာ လှုပ်မှာ ပဲခူး ငလျင်ကြီးကတော့ သေကြေ ပျက်စီးမှု အများဆုံး ဖြစ်ပါတယ်။ ငလျင် ပြင်းအားမှာ ရစ်ခတာစ ကေး ၇ ဒသမ ၃ ဖြစ်ပြီး ငလျင် ဗဟိုချက်မှာ စစ်တောင်း မြစ်ဝကျွန်းပေါ် နုန်းမြေထုအောက် ဖြစ်ပါတယ်။
စတုရန်း မိုင်ပေါင်း ၂၂၀၀၀၀ ကို ထိခိုက်ကြောင်း သိရပါတယ်။ ရွှေမော်ဓော ဘုရား အပေါ်ပိုင်း ပြိုကျပါတယ်။ ပဲခူး တမြို့လုံး ပျက်စီးပြီး လူပေါင်း ၅၀၀ ခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
၁၉၇၅ ခုနှစ်က ပြင်းအား ၆ ဒသမ ၅ ရစ်ခတာ စကေး နဲ့ လှုပ်ခတ်ခဲ့တဲ့ ပုဂံ ငလျင်မှာ ရှေးဟောင်း အမွေအနှစ် ဘုရား ပုထိုး စေတီ အားလုံးရဲ့ ၁၅ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ကြောင်း သိရပါတယ်။
ပျက်စီးမှု ရဲ့ ၅ ရာခိုင်နှုန်းခန့်မှာ ပုဂံခေတ် လက်ရာများ ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းမှာ အင်းဝ နဲ့ ကုန်းဘောင်ခေတ်မှာ မွန်းမံထားတဲ့ လက်ရာများ ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့တဲ့ ချောက်မြို့ အနီး ဗဟိုပြု ငလျင်မှာ ပုဂံရှိ နာမည်ကျော် စေတီ ပုထိုးပေါင်း ၆၅ ဆူခန့် ထိခိုက်ခဲ့ကာ လူသေဆုံးမှု တချို့ပင် ရှိခဲ့ကြောင်း သိရပါတယ်။
ငလျင် လှုပ်ခြင်းကြောင့် မြေကြီး ကွဲထွက်ခြင်း၊ မြေပြိုကျခြင်း၊ မြေကြီး အရည်ဖွဲ့ခြင်း၊ မြေမျက်နှာပြင် ပြောင်းလဲသွားခြင်း၊ ရေလွှမ်းမိုးခြင်း၊ မီးလောင်ခြင်း၊ နေအိမ် အဆောက်အအုံများ ပြိုကျ ပျက်စီးခြင်း၊ လူ တိရစ္ဆာန်များ သေဆုံးခြင်း စတဲ့ အကျိုးဆက်များ ဖြစ်ပေါ်နိုင်ပါတယ်။ ။
ကိုးကား –
၁။ မြန်မာ့ စွယ်စုံကျမ်း အတွဲ – ၃ (က)၊ စာပေဗိမာန်။
၂။ Wikipedia














