ဒီပဲယင်း၊ ရသေ့တောင်၊ ကျောက်တော်မြို့နယ်တွေမှာ ဗုံးကြဲလို့ ကလေးတွေ အပါအဝင် အစုလိုက်သေဆုံးခဲ့တဲ့အတွက် လူအများ နာကျည်းဝမ်းနည်းနေချိန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဗန်းမော်မှာ ရဟတ်ယာဉ်နှစ်စီး ပစ်ချ လိုက်တဲ့အခါ လူအများစုက ပျော်ရွှင်ဝမ်းသာကြောင်း လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြနေကြပါတယ်။
အာဏာသိမ်းပြီးကတည်းက စစ်ဘက်၊ အရပ်ဘက်မရှောင် ပြည်သူကို ရက်စက်စွာဗုံးကြဲသတ်နေတဲ့ လေတပ်စစ်သည်တွေ ရဲ့ ဝဋ်လည်ခြင်းလို့ ပြောကြသလို ဆရာမနှစ်ဦးနဲ့ ကျောင်းသားကျောင်းသူတွေ အစုလိုက်အပြုံလိုက်သေဆုံးရတဲ့ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းဗုံးကြဲခံရမှုရဲ့ သွေးကြွေးလို့ မှတ်ချက်ပြုသူက ပြုပါတယ်။
စစ်တပ်ဟာ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းကို မေ ၁၂ ရက် နံနက်မှာ မြေပြင်တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဆရာမနှစ်ဦးနဲ့ ကျောင်းသားကျောင်းသူ ၂၂ ဦး သေဆုံးပြီး ၁၀၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့ တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီပဲယင်းအဖြစ်အပျက်အပြင် နောက်ရက်မှာ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရသေ့တောင် ထွန်းရဝေရွာ ဟောင်းနဲ့ ကျောက်တော်မြို့ပေါ်ကို ရက်ဆက်ဗုံးကြဲခဲ့လို ပြည်သူ ၂၀ သေဆုးပြီး ၃၇ ဦး ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန် ထားပါတယ်။
အမျိုးညီညွတ်ရေးအစိုးရ (NUG) ထုတ်ပြန်ချက်အရ မတ် ၂၈ ရက်ကနေ မေ ၁၆ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၄၄၅ ကြိမ် လုပ်ခဲ့တဲ့အတွက် ပြည်သူ ၄၁၆ ဦး သေဆုံးပြီး ၇၈၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ငလျင်ဘေးသင့်ဒေသတွေပါမကျန် ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်တပ်အပေါ် လူထုရဲ့မုန်းတီးမှုကို ရဟတ်ယာဉ်ပစ်ချခံရမှု သတင်းတွေရဲ့ သဘောထားမှတ်ချက်တွေမှာ အထင်းသားတွေ့မြင်နေရပါတယ်။
လူမှုကွန်ရက်သုံးစွဲသူတဦးက ရဟတ်ယာဉ်မှူး ရုပ်အလောင်းရှာတွေ့တာနဲ့ ပတ်သက်လို့ “ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ က လေယာဉ်နဲ့ ဗုံးကြဲလို့ သေဆုံးခဲ့တဲ့ ကျောင်းသားတယောက်အတွက်ပဲ ရှိပါသေးတယ်” လို့ မှတ်ချက်ပြုထားပါတယ်။
ထိုကပ္ပတိန်မောင်းလာတဲ့ ရဟတ်ယာဉ် အပါအဝင် Mi-17 စစ်တပ်ရဟတ်ယာဉ်သုံးစီးဟာ ဗန်းမော်မြို့မကျရေးခုခံနေတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)ထံ မေ ၂၀ ရက်မှာ စစ်ကူ၊ ရိက္ခာ လာရောက်ပို့ဆောင်စဉ် KIA ပူးပေါင်း တပ်ဖွဲ့တွေ က စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စကခ-၂၁ ဗျူဟာကုန်းနဲ့ ဗန်းမော်ထောင်အနောက်ဘက် သောင်ပြင်ပေါ် ဆင်းသက်ပြီး စစ်ကူ၊ ရိက္ခာအတင်အချလုပ်နေစဉ် သေနတ်တွေနဲ့ ပစ်ခဲ့တာဖြစ်သလို အသေခံဒရုန်းနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ KIA ဘက်က ပြောပါတယ်။

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “အားလုံး ရတဲ့လက်နက်နဲ့ ဝိုင်းပြီးမှပစ်တာ။ အသေခံဒရုန်းတွေလည်း ပါနိုင်တယ်။ နောက်ပြီး မော်တာလိုလက်နက်တွေနဲ့လည်း အားလုံးဝိုင်းပြီးမှ ပစ်တဲ့သဘောပါ” လို့ ဆိုပါတယ်။
ယနေ့ လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ ရုပ်သံဗီဒီယိုတခုမှာလည်း ကင်မရာတပ်ဆင်ထားတဲ့ ဒရုန်းတစင်းဟာ ရဟတ်ယာဉ် တစီးစီကို တည့်တည့်ပျံသန်းလာပြီး ပန်ကာဒလက်အုံနေရာဝန်းကျင်ကို ဝင်တိုက်ပေါက်ကွဲခဲ့တာ တွေ့ရပါတယ်။
တိုက်ခိုက်ခံရပြီးနောက် ပျံသန်းထွက်ပြေးသွားတဲ့ ရဟတ်ယာဉ်တစီးဟာ ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ ရွှေကူမြို့နယ်၊ စည်ငန်းရွာအနီးမှာ ပျက်ကျခဲ့သလို တစီးကလည်း ရွှေကူမြို့အခြေစိုက် ခလရ-၅၆ တပ်ရင်း အားကစားကွင်းထဲကို အရေး ပေါ် ဆင်းသက်ခဲ့ရပါတယ်။ လွတ်မြောက်သွားတဲ့ ရဟတ်ယာဉ်တစင်းကတော့ မြစ်ကြီးနား၊ နမ့်ပေါင်လေတပ်စခန်းဘက် ပျံသန်းသွားနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပျက်ကျသွားတဲ့ရဟတ်ယာဉ်ကို ဒေသတွင်းနယ်မြေစိုးမိုးထားတဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေက နာရီပိုင်းအတွင်း ရှာတွေ့ခဲ့ပြီး ရွှေကူမှာ အရေးပေါ်ဆင်းသက်သွားတဲ့ ရဟတ်ယာဉ်ကိုလည်း အလွတ်မပေးဘဲ နောက်တရက် မေ ၂၁ ရက်နေ့ မွန်းလွဲပိုင်းမှာ ထပ်မံပြီး သွားရောက်ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စည်ငန်းရွာနားမှာ ပျက်ကျပြီး မီးလောင်ပျက်စီးနေတဲ့ ရဟတ်ယာဉ်ကို ရှာဖွေရှင်းလင်းရေးတွေ လုပ်ချိန်မှာတော့ ကပ္ပတိန် ဗိုလ်ကြီးမျိုးထက်အောင်ရဲ့ ရုပ်အလောင်းနဲ့ မီးလောင်ပျက်စီးနေတဲ့ ရုပ်အလောင်း ၁၈ ခုကို တွေ့ရှိခဲ့တဲ့အပြင် မီးလောင်ပျက် စီးနေတဲ့ လက်နက်မျိုးစုံ ၁၄ လက်ကိုလည်း တွေ့ရှိခဲ့တယ်လို့ မြေပြင်မှာရှိနေတဲ့ KIA ရဲဘော်တဦးက ဧရာဝတီကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ တိုက်ပွဲဖြစ်စဉ်တွေ သတင်းထုတ်ပြန်လေ့သိပ်မရှိတဲ့ KIA ရဲ့ ဒရုန်းတိုက်စွမ်းရည်ကို မြင်တွေ့ခဲ့ရသလို တိုက်ခိုက်စဉ်မြင်ကွင်းနဲ့ ပျက်ကျလေယာဉ်ရဲ့ မီးလောင်နေပုံတွေကိုလည်း နာရီပိုင်းအတွင်းမှာပဲ ရုပ်သံဗီဒီယိုအထောက် အထားတွေနဲ့ ပြသနိုင်ခဲ့ပါတယ်။
ဒေါ်လာသန်းဆယ်ချီတန် Mi-17 ရဟတ်ယာဉ်နဲ့ ဒရုန်းနဲ့လဲပြီး တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီကတော့ ဗန်းမော်မှာ သယ်ယူပို့ဆောင်ရေးလုပ်ဆောင်နေတဲ့ ရဟတ်ယာဉ်တစီးဟာ ရုတ်တရက်စက်ချို့ယွင်းပြီး မတော်တဆပျက်ကျခဲ့တာလို့ မေ ၂၀ ရက်နေ့မှာပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်မှုကို လိမ်ညာဝါဒဖြန့်မှုအဖြစ် လူထုကနားလည်းထားပြီး “ပစ်ချလို့ပဲကျကျ၊ စက်ချို့ယွင်းလို့ ပဲကျကျ၊ ပျက်ကျဖို့အဓိကပဲ” လို့ လူမှုကွန်ရက်သုံးစွဲသူတဦးက တုံ့ပြန်မှတ်ချက်ပြုခဲ့ပါတယ်။
You may also like these stories:
KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး
ဗန်းမော် စကခ ၂၁ ကို KIA ဝင်စီး
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)














