ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များက အမှတ်-၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) ထဲအထိ အနီးကပ်စီးနင်းတိုက်ခိုက်နေပြီဖြစ်ကြောင်း KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
၎င်းက “စကခ-၂၁ ဘက်မှာ တော်တော်များများတော့ ဝင်ပြီးမှ အနီးကပ်တိုက်နေတဲ့ အနေအထားရှိပါတယ်။ သိမ်းနိုင်တဲ့ အနေအထားတော့ မရှိသေးပါဘူး။ ကြိုးစားနေတုန်းပဲရှိပါတယ်။ နောက် ဗန်းမော်မြို့တွင်းက ရပ်ကွက်တော်တော်များများ မှာလည်း ကျနော်တို့တပ်ဖွဲ့ဝင်တွေ ဝင်ပြီးနေရာယူထားတာတော့ ရှိပါတယ်” ဟု ဆိုသည်။
ဗန်းမော်မြို့အား KIA ပူးပေါင်းတပ်များက ယမန်နှစ် ဒီဇင်ဘာလဆန်းပိုင်းမှစကာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်ပြီး တင့်ကား၊ သံချပ်ကာတပ်ရင်းများ အပါအဝင် တပ်စခန်းနှင့်ကင်းစခန်းအချို့အား သိမ်းပိုက်ထားနိုင်သော်လည်း မြို့အား အပြီးသိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။
မြို့သိမ်းတိုက်ပွဲ ငါးလနီးပါးကြာမြင့်လာချိန်တွင် လက်ကျန်တပ်ရင်းများဖြစ်သော စကခ-၂၁ နှင့် ခလရ-၄၇ အပါအဝင် တပ်စခန်းများအား ဧပြီ ၂၅ ရက်မှစတင်ကာ KIA ပူးပေါင်းတပ်များက တကျော့ပြန်ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေခြင်းဖြစ် ပြီး လတ်တလောတွင် စကခ-၂၁ ကာကင်းစခန်းအချို့အား သိမ်းပိုက်၍ တပ်ရင်းဌာနချုပ်အတွင်းထဲထိ ဝင်ရောက်တိုက်ခိုက် နေဆဲ ဖြစ်သည်။
ဒေသတွင်းသတင်းရင်းမြစ်အချို့နှင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်အချို့တွင် KIA ပူးပေါင်းတပ်များအနေဖြင့် စကခ-၂၁ ဗဟိုကင်းအထိ ထိုးဖောက်လာပြီဖြစ်သည့်အတွက် စစ်တပ်စစ်ကြောင်းများ အကျဉ်းထောင်ဘက်ခြမ်းသို့ ဆုတ်ခွာပေးထားရကြောင်း ဖော်ပြထားသည်။
စစ်ရေးလေ့လာသူတဦးက “ဗဟိုကင်းဘက်ခြမ်းကတော့ KIA ပူးပေါင်းတပ်တွေ စီးပြီးသွားပြီဆိုရင် စစ်တပ်က ထောင်ဘက် ခြမ်းရောက်သွားတာပေါ့။ ထောင်နဲ့ တာပိန်မြစ်ကြားထဲကနေ ခုခံနေရတဲ့အခြေအနေဆိုတော့ စစ်တပ်က သိပ်တော့အခြေ အနေမကောင်းဘူး” ဟု ပြောသည်။
ယင်းအချက်အလက်များနှင့် ပတ်သက်ပြီး KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက မြေပြင်အသေးစိတ် အခြေအနေများအား အတည်မပြုနိုင်သေးကြောင်းသာ ပြောဆိုသည်။
ဗန်းမော်တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ လေယာဉ်များ၊ ဒရုန်းများ အသုံးပြုကာ အပြင်းအထန်ခုခံတိုက်နေပြီး KIA ပူးပေါင်း တပ်များအား ဗုံးကြဲတိုက်ခိုက်သည့် ရုပ်သံဗီဒီယိုများ တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေလျက်ရှိသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေချိန်နှင့်တပြိုင်နက် စစ်တပ်က ဖားကန့်မြို့နယ်အတွင်းသို့လည်း တန်ပြန်စစ်ကြောင်းထိုး မှုများရှိနေရာ ကာမိုင်းမြို့ပတ်ဝန်းကျင်နှင့် အင်းတော်ကြီးမြို့ ပတ်ဝန်းကျင်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။
စစ်တပ်သည် ဖားကန့်မြို့နယ်ထဲသို့ မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းကြောင်းနှင့် မိုးညှင်း-အင်းတော်ကြီး-ဖားကန့် လမ်းကြောင်းတို့မှ စစ်ကြောင်းများခွဲကာ အင်အား ၁ ထောင်ခန့်ဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု များပါ ပြုလုပ်နေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ယမန်နေ့ကလည်း ကာမိုင်းမြို့အနီး လီဒိုလမ်းပေါ်ရှိ လဝါရွာနှင့် ကာမိုင်း-ဖားကန့်လမ်းပေါ်မှ နန့်ယာရွာတို့အား စစ်ကြောင်း ထိုးလာသည့်အတွက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်အထိုင်ချနေရာယူထားသော လဝါရွာအနီး ဆုတောင်းကုန်းကို သိမ်းပိုက် ရရှိခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးကြီးနော်ဘူက “စစ်ကောင်စီ စစ်ကြောင်းတွေက ကာမိုင်း-နန့်ယာလမ်းဘက်ကလည်း စစ်ကြောင်းသုံးလေးကြောင်းနဲ့ ထိုးတာတွေ့ရပါတယ်။ နောက် အင်းတော်ကြီး နန့်မွန်ဘက်ကနေလည်း စစ်ကြောင်းသုံးလေးကြောင်းထိုးတာ တွေ့ရပါတယ်။ ဒါကြောင့် ဖားကန့်မြို့နယ်အတွင်းမှာ စစ်ရေးအခြေအနေ တင်းမာတဲ့အနေအထား ဖြစ်ပါတယ်” ဟု ပြောသည်။
ကချင်ပြည်နယ်အတွင်း အခြားသော ထိတွေ့တိုက်ပွဲများအနေဖြင့် ဧပြီလအတွင်း မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပိုင်းနှင့် ဝိုင်းမော်မြို့နယ် လမြန်းကျေးရွာပတ်ဝန်းကျင်တို့တွင် တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သော်လည်း လတ်တလော ထိတွေ့တိုက်ပွဲ မရှိသေးကြောင်း သိရသည်။
You may also like these stories:
ဗန်းမော်စစ်မျက်နှာ၌ တိုက်ပွဲများပြန် ပြင်းထန်လာ
ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ
ဗန်းမော်၌ စစ်ရေးအထိနာ၍ ကျေးရွာများကို ပို ဗုံးကြဲ